သိန်းရီ
| ဝဏ္ဏကျော်ထင် ဒေါ်သိန်းရီ | |
|---|---|
| မွေးဖွား | ၅ အောက်တိုဘာ၊ ၁၉၅၁ မောင်းခမ်းရွာ၊ ဟုမ္မလင်းမြို့နယ် |
| ကွယ်လွန် | ဩဂုတ် ၂၆၊ ၂၀၂၅ (အသက် ၇၃) သောင်သွတ်ရွာ၊ ဟုမ္မလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ |
| ရရှိသည့်ဆုများ | မြန်မာနိုင်ငံ ၏ ၃ ဦးမြောက် ဖလော်ရင့်(စ)နိုက်တင်ဂေးလ်ဆုရှင် ဝဏ္ဏကျော်ထင်ဘွဲ့ (၂၀၂၃) |
ဒေါ်သိန်းရီ (၅ အောက်တိုဘာ ၁၉၅၁ - ၂၆ ဩဂုတ် ၂၀၂၅) သည် သားဖွားဆရာမတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၃ ဦးမြောက် ဖလော်ရင့်(စ)နိုက်တင်ဂေးလ်ဆုရှင် လည်း ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၅၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက် တွင် ဦးထွန်းစိန်နှင့် ဒေါ်နန်းလိပ်တို့က ၎င်းအား ဖွားမြင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် သားဖွားဆရာမ သင်တန်း အောင်မြင်ခဲ့ပြီးနောက် ၁၉၇၅ ခုနှစ်မှ စ၍ သားဖွားဆရာမ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ နန်းယွန်းမြို့နယ် လုံခိုင်ကျေးလက် ကျန်းမာရေး ဌာန၊ တမူးမြို့နယ် သနန်ကျေးလက် ကျန်းမာရေး ဌာန၊ ဖိုင်လင်း ကျေးလက် ကျန်းမာရေး ဌာနခွဲ၊ ဟုမ္မလင်းမြို့နယ် သောင်သွပ် တိုက်နယ်တို့၌ သားဖွား ဆရာမ အဖြစ် အမှုထမ်း ခဲ့သည်။[၁]
ဆုရရှိပုံ
[ပြင်ဆင်ရန်]သားဖွားဆရာမ ဒေါ်သိန်းရီသည် ၁၉၉၅ ခုနှစ် ဧပြီ ၂ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ကျေးရွာ ၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း မီးလျှံများ အကြား ပိတ်မိနေသော ကလေးငယ်ကို ဘေးအန္တရာယ်ကြားထဲမှ စွန့်စွန့်စားစား ဝင်ရောက် ကယ်တင်ခဲ့သူဖြစ်သည်။
သူသည် ခြေထောက်၊ ဦးခေါင်း၊ မျက်နှာနှင့် ကျောတို့တွင် မီးပြင်းထန်စွာ ခံခဲ့ရပြီး ကလေးငယ်မှာလည်း နှစ်နာရီ အကြာတွင် သေဆုံး သွားခဲ့၏။ ဆရာမ ဒေါ်သိန်းရီအား ဖောင်းပြင် ဆေးရုံ၌ ကိုးရက်ကြာ ကုသခဲ့ရပြီး မုံရွာသို့ ဆက်လက် ပေးပို့ပြီး အကြိမ်ကြိမ် ဆေးဝါးကုသမှု ခံယူခဲ့ရသည်။
ထို့ကြောင့် ၂၀၀၀ ပြည့်နှစ် အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ ပေးအပ် ချီးမြှင့်သော ဖလောရင့် နိုက်တင်ဂေးဆုကို ရရှိခဲ့သည်။ အသက်ကို ပဓာန မထားဘဲ သက်စွန့်ဆံဖျား ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် ထိုက်ထိုက်တန်တန် ချီးမြှင့် ခံခဲ့ရခြင်း ဖြစ်သည်။[၂]
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက် မနက်ပိုင်းတွင် ဒေါ်သိန်းရီ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ကျေးရွာ ရှိ ၎င်း၏ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ [၃]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သားနှစ်ဦး၊ သမီးလေးဦး ထွန်းကားခဲ့သည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှံခဲ့သည်။[၄]
ဆက်စပ် ဖတ်ရှုရန်
[ပြင်ဆင်ရန်]ရည်ညွန်းကိုးကား
[ပြင်ဆင်ရန်]- ↑ ဖလော်ရင့်နိုက်တင်ဂေးဆုရင် ရှမ်းနီတိုင်းရင်းသူ ဆရာမကြီး ဒေါ်သိန်းရီနှင့်တွေ့ဆုံခြင်း။ တိုင်းလိုင် ရှမ်းနီအသံ (၂၇ ဩဂုတ် ၂၀၂၅)။ ၂၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွင် အရေးပါသည့် အင်အားစု။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၁၂ မေ ၂၀၂၂)။ ၂၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင် သားဖွားဆရာမကြီးဒေါ်သိန်းရီ ကွယ်လွန်။ BBC (၂၇ ဩဂုတ် ၂၀၂၅)။ ၂၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂ /၂၀၂၃။ MWD Webportal (၄ ဇန်နဝါရီ ၂၀၂၃)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။