သိန်းဦး
သိန်းဦး | |
|---|---|
| ဝန်ကြီး တရားရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၈ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ |
| ခေါင်းဆောင် | အမျိုးသားညီညွတ်ရေးအစိုးရ |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၅ ဇွန် ၂၀၂၁ – ၈ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ |
| ခေါင်းဆောင် | အမျိုးသားညီညွတ်ရေးအစိုးရ |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| ဝန်ကြီး တရားရေးရာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ | |
| တာဝန်သက်တမ်း ၁၈ ဒီဇင်ဘာ ၁၉၉၀ – ၁၄ စက်တင်ဘာ ၂၀၁၂ | |
| ခန့်အပ်သူ | လွတ်မြောက်နယ်မြေရောက် ၉၀ရွေးကောက်ခံအမတ်များအစုအဖွဲ့ |
| ခေါင်းဆောင် | ဒေါက်တာစိန်ဝင်းဝန်ကြီးချုပ် |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | အဖွဲ့ဖျက်သိမ်း |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | မန္တလေးမြို့ |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| အလုပ်အကိုင် | တရားလွှတ်တော်ရှေ့နေ |
ဦးသိန်းဦးသည် တရားလွှတ်တော်ရှေ့နေ နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊တရားရေးဝန်ကြီး ဖြစ်သည်။သူသည် ၁၉၉၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ NLDအမတ်တစ်ဦးဖြစ်ခဲ့သည့်အပြင်၊ ပြည်နှင်ဒဏ်ခံခဲ့ရသည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့သည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဦးသိန်းဦးသည် မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး၊၁၉၇၃ ခုနှစ် တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သို့ တက်ရောက်ခဲ့ပြီး၊၁၉၇၈ခုနှစ်တွင် ထိုတက္ကသိုလ်မှ ဥပဒေဘွဲ့ B.A(Law)နှင့် ၁၉၇၈ ခုနှစ်တွင် LL.B ဘွဲ့ကိုရရှိခဲ့သည်။၂၀၀၅ ခုနှစ်တွင် လူ့အခွင့်အရေးဥပဒေဖြင့် ဥပဒေမာစတာဘွဲ့အား ထိုင်းနိုင်ငံ၊မာဟီဒိုတက္ကသိုလ် မှ ရရှိခဲ့သည်။
နိုင်ငံရေးဘဝဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]သူသည် မန္တလေးတွင် ရှေ့နေအဖြစ် လုပ်ကိုင်နေရာမှ ၁၉၈၈ လူထုအုံကြွမှုအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသို့ အစောဆုံးဝင်ရောက်ခဲ့သူတစ်ဦး ဖြစ်သည်။
ဦးသိန်းဦးသည် ၁၉၉၀ ပြည့်နှစ်၌ ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်တစ်ဦးအဖြစ် မန္တလေးအနောက်တောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီးသည့်အချိန်မှစ၍ ပြည်ပသို့တိမ်းရှောင်ရင်းဖြင့် နိုင်ငံရေးဘဝကို ခက်ခဲကြမ်းတမ်းစွာဖြင့် ဖြတ်သန်းခဲ့ရသည်။
၉၀ ရွေးကောက်ပွဲရလဒ် ထွက်ပြီးသော်လည်း စစ်တပ်သည် နိုင်ငံ၌ အခြေခံဥပဒေမရှိသဖြင့် ရေးဆွဲကြရမည်အဆိုသောအကြောင်းပြချက်ဖြင့် လွှတ်တော်မခေါ်ပေးသည့်အပြင်၊အာဏာလွှဲပြောင်းပေးရေးကိုပါ ငြင်းဆန်ခဲ့သည်။
ဤသို့ဖြင့် နိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်ဖြစ်လာခဲ့ကာ ၊လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့ရေး တောင်းဆိုသည့် NLD အမတ်များနှင့်နိုင်ငံရေးသမားများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။တချို့သည် လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ထိုထဲ ဦးသိန်းဦးလည်း ပါဝင်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလာ ၁၈ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို မာနယ်ပလောတွင် စတင်ဖွဲ့စည်းခဲ့သည်။ထိုအဖွဲ့တွင် ဝန်ကြီးချုပ် အဖြစ် ဒေါက်တာစိန်ဝင်းက ဦးဆောင်ခဲ့ပြီး၊ဦးသိန်းဦးသည် တရားရေးရာဝန်ကြီး တာဝန်အပ်နှင်းခံခဲ့ရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သည် ၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရပြီး၊ လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ကြသည့်အစိုးရအဖွဲ့ဖြစ်ကာ၊ အစိုးရအဖွဲ့၏ ရုံးခန်းကို အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီတွင် ဖွင့်လှစ်ထားပြီး အမေရိကန်အစိုးရက အသိအမှတ်ပြုခဲ့သည်။ဦးသိန်းဦးသည် ထိုင်း-မြန်မာနယ်စပ် နှင့် ထိုင်းနိုင်ငံဘက်တွင်သာ နေထိုင်ကာ တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၂ ခုနှစ်၊စက်တင်ဘာ ၁၄ ရက် တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ရန် တရားဝင် ဖျက်သိမ်းသွားခဲ့သည်။
ထိုကာလမတိုင်ခင် ဦးသိန်းဦးသည် ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ၁၉၉၃ ခုနှစ်-၁၉၉၆ ခုနှစ်အထိ ရေးဆွဲခဲ့ရာတွင် အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦးအဖြစ် လည်းကောင်း၊ ၂၀၀၆ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ဒုတိယအကြိမ် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ(FCDCC)၏ အတွင်းရေးမှူး အဖွဲ့ဝင်တဦးအဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။
၂၀၁၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၀ပြည့်နှစ်၊နိုဝင်ဘာ ၆ ရက် တွင် ပြည်ပရှိ တိုင်းရင်းသားများနှင့် ၁၉၉၀ ပြည့် ရွေးကောက်ခံ ကိုယ်စားလှယ်များ စုပေါင်းပြီး ဖက်ဒရယ် ပါလီမန် တစ်ခု ဖွဲ့စည်းခဲ့ကြသည်။ ပါလီမန်၏ ဥက္ကဋ္ဌ အဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ မှ ခူရယ်မွန်ထူး၊ဒုတိယဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်ခဲ့သည့် ဦးသိန်းဦး တို့ကို ရွေးချယ် တင်မြှောက်ခဲ့ကြသည်။[၁]
ဆောင်ရွက်ချက်များ
[ပြင်ဆင်ရန်]ဦးသိန်းဦးသည် ထိုင်းနိုင်ငံတွင် မြန်မာပြည်ရှေ့နေကြီးများအသင်းက ထုတ်ဝေခဲ့သည့် နှစ်စဉ်ဗမာ့ ဥပဒေ “လောကပါလ” ဂျာနယ် နှင့် ဥပဒေနှင့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အရင်း အမြစ်များအား တည်ထောင်သူ နှင့် အဖွဲ့ဝင်လည်း ဖြစ်သည်။သူသည် ပြည်ပအခြေစိုက် BLC (Burma Lawyer’s Council) ခေါ် မြန်မာနိုင်ငံရှေ့ နေများကောင်စီ ဥက္ကဋ္ဌ အဖြစ် ၁၉၉၄ ခုနှစ် မှ ၂၀၁၄ခုနှစ် အထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။[၂] [၃]
ပြည်တော်ပြန်ခြင်း
[ပြင်ဆင်ရန်]သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့သည် ၂၀၁၂ ခုနှစ်ကစပြီး နိုင်ငံရေးခံယူချက်များဖြင့်ပြည်ပရောက် မြန်မာများအား ပြန်လည်လက်ခံခဲ့သည်။ [၄] ဤတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ဟောင်း ဦးသိန်းဦးသည်လည်း ပြစ်မှုပြစ်ဒဏ်များလွတ်ငြိမ်းမှုများနှင့်အတူ မြန်မာနိုင်ငံထဲ အတားအဆီးမရှိ လွတ်လပ်စွာ ပြန်လာခွင့်ရရှိခဲ့သည်။
တကျော့ပြန် တရားရေးဝန်ကြီး
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ရက် တွင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည်။လူထုဆန့်ကျင်ဆန္ဒပြမှုများ၊ လက်နက်ကိုင်တော်လှန်မှုများနှင့်အတူ နိုင်ငံရေးနည်းလမ်းများဖြင့် ဆောင်ရွက်မှုများ အသီးသီးဖြစ်ပေါ်လာခဲ့ကြသည်။ဤတွင် နိုင်ငံရေးသမားများ၊ရွေးကောက်ခံကိုယ်စားလှယ်များစုပေါင်းထားသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ ဖွဲ့စည်းလာခဲ့ကြပြီး၊၂၀၂၁ ခုနှစ်၊ဧပြီ ၁၆ ရက် တွင် အမျိုးသားညီညွတ်ရေးအစိုးရလည်း ပေါ်ပေါက်လာခဲ့သည်။စတင်ဖွဲ့စည်းစဉ် တရားရေးရာ မပါခဲ့ပေ။
၂၀၂၁ ခုနှစ်၊ဇွန်လ ၅ ရက် တွင် တရားရေးရာဝန်ကြီးဌာနကို အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းပြီး ဦးသိန်းဦးကို ဝန်ကြီး အဖြစ် တာဝန်ပေးခဲ့သည်။[၅]
အရေးယူခံရမှု
[ပြင်ဆင်ရန်]စင်ပြိုင်အစိုးရဖွဲ့စည်းသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီ သည် ၎င်း၏ မန္တလေးမြို့ရှိ နေအိမ်ကို ချိပ်ပတ်အရေးယူမှုပြုလုပ်ခဲ့ပြီး၊အလိုရှိသူအဖြစ် အမှုဖွင့်ကြေညာခဲ့သည်။[၆] [၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ပတွင် ပါလီမန်တခု ဖွဲ့စည်း။ BBC (၆ နိုဝင်ဘာ ၂၀၁၀)။ ၉ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာပြည် လူကုန်ကူးမှု အကြောင်းရင်းဇစ်မြစ်။ VOA (၂၉ ဇွန် ၂၀၁၁)။ ၉ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကော်မရှင် အဖွဲ့ကို စစ် အစိုးရ ရွေးမယ်။ BBC (၉ မတ် ၂၀၁၀)။ ၉ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အစိုးရ၏ အလွတ်သဘော တွေ့ဆုံခြင်း အပေါ် BLC မှ လက်မခံ။ BNI (၁၁ ဩဂုတ် ၂၀၂၅)။ ၉ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ NUG က ဝန်ကြီးဌာန ၅ ခု လျော့ချပြီး ယခင်လူဟောင်းများဖြင့် အပြောင်းအလဲလုပ်။ Mizzima Burmese (၈ ဒီဇင်ဘာ ၂၀၂၅)။ ၉ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးက NUG တရားရေးဝန်ကြီးနေအိမ် ချိတ်ပိတ်ခံရ။ RFA (၁၆ ဒီဇင်ဘာ ၂၀၂၁)။ ၉ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ NUG တရားရေးဝန်ကြီး၏ မန္တလေးမြို့နေအိမ် ချိပ်ပိတ်ခံရ။ Myanmar Now (၁၆ ဒီဇင်ဘာ ၂၀၂၁)။ ၉ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။