သေဋ္ဌိလ၊ အရှင်

ဝီကီပီးဒီးယား မှ
(သိတလ မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အရှင် သေဋ္ဌိလ
U Thittila.jpg
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား(1896-07-10)ဇူလိုင် ၁၀၊ ၁၈၉၆
ပုတီးကုန်းကျေးရွာ၊ ပျော်ဘွယ်မြို့နယ်မြန်မာနိုင်ငံ
ကွယ်လွန်၁၉၉၇ (အသက် ၁၀၀–၁၀၁)
Senior posting
ဘွဲ့နာမည်

အရှင် သေဋ္ဌိလ(အင်္ဂလိပ်: The Ven. U Thittila; (အသံထွက်:သစ်ထိလ) ) သည် မြန်မာနိုင်ငံသား ကမ္ဘာ့ဗုဒ္ဓသာသနာပြု အကျော်အမော်ဆရာတော်တစ်ပါးဖြစ်ကာ ဗုဒ္ဓသာသနာတိုးတက်ပြန့်ပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သောဆရာတော်ကြီးလည်းဖြစ်သည်။ ကမ္ဘာအနှံ့အပြားသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ အပင်ပန်းခံကာ သာသနာပြုခဲ့သည်။ စာကြည့်တိုက်မှူးတာဝန်များ၊ ရန်ကုန်တက္ကသိုလ် အဘိဓမ္မာကထိကတာဝန်၊ အဘိဓမ္မာသင်တန်းများ၊ ကမ္မဋ္ဌာန်းသင်တန်းများ၊ ကျမ်းစာများပြုစုခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့သလို မြန်မာ-အင်္ဂလိပ်အဘိဓာန်ပြုစုရေး၌လည်းပါဝင်ခဲ့လေသည်။

ပြည်ပနိုင်ငံသို့ သာသနာပြုရာတွင် ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင်လုပ်ဆောင်သော မြန်မာနိုင်ငံမှ ပထမဆုံးပုဂ္ဂိုလ်ဟုလည်းဆိုနိုင်သည်။ အရှင် သေဋ္ဌိလ၏ ဦးဆောင်ခေါ်ယူလမ်းညွှန်မှုဖြင့် ဗုဒ္ဓသာသနာ့အကျော်အမော်များဖြစ်သည့် ဗုဒ္ဓကျမ်းစာ(ပြည်တွင်း၊ ပြည်ပ)များကို အလွန်နှံ့စပ်တော်သူ မြောင်းမြဆရာတော် အရှင် ဉာနိက၊ နိုင်ငံတွင်းသာမက နိုင်ငံတကာတွင်ပါ ထင်ရှားသော သီတဂူဆရာတော်တို့ ပေါ်ထွက်လာခဲ့ကြသည်။

ဘွဲ့တော် အနက်[ပြင်ဆင်ရန်]

သေဋ္ဌာပသတ္တတရာ ဂုဏာအဿ အတ္ထိ ချီးကျူး၍ မကုန်နိုင်သည့်ဂုဏ်ထူးများကိုဆောင်မည့်သူဟူသော (ဗျုပ္ပတ်) အနက်သဘောကို ညွှန်း၍ သေဋ္ဌိလ ဟူသော ဘွဲ့တော်ရရှိသည်။[၁]

ထေရုပ္ပတ္ထိအကျဉ်း[ပြင်ဆင်ရန်]

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

အရှင် သေဋ္ဌိလလောင်းလျာကို မြန်မာနိုင်ငံ အလယ်ပိုင်း ပျော်ဘွယ်မြို့နယ်၊ ပုတီးကုန်းကျေးရွာ၌ မြန်မာသက္ကရာဇ် ၁၂၅၈ ခုနှစ် ၊ ဒုတိယ ဝါဆိုလဆန်း (၁)ရက် (ခရစ် ၁၈၉၆ ခု ၊ ဇူလိုင် ၁၀ ရက်) သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်းသုံးဦးအနက် အငယ်ဆုံးဖြစ်၍ ငယ်မည်မှာ မောင်ခင်ဖြစ်သည်။[၂] မိဘနှစ်ပါးမှာ ရိုးရာတောင်သူများဖြစ်ကြသော ဦးအေးနှင့် ဒေါ်ထွေးတို့ဖြစ်၏ ။ ဗုဒ္ဓဘာသာဝင်များဖြစ်သည်နှင့်အညီ ဘုရားသွားကျောင်းတက် ဥပုတ်သီတင်းတည်သော သူများလည်းဖြစ်ကြသည်။[၃] သုံးနှစ်သားလောက်တွင်ပင် ဖခင်အနိစ္စရောက်သည်။ ကိုးနှစ်အရွယ်၌ အကိုဖြစ်သူကွယ်လွန်ခဲ့၍ ဆယ့်လေးနှစ်သားတွင် အမသေဆုံး၏ ။ မိခင်မှာ သမားတော်တစ်ယောက်နှင့် အိမ်ထောင်ထပ်ပြုသော်လည်း ထိုသူသည် မကြာမီဆုံးပါးသွားခဲ့၏ ။ ခုနစ်နှစ်ရှစ်နှစ်သားအရွယ်လောက်ရောက်သောအခါ ရွာဦးကျောင်းဖြစ်သည့် ပုတီးကုန်းကျောင်းတိုက်သို့ နေ့စဉ်နီးပါးသွားလာခဲ့ကာ ကျောင်းထိုင်ဆရာတော်ဦးကဝိန္ဒက မောင်ခင်နှင့် သူငယ်ချင်းတစ်ဦးအား ကျမ်းစာတစ်ချို့သင်ကြားပေးခဲ့သည်။[၄] ၁၂၇၁ ခုနှစ်တွင် ပုတီးကုန်း ဆရာတော် အရှင် ကဝိန္ဒကို ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေဖြစ်သည်။[၅] ထိုပဗ္ဗဇ္ဇရှင်သာမဏေဖြစ်သောအခါတွင် ရှင်သေဋ္ဌိလသည် အသက် (၁၃)နှစ်သို့ရောက်ရှိပြီဖြစ်သည်။

သာမဏေဘဝ၌ ဦးကဝိန္ဒ ထံတွင် သင်္ဂြိုဟ်ပါဌ်အနက်နှင့် အခြေခံသဒ္ဒါများသင်ကြားပြီးနောက် မဟာသတိပဌာနသုတ္တန်ကို သင်အံ့ခဲ့သည်။ အသက် (၁၄)နှစ်ခန့်တွင် ပုတီးကုန်းရွာ၏ အရှေ့တောင်ဘက် ရှမ်းရိုးမတောင်တန်းအနီး တောနက်တစ်ခုသို့ အရှင်ကဝိန္ဒက ရှင်သေဋ္ဌိလအပါအဝင် သာမဏေငါးပါးအားခေါ်ဆောင်၍ တောထွက်ခဲ့သည်။ [၆] ထိုတောသည် ခွေးအများ၊မြွေများပေါသည်။ ထိုတောထဲ၌ ကမ္မဋ္ဌာန်းကျောင်းလေး (၅)ကျောင်းရှိ၏ ။ ငယ်ရွယ်သူ သာမဏေ​လေးများမှာ ကြောက်ကြောက်လန့်လန့်ဖြင့်အိပ်စက်ကြရသည်။ ဆရာတော် သင်ကြားသည့်အတိုင်း ကမ္မဋ္ဌာန်းထိုင်ကြရသည်။ ကာလတစ်ခု၌ ရေကြီးသဖြင့် သစ်ပင်များပေါ်သို ခေတ္တခဏမျှလည်းတက်နေခဲ့ကြရရှာသည်။ ဆရာတော်ကဝိန္ဒ သည် သာမဏေများကြောက်ရွံ့စိတ်များ ပြေလျော့စေရန် ရံခါ၌ ထေရဂါထာလာ စာသားတစ်ချို့ကို ပြန်လည်မိန့်ကြားပြောပြခဲ့၏ ။

"မောင်ရှင်တို့၊ ရှေးအခါကသစ်ပင်တောတောင်၊ လျှိုမြောင်ချပ်ကြားမှာနေကြတဲ့ ဘုရားသားတော်တွေဟာ ခြင်္သေ့ဟောက်သံ၊ ကျားဟိန်းသံ၊ ငှက်တွန်သံ၊ မိုးချုန်းသံစတဲ့အသံတွေနဲ့ ယဉ်ပါးနေတဲ့အတွက် အဲဒီအသံတွေကင်းဆိတ်တဲ့ရွာမှာ အနည်းငယ်ကလေးမှမပျော်ပိုက်ကြဘူးတဲ့၊ ဗီဇာပွင့်(နှင်းကြပ်)ပွင့်တွေ ဖုံးထားသလို တိပ်တိုက်တွေဖုံးထားတဲ့ကောင်းကင်ပြင်ရယ်၊ အဲဒါတွေဟာငါ့ကိုချမ်းမြေ့ရွှင်လန်းစေတယ်လို့ ရှင်မဟာကဿပဥဒါန်းကျူးတော်မူသတဲ့” ။[၇]

ထိုမြွေများကင်းများပေါသည့် တောထဲ၌ပင် ရှစ်လကြာညောင်းခဲ့သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်၌ကား ဆရာတော်ဦးကဝိန္ဒက သူ့အားအဘိဓမ္မာတရားတော်များ နာယူသင်ကြားနိုင်စေရန် မန္တလေးသို့ ခေါ်သွားရာ ကိုရင်ဘဝမှရဟန်းခံရန်အထိပါ ဆုံးဖြတ်ခဲ့သည်။[၈]

စာပေသင်ကြားခြင်း[ပြင်ဆင်ရန်]

အရှင်ကဝိန္ဒသည် ထိုသာမဏေများကို ယခုထက်ပို၍ စာပေသင်အံ့စေချင်သည်။ ရှင်သေဋ္ဌိလသည် တောင်ငူမြို့ ဇေတဝန်ကျောင်းတိုက် အရှင် သုန္ဒရထံသို့ရောက်ရှိကာ သဒ္ဒါ၊ သင်္ဂဟ၊ ဘေဒစိန္ဒာ၊ ဆန်းကျမ်းများ၊ ပုဒ်စစ်နှင့် မာတိကာ၊ ဓာတုကထာကျမ်းများကို လေ့လာသင်ယူခဲ့သည်။ အသက် (၁၇)နှစ်အရွယ်တွင် အရှင် သုန္ဒရ၏ လမ်းညွှန်မှုဖြင့် မန္တလေး မစိုးရိမ်ကျောင်းတိုက်သို့ရောက်ရှိလာခဲ့သည်။ ထိုစဉ်က "ရဟန်းမှန်လျှင် မန်းပြန်မှ"ဟူသော စကားစုတစ်ခုရှိလေသည်။ အဓိပ္ပာယ်မှာ မန္တလေးမြို့၌ စာပေမသင်ဖူးလျှင် စာမတတ်သေးပါဟု အထင်အမြင်မျိုးလည်းခဲ့ဖူး၏ ။[၉] ထိုစဉ်အချိန် ဆရာတော် အာဒိစ္စဝံသမှာ မစိုးရိမ်ကျောင်း၌ စာပေပို့ချနေပြီး ပို့ချရာ၌ လိုရင်းဖြင့် ပြတ်သားပေသည်။ ထို့အတွက်ကြောင့် အရှင်အာဒိစ္စဝံသထံ တပည့်ခံကာ စာပေများကို ကြိုးပမ်းအားထုတ်ခဲ့သည်။ အရှင်အာဒိစ္စဝံသထံ၌ ရူပသိဒ္ဓိ၊ ဘေဒစိန္တာ၊ ကစ္စယနသာရ၊ သဒ္ဒဝုတ္တိ၊ ဘဒ္ဒဗိန္ဓု၊ ဆန်းအလင်္ကာနှင့် ဒွေမာတိကာ၊ ယမိုက်(၁၀)ကျမ်း၊ ပဋ္ဌာန်းကျမ်းစသည်တို့ကို သင်ယူတတ်မြောက်ခဲ့သည်။ ထိုအကျိုးကြောင့် ပထမပြန်စာမေးပွဲများဖြစ်သော ပထမငယ်၊ ပထမလတ်၊ ပထမကြီးစာမေးပွဲများကို လွယ်ကူစွာ အောင်မြင်ခဲ့၏ ။ ပထမကြီးမဖြေမီ ဆရာတော်အာဒိစ္စဝံသနှင့် အတူ အောက်မြန်မာပြည် မော်လမြိုင်သို့ သွားရောက်ခဲ့၏ ။[၁၀] ၁၉၁၆ မော်လမြိုင်တွင် ကြံခင်းကျောင်းတိုက် ဆရာတော်ဦးဥက္ကာသကို ဥပဇ္ဈာယ်ထား၍ ရဟန်းပြုခဲ့သည်။[၁၁] ၁၂၅၉တွင် အရှင်အာဒိစ္စဝံသနှင့်အတူပင် မြို့တော် ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ရန်ကုန်၌ ရှိစဉ် ရန်ကုန်မြို့က စေတီယင်္ဂဏစာမေးပွဲနှင့် မန္တလေးမြို့က သကျသီဟ ပရိယတ္တိသာသနဟိတစာမေးပွဲများဖြေဆိုရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ၁၉၁၈ခုနှစ်တွင် အစိုးရပထမကျော်အောင်မြင်ခဲ့၏ ။ ဤအောင်မြင်မှုသည် အရှင်သေဋ္ဌိလအတွက် နောက်ထပ်အဆင့်မြင့်စာမေးပွဲများအောင်မြင်စေရန် စာပေလေ့လာမှုအဟုန်ကိုတိုးမြှင့်လှုံ့ဆော်ပေးနိုင်ခဲ့လေသည်။ ၁၉၂၃ရောက်သောအခါ အခက်ခဲဆုံးစာပြန်ပွဲဖြစ်သည့် မန္တလေး ပရိယတ္တိသာသနာ့ဟိတစာမေးပွဲတွင် ဖြေဆိုသူ တစ်ရာ့ငါးဆယ်၌ အောင်မြင်သူလေးယောက်ထဲပါဝင်နိုင်ခဲ့ကာ ပရိယတ္တိသာသနာ့ဟိတ ဓမ္မာစရိယာဘွဲ့တံဆိပ် အပ်နှင်းခံရသဖြင့် သေဋ္ဌိလာဘိဝံသ ဖြစ်လာခဲ့သည်။ [၁၂][၁၃] [၁၄]

ဤသို့ဖြင့် ရှင်သေဋ္ဌိလသည် အရှင်အာဒိစ္စဝံသတည်ထောင်သော ကျောင်း၌ ဒုတိယနာယကစာချဆရာတော်အဖြစ် တာဝန်ယူရင်း စာပေလိုက်စားသည်။ ဗဟန်းကျောင်းဆရာတော် ရွှေကျင်တိုက်၏ မှန်ကျောင်းဆရာတော် အရှင် ဉာနိန္ဒာသဘ ထံပါးတွင်လည်းစာပေများလေ့လာသင်ယူခဲ့၏ ။ ထို့နောက်မန္တလေးသို့ သွားရောက်ပြီး ခေမာသီဝံ ဆရာတော်၊ ဘုရားကြီးတိုက်ဆရာတော် ဦးဉာဏတို့၏ သင်ကြားပို့ချမှုခံယူသည်။ မန္တလေးတွင် တစ်နှစ်ခြောက်လခန့်ကြာမြင့်ပြီးနောက် ရန်ကုန် အရှင်အာဒိစ္စဝံသထံမှောက်သို့ပြန်ရောက်ခဲ့လေသည်။ [၁၅][၁၆] အင်္ဂလိပ်စာကို စတင်သင်ကြားသည်။ ထိုခေတ်ကာလများ၌ ရှေးဆန်သူအသိုင်းအဝိုင်းများက ရဟန်းများ အင်္ဂလိပ်စာသင်ကြားခြင်းကိုပြစ်တင်ရှုတ်ချသော အချိန်လည်းဖြစ်၏ ။ သို့သော် ဇွဲမလျှော့ဘဲ ရသမျှကိုသင်ယူရင်း အင်္ဂလိပ်စာအတော်အတန်နားလည်တတ်ကျွမ်းလာသည်။

ပြည်ပ၌ သင်ယူလေ့လာခြင်း[ပြင်ဆင်ရန်]

၁၂၈၆၌ အိန္ဒိယသို့သွားရောက်ကာ ဒေါက်တာတဂိုး၏ သန္တိနိကေတံရှိ တက္ကသိုလ်တွင် အင်္ဂလိပ်စာနှင့် သက္ကဋစာပေကိုတစ်နှစ်ကြာလေ့လာသင်ကြားခဲ့သည်။[၁၇] [၁၈] တစ်နှစ်ခန့် အိန္ဒိယတွင်နေထိုင်ပြီးနောက် ကျန်းမာရေးကြောင့် မြန်မာနိုင်ငံသို့ပြန်လာခဲ့ရသည်။ အရှင်အာဒိစ္စဝံသပြည်ပ ကြွသွားသောကြောင့် ကျောင်းတိုက်ကို အခြားဆရာတော်တစ်ပါးနှင့်အတူ တာဝန်ယူအုပ်ချုပ်ခဲ့ရသည်။ ငါးနှစ်ခန့်အကြာတွင် သီဟိုဠ်သို့သွားရောက်ကာ အင်္ဂလိပ်စာ၊စကားကို သင်ကြားခဲ့ပြန်သည်။ ကျန်းမာရေးချူချာသော်လည်း မြန်မာနိုင်ငံသို့မပြန် ဇွဲကောင်းကောင်းဖြင့် လေ့လာနေထိုင်ခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ သွားရောက်ခဲ့သည်။ ရိုမန်ကက်သလစ် အမျိုးသမီးကြီးတစ်ဦးအိမ်တွင် ငှားရမ်းနေထိုင်ခဲ့သည်။ ခရစ်ယာန်အသိုင်းအဝိုင်းများရှိသောအရပ်ဖြစ်သောကြောင့် ဆွေးနွေးရန်ကိစ္စများရှိခဲ့လျှင် လိုအပ်မည်ထင်သောကြောင့် သမ္မာကျမ်းစာကို ဖတ်မှတ်ခဲ့သည်။ [၁၉] ထိုမဒရပ်မြို့၌ သီယိုဆိုဖီအသင်းစာကြည့်တိုက်တစ်ခုရှိ၏ ။ အသင်းဝင်ဖြစ်ရန် ခွင့်တောင်းခံပြီး အစပိုင်း၌ ဝင်ခွင့်မပေးခဲ့ချေ။ ရန်ကုန်မြို့၏ သီယိုဆိုဖီအသင်းခွဲမှ အကြောင်းကြားကူညီသောကြောင့် အသင်းဝင်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အသင်း၏ ဒုတိယဥက္ကဋ္ဌ သီဟိုဠ်နိုင်ငံသား Mr. C. A. Jinaraj အကူအညီဖြင့် စာကြည့်တိုက်မှူးဖြစ်လာခဲ့လေသည်။ ရည်ရွယ်ချက်မှာ အင်္ဂလိပ်စကားပြောဆိုခွင့်ရရန်၊ ဗုဒ္ဓဘာသာအကြောင်း အခွင့်ရလျှင် ပြောဆိုရန်၊ ပိဋိကတိုက်မှူး(စာကြည့်တိုက်မှူး) ပညာရယူရန်တို့ဖြစ်ပေသည်။ အကြောင်းမှာ မြန်မာပြည်စာသင်တိုက်ကြီးများတွင် ကျမ်းစာအုပ်များ၊ စာရွက်စာတမ်းများကို အစီအစဉ်မကျဘဲထားရှိသဖြင့် လိုအပ်သောအခါ ရှာဖွေရခက်ခဲခြင်းတို့ကြောင့်ဖြစ်သည်။ [၂၀]

အိန္ဒိယ၌နေထိုင်စဉ် တောင်ပိုင်းအိန္ဒိယဗုဒ္ဓဘာသာအသင်း၏ ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခန့်အပ်ခြင်းခံရသည်။ နောက် ပရမ်ဘာ၌ အခမဲ့ဗုဒ္ဓဘာသာသင်ကျောင်းကိုလည်း စီမံဆောင်ရွက်မှုလုပ်ဆောင်ပေးခဲ့လေသည်။ ၁၉၃၈ခု မေလ (၇)ရက်၌ မဒရပ်မြို့တွင် တောင်ပိုင်းအိန္ဒိယဗုဒ္ဓဘာသာအသင်းဝင်များ၏ ကျေးဇူးတင်အသိမှတ်ပြုသိအနေဖြင့် ဤသို့မှတ်တမ်းတင်ခဲ့လေသည်။

" ၁၉၀၃ခုနှစ် အိန္ဒိယတောင်ပိုင်းတွင် ဤအသင်းကြီးစတင်တည်ထောင်ပြီးသည်မှစ၍ ရဟန်းတော်များ၊ သာသနာပြုသူများ မြောက်များစွာလာရောက်လည်ပတ်ခဲ့လေသည်။ သို့သော် အိန္ဒိယတောင်ပိုင်းရှိ ဗုဒ္ဓဘာသာကိုပြန်လည်နိုးကြားစေရန်အတွက် မည်သူမျှ ဤသို့ကိုယ်ကျိုးစွန့် အပင်ပန်းခံသည့် သဘောထားလုပ်ဆောင်ချက်များမရှိခဲ့ပါ။ ဆရာတော်သည်ကား လေးနှစ်တာ နေထိုင်စဉ် ခဏတာအတွင်း အကျိုးများစေခဲ့ပါသည်။"

[၂၁]

ဆရာတော်သည် ဘဝတလျှောက်လုံး အင်္ဂလိပ်ကိုလိုနီအောက်တွင်နေထိုင်ခဲ့ရသည်ဖြစ်ခြင်းကြောင့် အင်္ဂလိပ်လူမျိုးများ ၎င်းတို့တိုင်းပြည်တွင် မည်သို့မည်ပုံနေထိုင်ပြုမူသည်၊ ၎င်းတို့၏ ကလေးများအပေါ် ပညာရေးနည်းစနစ်နှင့်ထိန်းကျောင်းလေ့ကျင့်မှုများသည် မြန်မာပြည်ရှိကလေးများအား အကျိုးသက်ရောက်မှုရှိနိုင် မရှိနိုင် စသည်တို့ကို ကိုယ်တိုင်ကိုယ်တွေ့လေ့လာရန်စိတ်အားထက်သန်ပေသည်။ [၂၂] ၁၉၃၈ ဇွန်လ တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ကြွခဲ့သည်။ ကျောင်းတိုက်မရှိသဖြင့် မြန်မာအမျိုးသားတစ်ဦး၏ နေအိမ်၌ လအတော်ကြာသည်အထိ နေထိုင်ခဲ့ရသည်။ လန်ဒန်တက္ကသိုလ်၏ အခွဲဖြစ်သော စွယ်စုံအတတ်ပညာကျောင်း(Polytechnic)၌ အင်္ဂလိပ်စာ၊ စကားသင်ကြားခဲ့သည်။ [၂၃]

ဒုတိယကမ္ဘာစစ် နှင့် ဆရာတော်[ပြင်ဆင်ရန်]

အနောက်နိုင်ငံများတွင် ရဟန်းသံဃာတပါးအဖို့နေထိုင်ရန်အလွန်ခက်ခဲလှပေသည်။ ရဟန်းသံဃာ၏ ဘဝသည်မည်သို့မည်ပုံဆိုသည်ကို ထိုအရပ်က ထိုသူများအဖို့ မသိရှိမကြားဖူးကြချေ။ထိုနှစ်တွင်စစ်ပွဲဖြစ်ပွားမှုနှင့်အတူ မဒရပ်၌စတင်သိကျွမ်းခဲ့သည့် မိတ်ဆွေနှစ်ယောက်ဦးအပြင် ဆရာတော်ဦးသေဋ္ဌိလမှာလည်း အထောက်အပံ့မရ သုံးစွဲရန်ပိုက်ဆံတစ်ပြားမှ မရှိဘဲဖြစ်ခဲ့လေရာ ရဟန်းတပါးအဖို့ တခါမှမကြားဖူးလောက်သည့် အနေအထားသို့ ရောက်တော်မူခဲ့ရသေးသည်။ [၂၄]

လန်ဒန်မြို့သည် ၁၉၃၉ စက်တင်ဘာ၌ ဒုတိယကမ္ဘာစစ်ဒဏ်ခံစားရ၏ ။ အင်္ဂလန်နိုင်ငံတွင် နေထိုင်ကြသော မြန်မာနိုင်ငံက ပညာသင်သူများ နေရပ်သို့ပြန်ကြသော်လည်း အရှင်သေဋ္ဌိလကားမပြန်ခဲ့ပေ။ အရှင်အာဒိစ္စဝံသကလည်း ပြန်ရန်စီစဉ်ပေးတော်မူခဲ့သည်။ သို့ရာတွင် ရည်ရွယ်ချက်မပြီးမြောက်သေးသဖြင့် လန်ဒန်၌ ဆက်လက်နေထိုင်ခဲ့သည်။ စစ်ကြီးသည် ဆိုးရွားသထက်ဆိုးရွာလာခဲ့ပြီး မြန်မာနိုင်ငံနှင့်လည်း အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ [၂၅] ဤသို့ခေါင်းမာစွာ ဆက်လက်နေခဲ့သော်လည်း အရှင်သေဋ္ဌိလထံတွင် နေစားစရိတ်မရှိ ပြတ်လတ်သွား၏ ။ အိမ်လခနောက်တစ်ပတ်စာပေးစရာမရှိ၊ ထိုနေ့ဆွမ်းအတွက်ငွေသုံးပြီး နောက်တစ်နေ့အတွက် ဘာမျှမရှိတော့သည်အထိဖြစ်ခဲ့ရသည်။ ဘုရား၊ တရား၊ သံဃာ နှင့် သစ္စာတရားတို့ကို အာရုံပြု၍ သစ္စာဆိုခဲ့သည်။

"ငါသည် မှန်ကန်သော ရည်ရွယ်ချက်၊ ခိုင်မာသောလုံ့လဖြင့် မဖောက်မပြန်လမ်းမှန် လျောက်ခဲ့သူဖြစ်သည်။ ဤမှန်ကန်သောသစ္စာကြောင့် ဤအခြေအနေဆိုးမှလွတ်မြောက်ပါစေသား”[၂၆]

သိကျွမ်းမိခဲ့သော ခရစ်ယာန်ဘုန်းတော်ကြီး ဂျွန်ကုတ်သည် နေ့လယ်မတိုင်မီ (၁၁)နာရီ၌ ရုတ်တရက် ရောက်ရှိလာပြီး အကျိုးအကြောင်းမေးလေရာ အခက်ခဲရှိမှန်းသိသဖြင့် စားသောက်ဆိုင်တစ်ခု၌ နေ့ဆွမ်းလိုက်ကြွေးသည်။ ထို့နောက် ၎င်းနေထိုင်ရာသို့ ခေါ်ဆောင်သွားခဲ့လေသည်။ လန်ဒန်၌ ဗုံးကြဲတိုက်ခိုက်မှုများခံရသောအခါ ထိုခရစ်ယာန်ဘုန်းတော်ကြီးကပင် ဆမ်းမားဆက်(Somerset) ကျေးလက်သို့ ခေါ်ဆောင်ပြောင်းရွှေ့ခဲ့သည်။ ခိုင်းရန် အစေခံတစ်ဦး၊ အခန်းတစ်ခန်းပေး၏ ။ စစ်မပြီးမချင်းနေနိုင်ပါသည်ဟုလည်း ပြောကြားခဲ့သည်။

ဗုဒ္ဓကျမ်းစာများကို အလွန်နှံ့နှံ့စပ်တော်မူသော မြောင်းမြဆရာတော်၊ ယခု အရှင်သေဋ္ဌိလ၏ ဖြစ်တော်စဉ်မှတ်တမ်းရေးသူ အရှင် ဉာနိကမှ ယခုလို သုံးသပ်၏ ။

ယဉ်ကျေးသိမ်မွေ့သောလူ့စိတ်ဓာတ်၊ စာနာတတ်သောသဘောသည် လူတို့အား သဘာဝက ပေးသောဆုလာဘ်ဖြစ်သည်။ ဘာသာရေးဆိုင်ရာဝန်ထမ်းအဖြစ်ဖြင့် လူအများနှင့်ဆက်ဆံ၍ အလုပ်လုပ်ရသောအခါ ထိုသဘာဝစိတ်ဓာတ်သည် မြင့်မား ရင့်ကျက်လာလေသည်။ ထိုအခြေအနေတွင် Monk ရဟန်းဟူသောအဆင့်ချင်းတူညီချက်က ကူစွက်ပေးလိုက်ပြန်သောအခါ ဗုဒ္ဓဘာသာဝင်ရဟန်းနှင့် ခရစ်ယာန်ဘာသာဝင်ရဟန်းတို့သည် ညီအစ်ကိုပမာခင်မင်ကြင်နာစိတ် ရှိလာကြသည်။ ဘာသာရေးအယူအဆကွဲပြားခြားနားခြင်းသည် အရေးကြီးသောအခါမျိုး၌အတားအဆီးမဖြစ်နိုင်တော့ပေ။
— မြောင်းမြဆရာတော် အရှင်ဉာနိက [၂၇]

ထိုအိမ်သည် အိမ်ကြီးရခိုင်မျိုးဖြစ်၏ ။ ယင်း၌ အလကားနေရသည်ကို အရှင်သေဋ္ဌိလကား စိတ်မသန့်ဖြစ်သည်။ ထို့ကြောင့် ဝိနည်းလည်းမဖောက် သင့်တော်သည့်ဘက်၌ ဝင်ရောက်ကူညီလုပ်ဆောင်ပေးခဲ့သည်။ ဥပမာ။ ။ စစ်လေယာဉ်များလာသောအခါ လျှပ်စစ်မီးများပိတ်ပေးခြင်း၊ ခြံကြီးအတွင်း အမှိုက်ကောက် သန့်ရှင်းစေရန် လုပ်ဆောင်ပေးခြင်း စသဖြင့်ပါဝင်ကူညီခဲ့သည်။ ထို၌ နေစဉ် စစ်၏ အကျိုးဆက် ဒဏ်ရာရလူနာများကို သူနာပြုစုပေးခြင်းများလည်း ပြုလုပ်ခဲ့ပေသည်။ ဤအလုပ်ကား မြတ်ဗုဒ္ဓအဆူဆူချီးမွန်းသော အလုပ်၊ မေတ္တာဂရုဏာကို လက်တွေ့ဖော်ဆောင်ရသော အလုပ်မျိုးဖြစ်သောကြောင့် အရှင်သေဋ္ဌိလမှာ စိတ်အားထက်သန်စွာဖြင့် ပြုလုပ်ခဲ့သည်။ ဘုန်းတော်ကြီး ဂျွန်ကုတ်၏ ထိုအိမ်ကြီး၌ ငါးလကြာမြင့်စွာနေထိုင်ခဲ့ပေသည်။[၂၈] [၂၉]

အကျိုးပြုလုပ်ငန်းများ[ပြင်ဆင်ရန်]

နောက်ဆုံး ကိုယ်တိုင်အတွက်အထောက်အပံ့ကို နည်းမျိုးစုံဖြင့်ရှာခဲ့ရာ ဘီဘီစီမြန်မာပိုင်းရေဒီယိုအစီအစဉ်တွင် ကြေငြာသူအဖြစ်သော်လည်းလုပ်ဆောင်ခဲ့သည်။ [၃၀] အကြောင်းအရင်းမှာ ဘီဘီစီမြန်မာပိုင်းအစီအစဉ်တစ်ခုအား ပြန်လည်စတင်ရန် သက်ဆိုင်ရာက အရှင်သေဋ္ဌိလကိုအကူအညီတောင်းခံလာခဲ့သည်။ [၃၁] သာသနာပြုအလုပ်ပင်မဟုတ်သော်လည်း အေးချမ်းသောအချိန်ကာလမဟုတ်သည့်အတွက် တိုင်းပြည်နှင့် လူမျိုးအတွက်ဆိုသည့် စိတ်ဓာတ်ဖြင့်ပင် ဆောင်ရွက်တော်မူခဲ့သည်။ သတင်းများကို စုဆောင်းရေးသား၍ အသံလွှင့်ပေးခဲ့ရသည်။

ဒေါက်တာ စတူးဝပ် (Dr. Stewart ) တည်ထောင်သူအဖြစ်လုပ်ဆောင်သော မြန်မာ-အင်္ဂလိပ်အဘိဓာန်အဖွဲ့တွင် လည်းပါဝင်ဆောင်ရွက်ခဲ့သည်။[၃၂] ဒေါက်တာ လှဖေနှင့်တွဲဖက်လုပ်ဆောင်ခဲ့ရသည်။ [၃၃]

အနောက်အရပ်၌ သာသနာရေးဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

စစ်ပွဲကြီးပြီးဆုံးသောအခါ ဆရာတော်မှာ တဖြည်းဖြည်းချင်း အကူညီအထောက်အပံ့များဖြင့် တရားဟောပြောမှုများပြန်လည် လုပ်ဆောင်လာခဲ့ရာ အလုပ်သမားများပညာရေးဆိုင်ရာအဖွဲ့အစည်း(the Workers' Educational Association)၏ အဖွဲ့ဝင်များတစ်ဦးခြင်းဆီသို့ တရားဟောပြောမှု (၁၇)ခုကို နှစ်ပိုင်းခွဲ၍အတွဲလိုက် ဟောပြောမှုများလည်းပါခဲ့လေသည်။ ဆေးရုံမှလူနာများဆီသို့၎င်း အကျဉ်းထောင်မှ အကျဉ်းကျသူများ ဆီသို့၎င်း သွားရောက်ခဲ့သည်။ အကူညီအချိတ်ဆက်တစ်ချို့မှနေ၍ စာသင်ကျောင်းတစ်ချို့သို့လည်း လေ့လာသွားရောက်ကာ တရားဟောပြောမှုများရှိခဲ့၏ ။ [၃၄]

ဟောပြောရသည်မှာ ဗြိတိသျှ ဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌ ဟန်းဖရေး၏ စီစဉ်မှုဖြင့်ဖြစ်လေသည်။ အစီအစဉ်အတိုင်း ဟောပြောရသည်။ ကြာလာသောအခါ ဟန်းဖရေး၏ စီစဉ်မှုအောက်မှဟောပြောရသည် ဖြစ်သောကြောင့် မြန်မာဒကာ ဒကာမများက မနှစ်သက်ဘဲရှိလာ၏ ။ ထို့ကြောင့် အရှင်သေဋ္ဌိလအတွက် နေထိုင်မှု၊ ဆွမ်းစသည်များ ပြေလည်နိုင်စေရန် မြန်မာသံရုံးမှသူများသည် မြန်မာကျောင်းတိုက်တစ်ခုဖြစ်မြောက်စေရန်ကြိုးပမ်းခဲ့ကြ၏ ။ သို့သော် အထမမြောက်ခံ့ပါ။ [၃၅]

အင်္ဂလန်ရှိမိဘများက ၎င်းတို့သားသမီးများအား ပြုစုပျိုးထောင်ပုံကို အနည်းငယ်သောမိသားစုများ၏ လိုလိုလားလားရှိမှုဖြင့် လေ့လာနိုင်ခဲ့ပြီး ထိုမိသားစုများကပင် ဆရာတော်၏ရည်ရွယ်ချက်အတွက် ၎င်းတို့အိမ်သို့ ဖိတ်ကြားနေခွင့်ပြုခဲ့ကြသည်။ဆက်နွယ်တွေ့ကြုံခဲ့ရသော ကလေးများနှင့်ပတ်သတ်၍ ၎င်းတို့၏ ကျောင်းသားဘဝနှင့် ၎င်းတို့အပေါ်အိမ်မှလွှမ်းမိုးမှုရှိသည်ကိုလည်း လေးလေးနက်နက် လေ့လာနိုင်ခဲ့သည်။ မတူညီသောဘာသာရေးနောက်ခံရှိသည့် မိသားစုများနှင့် အတူနေထိုင်စဉ် အနောက်တိုင်းလူနေထိုင်မှုဘဝပုံစံသာမက လူငယ်အတော်များများအား ၎င်းတို့၏ငယ်စဉ်ဘဝက အကျိုးသက်ရောက်မှုရှိသည်ဆိုသည့် အခြေအနေတို့နှင့်ပတ်သက်သည့် အသိပညာအား မြင့်တင်နိုင်ခဲ့သည်။[၃၆]

ဓမ္မတရားနှင့်ပတ်သတ်၍ ဆရာတော်၏ အထူးချွန်ဆုံးအချက်မှာ အဘိဓမ္မာအကျဉ်းဖြစ်သည့် အဘိဓမ္မ သင်္ဂ္ဂဟအား ဗုဒ္ဓအဆုံးမကိုစိတ်ဝင်စားသူများနှင့် အဘိဓမ္မာပိုင်းကို ကိုင်တွယ်သင်ကြားပေးရန်အထူးတောင်းဆိုသူများသို့ စတင်သင်ကြားပို့ချ၍ အနောက်တိုင်းသို့ မိတ်ဆက်ပေးလိုက်ခြင်းပင်ဖြစ်၏ ။ [၃၇] ပါဠိသင်တန်းများ၊ နိကာယ်သင်တန်းများ၊ အဘိဓမ္မာသင်တန်းများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ကျွမ်းကျင်စွာ ပို့ချပေးတော်မူခဲ့သည်။

အနောက်နိုင်ငံတွင်ပထမဆုံးအကြိမ်အနေဖြင့် အခြေခံမှစ၍ နောက်ဆုံးပိဋိကတ်ထိတိုင် အဆက်မပြတ် အနေအထားဖြင့်လေးနှစ်ကျော်အချိန်ယူ၍ စနစ်တကျသင်ကြားပေးခဲ့သည်။ ဤပို့ချချက်များသည် ဗုဒ္ဓဘာသာအခြေခံနှင့်ပတ်သတ်၍ သိလိုသင်လိုသောသူများအဖို့ ခိုင်ခန့်သော အခြေခံစံတခုဖြစ်လာခဲ့ပါသည်။ ဆရာတော်၏ စိတ်ရှည်သည်းခံမှု၊ ကျွမ်းကျင်ပိုင်နိုင်မှုနှင့်တကွ အနောက်တိုင်းသားတို့၏ အကြောင်းရာကိစ္စများအပေါ် ဘာသာရေးဆိုင်ရာ၊ အတွေးခေါ်ပိုင်းဆိုင်ရာ စဉ်းစားသုံးသပ်မှုနည်းလမ်းများနှင့်ပတ်သတ်၍ ၎င်းတို့အခက်အခဲကို ကျော်လွှားတတ်စေရန် ဗုဒ္ဓဘာသာဖက်ကရှုမြင်တင်ပြပုံနှင့် နှိုင်းယှဉ်၍ ကူညီခဲ့ခြင်းသည်လည်း ဆရာတော်၏ တပည့်များအပေါ် ကြီးစွာသော ဂရုစိုက်ပေးမှုပင်ဖြစ်သည်။ ထိုအချက်များမှာ လက်တွေ့ပိုင်းဆရာနှင့် စာပေပိုင်းဆရာသမား ကွာခြားချက်၏ ထင်ရှားမှုပင်ဖြစ်ပါသည်။ ၎င်းတို့ဘဝ၏မည်သည့်အပိုင်းအတွက် မဆို ဆုံးမဩဝါဒပေးရန် တောင်းဆိုလာသည့်အခါ၌လည်း မပျက်မကွက် အကူညီပေးခဲ့သည်။[၃၈]

၁၉၄၉ခု မတ်လတွင် ဆရာတော် အရှင်သေဋ္ဌိလ၏ ဆောင်ရွက်မှုများအားကူညီရန်အလို့ငှာ မြန်မာကပ္ပိယကိုးဦးပါဝင်သောအဖွဲ့က လန်ဒန်တွင် သာသနကာရီဝိဟာရကို တည်ထောင်ခဲ့ကြသည်။ ဆရာတော်အတွက် အနောက်အရပ်သို့ရောက်ရှိကတည်းက သံဃာကိုထောက်ပံ့တတ်သော အရှေ့အရပ်၏ အစဉ်အလာနှင့်နီးစပ်မှုကို ပထမဆုံးအနေဖြင့်ခံစားတွေ့ကြုံနိုင်ခဲ့ရာ အသက်ရှင်ရပ်တည်မှုအတွက် မိမိကိုယ်ကို မှီခိုခြင်းမှလွတ်ကင်းခဲ့လေသည်။

သင်တန်းများပို့ချသင်ကြားပေးရာတွင် အောင်မြင်သည့်ဆောင်ရွက်ချက်များမှာ ကျဆင်းသွားခြင်းမရှိပေ။ ၁၉၄၉ မှ ၁၉၅၁ ခုထိ နှစ်နှစ်တာကာလအတွင်း မှတ်တမ်းများအရ ဆရာတော်သည် သံဃာတစ်ပါး၏ ပုံမှန်လုပ်ရိုးလုပ်စဉ်တခြားတာဝန်များအပြင် သင်ကြားမှုဆိုင်ရာဆောင်ရွက်မှုပေါင်း နှစ်ရာ့ငါးဆယ်ထက်ပိုမိုလုပ်ဆောင်ခဲ့သည်။ အင်္ဂလန်တွင်နေထိုင်သော တစ်ပါးတည်းသောရဟန်းဖြစ်၍ ထိုထိုထွေထွေတာဝန်များက ဆရာတော်၏အရေးပါသော အချိန်အများစုကိုကုန်ဆုံးစေခဲ့သည်။ [၃၉]

ကံမကောင်းစွာဖြင့် အင်္ဂလန်ရှိ မြန်မာအဖွဲ့၏ မရှောင်လွှဲနိုင်သော မတည်မြဲနိုင်သည့် အခြေအနေများကြောင့် သာသနကာရီဝိဟာရအတွက် အဆက်မပြတ်ထောက်ပံ့မှုမှာ မရေရာဖြစ်လာကာ ရဟန်းတစ်ပါးအတွက်ပင်ထောက်ပံ့ပေးနိုင်ရန် လုံးဝမလုံလောက်လာသည့်အချိန် ၁၉၅၂ ခုတွင် ဆရာတော်အား ရန်ကုန်တက္ကသိုလ်မှနေ၍ ဘီအေ၊အမ်အေကျောင်းသားများအား အဘိဓမ္မာတရားသင်ကြားပို့ချပေးပါရန် ဖိတ်ကြားလာသဖြင့် လက်ခံခဲ့လေသည်။ [၄၀][၄၁]

ရန်ကုန်တက္ကသိုလ် အဘိဓမ္မာကထိက[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ်အဓိပတိ ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် တရားသူကြီးချုပ် ဦးသိမ်းမောင်၊ ဆာ ဦးသွင် စသည့် လူကြီးများဆွေးနွေးဆုံးဖြတ်မှုအရ အဘိဓမ္မာသင်တန်းကိုတက္ကသိုလ်တွင်ပို့ချမည်။ သို့ရာတွင် ပို့ချနိုင်သောဆရာမရှိဖြစ်၏ ။ အဘယ်ကြောင့်ဆိုသော် အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့်ပို့ချရမည်ဖြစ်သောကြောင့်ပင်။ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ဌာနမှူး ဦးလှဘူးက ကမ္ဘာပေါ်ရှိမည်သည့်တက္ကသိုလ်တွင်မျှ အဘိဓမ္မာမသင်ကြားကြဟူ၍ ကန့်ကွက်ခဲ့သည်။ သို့သော် ထိုကန့်ကွက်မှုမှာ အရာမထင်ခဲ့ပေ။ ဆက်စပ်ရာဖြင့် အရှင်သေဋ္ဌိလကို သတိပြုမိ၍ ပင့်လျှောက်ကြသည်။ ပါမောက္ခချုပ် ဒေါက်တာထင်အောင်က တရားဝင်ပင့်စာပို့ခဲ့သည်။ [၄၂] မကြာခဏဆိုသလိုဒုက္ခပင်လယ်ဝေခဲ့ရသည့် ဆယ်လေးနှစ်တာအချိန်ကာလ ပြီးနောက် ဆရာတော်၏ ရန်ကုန်သို့ထွက်ခွာသွားခြင်းကား အင်္ဂလိပ်တပည့်ကျောင်းသားများဘဝထဲ၌ အစားထိုးမရသောကွက်လပ်တစ်ခု ဖြစ်စေခဲ့လေသည်။ သို့သော် ဆရာတော် အစမှစ၍ သင်ကြားပေးခဲ့သည့် အဘိဓမ္မာတရားတော်ကို ပြန်လှန်လေ့လာမှုများပြုလုပ်ရင်း သင်တန်းကို ဆက်လက်ဖွင့်ခဲ့လေသည်။ [၄၃]

တက္ကသိုလ်မှစာသင်ကြားပေးပါရန် အလုပ်ပန်ကြားချက်ကို မူလက ခြောက်လ [၄၄] (သို့) တစ်နှစ်[၄၅] သာ လက်ခံခဲ့သော်လည်း ရှစ်နှစ်ဆက်တိုက် စာသင်ကြားခြင်းကို လုပ်ဆောင်နိုင်ခဲ့သည်။ ပထမဆုံးအခက်ခဲမှာ နေထိုင်ရေးပင်ဖြစ်သော်လည်း တက္ကသိုလ်ဓမ္မာရုံ၌ ခေတ္တနေခဲ့ရပြီး မကြာမီ ဆရာများအဆောင်ကဲ့သို့ ကျောင်းဆောင်အသေးတစ်ခုတွင် ပြောင်း၍ နေခဲ့သည်။ နောက်ထပ်ပြဿနာတစ်ခုမှာ ရဟန်းတော်တစ်ပါးလည်းဖြစ် တက္ကသိုလ်ဆရာလည်းဖြစ်သော အရှင်သေဋ္ဌိလကို လခပေးသင့် မပေးသင့်ပြဿနာပင်ဖြစ်လေသည်။ ဆရာတော်ကို လျှောက်တင် အကြံဉာဏ်တောင်းခံပြီး လခမဟုတ်ဘဲ ဆရာတော်၏အမည်ဖြင့် ဘဏ်အကောင့်ဖွင့်ကာ ယခင်ရှိခဲ့ဖူးသော ပါဠိတက္ကသိုလ်က ဆရာတော်များကို ဆပ်ကပ်သည့်မူအတိုင်း ပြုလုပ်ခဲ့သည်။ ဆွမ်းဆန်တော် ဆပ်ကပ်ငွေ (၈၀၀)ကျပ်ကို လစဉ်လှူဒါန်းခဲ့ကြသည်။ [၄၆]

တက္ကသိုလ်တွင် ကထိကရာထူးဖြင့် အဘိဓမ္မာသင်ရိုးများအား အင်္ဂလိပ်ဘာသာဖြင့် စတင်ပို့ချရာတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ပုဂ္ဂလပညတ်တို့ကို ၄နှစ်သင်တန်း ဘီအေ၊ အမ်အေအတွက် လျှော်ကန်သလို ပိုင်းခြားကန့်သတ်သည်။ ဘီအေအတွက် အထက်အောက် အတန်းနှစ်တန်း နှင့် အမ်အေအတွက်လည်း ထိုအတိုင်းပင် ခွဲဝေပြဋ္ဌာန်းသင်ကြားပေးခဲ့သည်။ [၄၇]

ဤသို့ စာသင်ကြားနေစဉ်တွင်ပင် မောရစ် (ဓမ္မရောင်ခြည် အယ်ဒီတာ)နှုတ်ထွက်သွား၍ ထိုအယ်ဒီတာရာထူးဖြင့် နှစ်နှစ် လုပ်ဆောင်ခဲ့သည်။ ဆက်လက်၍ သုတေသနဌာနမှူးအဖြစ်လည်း လုပ်ဆောင်ခဲ့ပြန်သည်။ ဤသို့ဖြင့် ရန်ကုန်တက္ကသိုလ် အဘိဓမ္မာကထိကရာထူးအား လေးနှစ်သက်တမ်းကုန်ဆုံးသောအခါ တက္ကသိုလ်ရှိလူကြီးများ၏ တောင်းပန်မှုကြောင့် နောက်ထပ်လေးနှစ် စုစုပေါင်းရှစ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့လေသည်။

ဥရောပသို့ သာသနာပြု[ပြင်ဆင်ရန်]

၁၉၆၄ခုနှစ်တွင် အင်္ဂလန်ရှိ တပည့်များ၏ ပင့်ဖိတ်မှုကြောင့် ကြွရောက်ပြီး နှစ်နှစ်တာ နေထိုင်သာသနာပြုခဲ့သည်။[၄၈] ၁၉၈၂ခုနှစ် သက်တော် ၈၆-၈၇ ခန့်တွင် ဗြိတိန်နိုင်ငံသို့ ထိုနိုင်ငံရှိ အင်္ဂလိပ်ဒကာ/မ များ၏ ပင့်ဖိတ်လျက်အရ သဲကုန်း သီတဂူဆရာတော်နှင့် အတူကြွရောက်ခဲ့သေးသည်။ လန်ဒန်ပါဠိစာပေအသင်းကြီး၏ အတွင်းရေးမှူး(ကွယ်လွန်)၏ ဇနီး မစ္စစ် ကလောဒင်း အစ် ဂဲလ်ဒန် (Mrs. Claudine W. Iggleden)နှင့် မစ္စတာ ဒေးဗစ်ဆန်တို့က လာရောက်ကြိုဆိုကာ မစ္စစ် ကလောဒင်း အစ် ဂဲလ်ဒန် ၏ နေအိမ်ကိုသာ ကျောင်းအဖြစ် သီတင်းသုံးနေထိုင်ခဲ့ရသည်။ သီတဂူဆရာတော်နှင့် မြောင်းမြဆရာတော်တို့သည် ယူကေသို့ ပထမဆုံးအကြိမ်လိုက်ပါလာခဲ့ခြင်းဖြစ်သည်။မစ္စစ် ကလောဒင်း အစ် ဂဲလ်ဒန် သည် ဆရာတော်ကြီးကြောင့် သက်ဝင်ယုံကြည်လာသော ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့ကာ ယခုတစ်ခေါက် ဆရာတော်ကြီးနှင့်တကွ သီတဂူဆရာတော်၊ မြောင်းမြဆရာတော်တို့ ဝိနည်းနှင့်အညီ သီတင်းသုံးနိုင်စေရန် ဆွမ်းကပ်သည့် အချိန်မှလွဲ၍ တစ်ခြားဆွေမျိုးတစ်ဦး၏ အိမ်တွင်သွားရောက်နေထိုင်ခဲ့ပါသည်။[၄၉] ထို၌ သီတင်းသုံးစဉ် အခြားဒေသများဖြစ်သော အောက်စဖို့ဒ်၊ မန်ချက်စတာ စသည်တို့မှ ပင့်ဖိတ်သောအခါ လေယာဉ် (သို့) ကားဖြင့် ကြွရောက်ဟောပြောပေးခဲ့သည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဤသို့ဖြင့် အရှင် သေဋ္ဌိလ ဆရာတော်ကြီးသည် ပြည်တွင်းပြည်ပနှစ်ဌာန အတွက် ဗုဒ္ဓသာသနာစည်ပင်ပြန့်ပွားရေးအတွက် သက်တော်ကြီးရင့်သည့်တိုင်အောင် နိုင်ငံခြားတိုင်းပြည် အသွယ်သွယ်သို့ တရားပြခြင်း၊ တရားဟောခြင်း၊ သင်တန်းများပို့ချခြင်း၊ ကျမ်းစာများပြုစုခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့ပါသည်။ ၁၃၅၈ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၉) ရက် (ခရစ် ၁၉၉၇ ခုနှစ် ၊ ဇန်နဝါရီ ၃ ရက်) သောကြာနေ့ နံနက် (၀၆:ဝဝ)နာရီအချိန် သက်တော်(၁၀၁)နှစ်အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။[၅၀]

သင်တန်းများပို့ချခြင်း[ပြင်ဆင်ရန်]

အနောက်အရပ်၌ ဗုဒ္ဓဘာသာအပေါ်တွင် စိတ်ဝင်စားသူကို နှစ်မျိုးခွဲခြားနိုင်သည်။

  • ပထမတစ်မျိုးမှာ အင်္ဂလိပ်ဘာသာပြန် စာအုပ်စာတမ်းတစ်ခုခုအားဖတ်ရှုရင်းဖြင့် စိတ်ဝင်စားစရာကောင်းသော အချက်အလက်များများကို တွေ့ရှိပြီး နောက်ထပ်စာအုပ်များရှာဖွေလေ့လာသူ။
  • ဒုတိယတစ်မျိုးမှာ ဘာသာစကားများကိုလေ့လာရင်းဖြင့် အရှေ့တိုင်းမှ ရှေးကျသောဘာသာစကားများဖြစ်သည့် ပါဠိနှင့် သက္ကတကိုတွေ့ရှိသတိပြုမိပြီး တောင်ပိုင်းဗုဒ္ဓဘာသာတွင်သုံးသော ပါဠိစာပေကို နှစ်သက်၍ လေ့လာလိုက်စားသူ။

ပါဠိသင်တန်း[ပြင်ဆင်ရန်]

ပါဠိဘာသာစကားကိုလေ့လာပါက ပါဠိဖြင့်ရေးသားထားသော ဗုဒ္ဓစာပေကိုမလေ့လာခြင်းငှာမဖြစ်ပါ။ ဤသို့ ပါဠိဓမ္မစာပေများကိုထိတွေ့လာရသောအခါ ဘာသာပြန်များကို အားမရဖြစ်နိုင်ပေသည်။ ထိုသို့နည်းအားဖြင့် ဘာသာစကားလေ့လာမှုမှ ဓမ္မတရားလေ့လာမှုကို ပြောင်းလဲလာကြသည်။ နောက်ဆုံး ဗုဒ္ဓဓမ္မကို လက်တွေ့ကျကျလေ့လာချင်လာသော သူများ အနောက်ဥရောပနှင့် အမေရိကတို့တွင် တိုးပွားလာကြသည်။ ဤရည်ရွယ်ချက်တစ်ခုအားဖြည့်စည်းရန် လန်ဒန်၌ ပါဠိစာပေသင်တန်းများပို့ချခဲ့သည်။[၅၁]

စစ်ကာလအတွင်းမှစတင်ကာ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသောသူများကို တစ်ဦးချင်းသော်လည်းကောင်း အစုအဖွဲ့ဖြင့်သော်လည်းကောင်း ပို့ချပေးခဲ့ရသည်။ အရှင် သေဋ္ဌိလ၏ ရှင်းလင်းကျွမ်းကျင်စွာ သင်ကြားပေးမှု၊ ဟောပြောမှုတို့ကြောင့် နားထောင်သူများသည် တစ်ခေါက်နား​ထောင်ပြီးလျှင် နောက်တစ်ခါလာချင်နေတော့သည်။သင်ကြားရာ၌ ချားလ်စ် ဒူရိုင်ဆဲလ် (Charles Duroiselle)၏ ပါဠိ လက်တွေ့သဒ္ဒါကျမ်း (A Practical Grammar of the Pali Language)[၅၂] နှင့် သီဟိုဠ်ဆရာတော် ဗုဒ္ဓဒတ္တရေးသော ပါဠိသင်ရိုးသစ်[၅၃] စသည်များကို အခြေခံသင်ကြားပေးသည်။ ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာပြန်နှင့်တွဲဖက်၍ ဖတ်စေသည်။ ပါဠိဝါကျရှည်များကို ခွဲခြားပြသ၍ ဝါကျတိုများလုပ်ပြခြင်း၊ သဒ္ဒါဆိုင်ရာ ပုဒ်များကို ရှင်းလင်းပြသခြင်း စသဖြင့် ထိုသို့သောနည်းစနစ်များဖြင့် သင်ကြားပေးခဲ့သည်။ ထို့ပြင် မဇ္ဈိမနိကယ်မှ စာပေများ၏ သဒ္ဒါများ၊ အဓိပ္ပာယ်များရှင်းပြခြင်း၊ အင်္ဂလိပ်ဘာသာပြန်စာအုပ်တစ်ချို့ကို ဖတ်ခိုင်း၍ ထိုဘာသာပြန်တွင် လိုနေသည့်နေရာများ၊ ပိုနေသည့်နေရာများကို ထောက်ပြခြင်း၊ တိကျသောဘာသာပြန်မှုလိုချင်လျှင် ဤသို့ပြန်နိုင်ကြောင်း၊ ဤသို့ အဓိပ္ပာယ်ကောက်ယူရမည်ဖြစ်ကြောင်း ရှင်းလင်းပြသခဲ့သည်။ သင်တန်းသား/သူများသည် ပါဠိစာပေလောက်သင်ကြားရခြင်းကို အားမရဖြစ်ကြ၏ ။[၅၄]

နိကာယ်သင်တန်း[ပြင်ဆင်ရန်]

ပါဠိသင်တန်းမှ အဆင့်မြင့်လာသူများအတွက် နိကာယ်သင်တန်းလည်းပို့ချပေးရသည်။ ယေဘုယျအားဖြင့် ပထမတွင် မရှည်မတိုရှိသော မဇ္ဈိမနိကယ်မှစတင်၍ သင်ကြား၏ ။ အဆင်မြင့်လာသောအခါ ဒီဃနိကာယ်ကို သင်ပေး၏ ။ နိကာယ်သင်တန်းသို့ လာရောက်နားထောင်သောသူ များပြားလာသကဲ့သို့ ပါဠိစာပေသင်တန်းသားများလည်း တိုးတက်များပြားလာသည်။ ထိုသင်ကြားပေးသော နိကာယ်မှ သုတ္တံများမှတဆင့် ဗုဒ္ဓလက်ထက်တော်ကာလ၏ လူတန်းစားများ၊ နေထိုင်မှုပုံစံနှင့် ဓလေ့ထုံးစံ၊ ထိုခေတ်ကာလ အုပ်ချုပ်ရေးပုံစံတို့ကို သိရှိနိုင်ခဲ့ကြသည်။ သင်တန်းတက်သူများမှာ စုံလင်ပါသည်။ ပို့ချသင်ကြားရာတွင် အနတ္တသဘောကို လက်မခံသူများလည်းရှိ၏ ။ ခရစ်ယာန်ဘာသာဝင်များလည်း စိတ်ဝင်စားသဖြင့် လာရောက်ဆွေးနွေးခြင်း၊ သင်တန်းတက်ခြင်းများလည်းရှိ၏ ။ နိကာယ်ကို သင်ကြားရာ၌ ရံခါတွင် ပိုမိုရှင်းလင်းမြင်သာစေရန် အဘိဓမ္မာသဘောများကိုဆက်စပ်ရှင်းပြခဲ့ရသည်။ ဤသို့ဖြင့် သင်တန်းတက်သူများမှပင် အဘိဓမ္မာကို သင်ကြားခဲ့ချင်လာသည်။ [၅၅]

အဘိဓမ္မာသင်တန်း[ပြင်ဆင်ရန်]

အရှင်သေဋ္ဌိလသည် အဘိဓမ္မာသင်တန်းများကိုလည်း ပို့ချသင်ကြားပေးခဲ့သည်။ အဘိဓမ္မာသင်ကြားရာတွင် သီဟိုဠ်ဆရာတော် အရှင် ဂျာဂဒီသျှကဆိယပ ရေးသော သင်္ဂြိုဟ်နှင့် ဦးရွှေဇံအောင်၏ Abhidhamma Compendiumစာအုပ်များကို အခြေခံ၍ သင်ကြားကာ သီဟိုဠ်ရဟန်းတော် အရှင် နာရဒ၏ A Manual of Abhidhamma စာအုပ်များ[၅၆]ကိုလည်းဖတ်စေသည်။ ကျမ်းတစ်ခုအားစတင်သင်မည်ဆိုပါက နောက်ခံသမိုင်း၊ အဖြစ်အပျက်၊ ဆက်နွယ်ပတ်သက်မှုများ စသည်တို့ကို ပြောပြသည်။ သင်ကြားပြီး စာမေးပွဲများလည်းစစ်သည်။ ဂုဏ်ထူးဖြင့် အောင်မြင်သူ၊ ရိုးရိုးအောင်မြင်သူ၊ ကျရှုံးသူများလည်းရှိခဲ့သည်။ [၅၇]

ကမ္မဋ္ဌာန်းသင်တန်း[ပြင်ဆင်ရန်]

ပါဠိသင်တန်းများ၊ နိကာယ်သင်တန်းများ၊ အဘိဓမ္မာသင်တန်းများအားတက်ရောက်သူများသည် စာပေသဘောဖြင့် မလုံလောက်သဖြင့် လက်တွေ့သဘောကို လေ့လာချင်သူများလည်းရှိပါသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းသင်တန်းကိုလည်းပို့ချရပြန်သည်။ သတိပဋ္ဌာန်ဒေသနာမှ ကာယာနုပဿနာ၊ စိတ္တာနုပဿနာများကို အလေးထားပြသသည်။ ကာယနုပဿနာမှ အာနာပါနာသတိပိုင်းကို လက်တွေ့ကျင့်စေသည်။ ကမ္မဋ္ဌာန်းသဘောတရားတွင် သမာဓိနှင့် ပညာ၊ သမ္မထကမ္မဋ္ဌာန်း နှင့် ဝိပဿနာကမ္မဋ္ဌာန်းနှစ်မျိုးတို့ကိုလည်း ရှင်းလင်းပြသခဲ့သည်။[၅၈]

နိုင်ငံတကာတက္ကသိုလ်များနှင့် အခြားနိုင်ငံများ၌ ဟောပြောခြင်း[ပြင်ဆင်ရန်]

၁၉၅၉ခုနှစ်တွင် မစ်ချီကန်တက္ကသိုလ်(the University of Michigan, U.S.A)မှ အာရှလေ့လာမှုအဖွဲ့၏ အမေရိကတခွင်တွင် စာသင်ကြားပေးပါရန် ဖိတ်ကြားချက်ကို လက်ခံခဲ့လေသည်။ တပည့်ဒါယကာ လိုက်ပါခြင်းမခဲ့ပေ။ ဆရာတော်၏ ယင်းတက္ကသိုလ်၌ The Practice and Meaning of Buddhism ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့သည်ကို သတင်းစာကြီးတစ်စောင်က ဆရာတော်ဟောပြောချက်ကို ဆောင်းပါးရေးသားခဲ့၏ ။ ထိုစာသားအချို့ကို အရှင်ဉာနိက၏ မြန်မာဘာသာပြန်တစ်ချို့မှာ :

"ဗုဒ္ဓဝါဒသည် အမှန်တရားရှာဖွေခြင်း မှအစပြုသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်ပိုင်အတွေအကြုံပေါ်မှီ၍ မှန်သောတရားကို ယုံကြည်ရမည်။ ကြောင်းကျိုးဆင်ခြင်မှုနှင့်ကိုက်ညီသောတရားကိုရှာဖွေရမည်။ အကောင်းမြတ်ဆုံးဖြစ်သောတရား၊ သတ္တဝါအများအတွက် အကျိုးစီးပွားဖြစ်ထွန်းမည့်တရားများကိုသာ ယုံကြည်ရမည်ဟု ဗုဒ္ဓကသင်ကြားတော်မူသည်။ လူသည်ကိုယ့်အားကိုယ်ကိုးရမည်။ သရဏဂုံသီလခံယူရာ၌ဆိုမြဲဖြစ်သည့် “ ဗုဒ္ဓကိုကိုးကွယ်ပါ၏” ဟုဆိုသော်လည်း ဗုဒ္ဓက သူ့ကိုကယ်တင်နိုင်သည်ဟူသော အကန်းယုံခြင်းမျိုးကို မယုံကြည်ရ။ ဗုဒ္ဓသည်လမ်းကိုပြညွှန်သူဖြစ်သော်လည်းကျွန်ုပ်တို့အတွက်ထိုလမ်းကို‌လျှောက်ပေးမည်မဟုတ်ပေ။

ဓမ္မဟူသည်မှာအမှန်တရား၊ အမှန်တရားဟူသည် တကယ်ရှိသည်။ လူ၏နှလုံးအတွင်းမှာရှိသောဥပဒေ, အမှန်တရား၏ထုံးနည်းလည်း ဓမ္မပင်ဖြစ်သည်။

အမှန်တရား၏ဥပဒေသဖြစ်သောဓမ္မသည် လူသား၏နှလုံးသားအတွင်း၌သာ ရှိသည်မဟုတ်၊ စကြဝဠာကမ္ဘာလောက၌လည်းရှိသည်။ စကြဝဠာ ကမ္ဘာအနန္တသည် ဓမ္မကိုအကောင်အထည်ဖော်ခြင်း၊ သရုပ်ဆောင်ခြင်းဖြစ်သည်။ လသည်ထွက်သည်။ ဝင်သည်။ မိုးရွာသည်၊ ကောက်ပဲသီးနှံများသီးကြသည်။ ရာသီဥတုပြောင်းလဲနေသည်။ ယင်းတို့ကား ဓမ္မကြောင့်ဖြစ်နေကြသည်။ အကြောင်းမူကား ဓမ္မဟူသည် စကြဝဠာကမ္ဘာ၏ ဥပဒေပင်ဖြစ်၍ ယင်းဥပဒေကကျွန်ုပ်တို့ သဘာဝသိပ္ပံလေ့လာ သင်ကြားရာ၌ ဖော်ပြထားသောနည်းလမ်းအတိုင်းဒြပ်ဝတ္ထုများကို အလုပ်လုပ်စေသောကြောင့်ဖြစ်သည်။"[၅၉]


နှင်းများကျ၍ အလွန်အေးသောရာသီဥတုမှသည် အလွန်တရာပူသောရာသီဥတု စသည့်တို့ကိုကြုံတွေ့ရင်ဆိုင်ရင်း တက္ကသိုလ်များ၌ စာသင်ကြားမှုပေါင်းတစ်ရာ့ခြောက်ဆယ်ကျော်နှင့် အစည်းဝေးများစီစဉ်ခဲ့ရင်း အချိန်ခြောက်လနီးပါးကြာမြင့်ခဲ့သည်။ဤသည်မှာ စီစဉ်မှုဖြစ်သော်လည်း ဆရာတော်သည် ၎င်း၏ဟောပြောမှုများကြောင့် ဟောပြောမှုကိုကြားနာဖူးကြသဖြင့် ဧည့်ဝတ်ကျေပွန်သော အမေရိကန်မိသားစုအတော်များများ၏ အစဉ်အဆက်ဆိုသလို ဖိတ်ကြားခံရသော ဧည့်သည်တစ်ဦးလည်းဖြစ်လာခဲ့သည်။ ဆရာတော်၏ခရီးသွားအစီအစဉ်ထဲတွင် လော့စ်အိန်ဂျလိစ်မှ ဟာဝါရီအထိဖြစ်လေရာ ဟာဝါရီ ဟိုနိုလူလူတက္ကသိုလ်တွင် အဘိဓမ္မတရားအကြောင်းဆယ်ပွဲအပါအဝင် ဟောပြောပို့ချမှုပေါင်းနှစ်ဆယ်ပြုလုပ်ပေးပါရန်လည်း တောင်းဆိုကြသည်။ ထိုကဲ့သို့ အမေရိကတိုက်တွင်ရှိစဉ်၌ပင် ကနေဒါနိင်ငံ တိုရွန်တိုမြို့သို့လည်း သွားရောက်ခဲ့သေးသည်။[၆၀]

ထိုနှစ်များအတောအတွင်း ဩစတြေးလျသို့ ကြွရောက်ပါရန် ဖိတ်ကြားမှုသုံးခုကိုလည်းလက်ခံခဲ့သည်။ တရားထိုင်ခြင်းအကျင့်နှင့် ဓမ္မပဒလေ့လာမှုကိုလည်း ဆရာတော်သည် စိတ်အားထက်သန်စွာရှိခဲ့၏ ။ ဂျပန်သို့သွားရောက်ကာ ဇင်ကျင့်စဉ်တရားထိုင်သူများကို လေ့ကျင့်ပေးပုံ နည်းလမ်းများနှင့်ပတ်သက်၍ လေ့လာနိုင်ခဲ့ခြင်း၊ ဇင်ဗုဒ္ဓဘာသာကျွမ်းကျင်သူများနှင့် ဆွေးနွေးနိုင်ခဲ့ခြင်းစသည့် အခွင့်အရေးတို့ရရှိခဲ့လေသည်။ ထို့နောက် စင်္ကာပူ နှင့် ဟောင်ကောင် နှစ်နိုင်ငံသို့လည်း သွားရောက်ခဲ့သေးသည်။ သီးသန့်ရည်ရွယ်ချက်များအတွက် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ နီပေါလ်၊ ထိုင်းသို့လည်းကြွတော်မူခဲ့သည်။[၆၁]

ဥရောပ၌ ၁၉၆၀မတိုင်ခင် ဘယ်လ်ဂျီယန်၊ ဆွစ်ဇာလန်၊ အီတလီ၊ ဂျာမနီ၊ ဟော်လန်၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်နိုင်ငံများသို့ တရားဟောရန်ဖိတ်ကြားမှုများရှိခဲ့ပြီး ပြင်သစ်တွင် ၁၉၃၈စစ်ကြိုခေတ်က ပထမဆုံးတရားဟောကြားမှုပြီးနောက်နှစ်ပေါင်းများစွာအကြာ ပြင်သစ်တွင်လည်းထပ်မံဟောကြားပေးပါရန်တောင်းဆိုမှုရှိခဲ့သည်။ [၆၂]

၁၉၆၄၌ ဆရာတော်၏ အဘိဓမ္မာကျောင်းသားနှစ်ဦး၏ တိုက်တွန်းမှုဖြင့် အဘိဓမ္မာတရားတော်ဆက်လက်သင်ကြားပေးရန် အင်္ဂလန်သို့ကြွချီတော်မူခဲ့၏ ။ ဤသို့ကြွရောက်သင်ကြားပေးခြင်းပုံစံသည် ရည်ရွယ်ချက်နှစ်ခုကို အခြေခံပါသည်။ ပါဠိမှ အင်္ဂလိပ်ဘာသာသို့ ဆရာတော်ကိုယ်တိုင်ပြန်ဆိုသည့် ဝိဘင်း (ပါဠိ-ဝိဘင်္ဂ)ကျမ်း[၆၃]ကို ပထမဆုံးအနေဖြင့် သင်ကြားပေးခြင်းဖြစ်၏ ။ ၁၉၆၉တွင် ပါဠိစာပေအသင်းကြီးက အကျယ်သုံးသပ်ဝေဖန်နည်း စာအုပ် (The Book of Analysis) အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။[၆၄]

သင်ကြားနည်းစနစ်[ပြင်ဆင်ရန်]

ပရိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဒများနှင့်အညီ ကျွမ်းကျင်သော ဆရာတစ်ဦးအဖြစ် အနစ်နာခံကာ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ တစ်ခုချင်းဆီကို ကိုင်တွယ်ရှင်းလင်းပြောပြပေးခဲ့သည်။ မတူညီသောဘာသာရေးနောက်ခံမှ အနောက်နိုင်ငံသားများအတွက် ဗုဒ္ဓအဆုံးအမများအား ဘာမှန်းလုံးဝမသိရှိကြသည်ကို နားလည်သဘောပေါက်သည်။ ဆရာတော်၏ နည်းလမ်းမှာ ဗုဒ္ဓဆိုသည်မှာမည်သို့ပုဂ္ဂိုလ်ဖြစ်ကြောင်း ရိုးရှင်းစွာဖြင့် ပထမရှင်းပြသည်။ နောက်ပိုင်းတွင်မှ တဖြည်းဖြည်းခြင်း တိတိကျကျရှင်းလင်းပေးသည်။ လူအများက ဗုဒ္ဓဆိုသည်မှာမည်သည့်ပုဂ္ဂိုလ်ဟူသောဆိုသည်နှင့်ပတ်သက်ပြီး မှန်ကန်သော ဗဟုသုတ၊ စိတ်ကူးရလာသောအခါ ရိုးရှင်းသည့်ဝေါဟာရအသုံးအနှုန်းများဖြင့် တစ်စုံတစ်ဦးသည် ကိုယ်ကျင့်တရား၊ ဉာဏ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့လိုမည်ဆိုလျှင် ဗုဒ္ဓအဆုံးအမနှင့် အညီလိုအပ်မှု၊ သာမန်နေ့စဉ်ကိစ္စ၏ သမာအာဇီဝကျစွာလုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း၍ ယုတ္တိသဘော၊ ကြောင်းကျိုးဆက်နွယ်မှုသဘောတရားများကို နားထောင်သူများစိတ်ဝင်စားစေရန် ရှင်းလင်းပြသပေးသည်။ နားထောင်သူပရိတ်သတ်၏ စိတ်ပါဝင်စားမှု၊ အဆင့်အတန်း၊ နားလည်လက်ခံခြင်းတို့ကိုဆန်းစစ်၍ ၎င်းတို့၏ ယုံကြည်မှုများအခြေခိုင်စေရန် ဖြည်းဖြည်းချင်း အကြောင်းရာများကိုပြောပြသည်။ ဉာဏ်ရှိသောလယ်သမားကဲ့သို့ မစိုက်ခင် ထွန်ယက်သည်။ မြေပြင်ကို ပြင်ဆင်သည်။ အမျိုးမျိုးသော မြေဆီလွှာတွင် သင့်တင့်သော မျိုးစေ့ကို ရွေးချယ်ကာ သင့်လျှော်သော ဥတု၌ စိုက်ပျိုးတတ်သည်။ မတူသောမြေဆီဩဇာ၌ တူညီသောမျိုးစေ့ကျဲမိပါက မလျှော်ကန်၊ အကျိုးမဖြစ်ထွန်းသည်ကိုလည်းနားလည်သည်။[၆၅]

လူတစ်ချို့သည် ဓမ္မဆိုသည်နှင့်ပတ်သက်ပြီး လုံးဝမသိရှိကြခြင်းကို နားလည်လက်ခံပြီး ဤကိစ္စအတွက်မည်သည့်အခါမျှ စိတ်မပျက်ခဲ့ပါ။ ထိုသူများ၏ နားမလည်၊ လက်မခံခြင်းများရှိသည်ကို ကြုံတွေ့ပါကလည်း ရည်ရွယ်ချက်ကိုမစွန့်လွှတ် ပို၍သာ ကြိုးပမ်းအားထုတ်ခဲ့သည်။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းသည် နားလည်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံမြေဆီလွှာပင်ဖြစ်ကြောင်းသိရှိ၍ ၎င်းတို့၏ ဘဝတွင် အနည်းဆုံး ငါးပါးသီလမြဲစေရန် ၎င်းတို့ဗဟုသုတနယ်ပယ်ကို အစပျိုး၊ ထိန်းသိမ်း၊ ချဲ့ထွင်ပေးနိုင်ခဲ့ပါသည်။ [၆၆]

ဆရာတော်သည် အရေးပါသောပြဿနာများကို ကိုင်တွင်ရင်း နေ့စဉ်ဖြစ်ပျက်နေသောဘဝထဲက သမ္မာသင်္ကပ္ပ၊သမ္မာဝါစာ၊ သမ္မာကမ္မန္တတို့ကို လူအများ၏ မသိနားမလည်ခြင်းများအကြောင်း ဆွေးနွေးပြောဆိုပေလိမ့်မည်။ ကမ္မဋ္ဌာန်းရိပ်သာများမှ အိမ်သို့ပြန်ရောက်သောအခါ ဆရာတော်သင်ပေးသည့်အတိုင်း "တို့တတွေ ဘယ်လိုတွေးမလဲ၊ ဘယ်လိုပြောဆိုမလဲ၊ ဘယ်လို ပြုမူတုံ့ပြန်ကြမလဲ" ဆိုတာများသည် ကိုယ်ကျင့်တရားပိုင်း၊ စိတ်ဓာတ်ပိုင်းများဘယ်ရွေ့ဘယ်မျှတိုးတက်လာသလဲဆိုသည်နှင့် ပတ်သက်ပြီး သဲလွန်စသက်သေများပင်ဖြစ်ပါသည်။ ကမ္မဋ္ဌာန်းထိုင်ပြီး စိတ်တိုမှု ဒေါသတရားများနည်းပါးလာပါသလား၊ သူတစ်ပါးအပေါ် ပို၍ ကြင်ကြင်နာနာရှိလာပါသလား၊ နေ့စဉ်လောက၌ လိုချင်လောဘများ နည်းပါးလာပါသလား စသည့်မေးခွန်းများသည် မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ရမည့် အကြောင်းအရာများဖြစ်ပါသည်ဟု ဆရာတော်က သင်ပေးခဲ့ပေသည်။[၆၇]

ရေးသားခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  • The Path of the Buddha စာအုပ်မှ ဒုတိယအခန်း[၆၈]
  • The Book of Analysis (Vibhanga)[၆၉]
  • A Buddhist's Companion: An Exposition and Selected Quotations of Ashin Thittila[၇၀]
  • Essential Themes of Buddhist Lectures Given by Ashin Thittila[၇၁]
  • ဓမ္မပဒ Dhammapada (အင်္ဂလိပ် + မြန်မာ) မှ မြန်မာဘာသာပြန် [၇၂]

ဘွဲ့တံဆိပ် နှင့် ဂုဏ်ထူးဝိသေသများ[ပြင်ဆင်ရန်]

နိုင်ငံတော်က ၁၉၅၆ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ၊ ၁၉၉၀ ပြည့်နှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ၊ ၁၉၉၃ ခုနှစ် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော် တို့ကို ဆက်ကပ်ခဲ့သည်။ [၇၃]

၁၉၆၆-၁၉၈၂ မြန်မာပြည်၌ နေထိုင်သီတင်းသုံးစဉ် နိုင်ငံတော်သံဃမဟာနာယက၏ ဩဝါဒစရိယဆရာတော်၊ ရွှေတိဂုံစေတီတော်ဆူးလေစေတီတော်ကမ္ဘာအေးစေတီတော် နှင့် ရန်ကုန်မြို့ရှိ အခြားထင်ရှားသော စေတီတော်များ၏ ဂေါပကအဖွဲ့ ဩဝါဒစရိယဆရာတော်အဖြစ်လည်း လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ စာစစ်သူလည်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

ယေဘုယျကိုးကားချက်များ[ပြင်ဆင်ရန်]

  • အရှင် ဉာနိက (၁၉၉၀). ကမ္ဘာ့သာသနာပြု ပထမကျော် - အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်အရှင် သေဋ္ဌိလ၏ ဘဝဖြစ်စဉ်နှင့် ကမ္ဘာ့သာသနာပြုမှတ်တမ်း. ရန်ကုန်: ပျော်ဘွယ်ဦးတင်အောင် (ပျော်ဘွယ်မြို့နယ်အသင်း -ရန်ကုန်)။  (Cited as ကမ္ဘာ့သာသနာပြုမှတ်တမ်း)
  • Mrs. Claudine W. Iggleden။ ESSENTIAL THEMES OF BUDDHIST LECTURES> A BRIEF BIOGRAPHICAL SKETCH OF THE AUTHOR။ (Cited as biography sketch)
  • ဘီဘီစီဦးနေဝင်း၏ဆရာတော်ကြီးများစာအုပ်
  • ဆုပြည့်စုံထွန်းစာပေ၊ဆရာတော်ကြီးများ၏ထေရုပတ္တိစာစဥ်၊

ကိုးကား အညွှန်းများ[ပြင်ဆင်ရန်]

  1. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.10
  2. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.19
  3. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.9
  4. biography sketch။ 2nd-para
  5. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.19
  6. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.10
  7. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.12
  8. biography sketch။ 2nd-para
  9. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.15
  10. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.17&18
  11. biography sketch။ 2nd-para
  12. biography sketch။ 3rd-para
  13. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.22
  14. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.30
  15. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.23&24
  16. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.30
  17. biography sketch။ 4th-para
  18. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.30
  19. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.36&37
  20. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.37&38
  21. biography sketch။ 5th-para
  22. biography sketch။ 6th-para
  23. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.44
  24. biography sketch။ 7th-para
  25. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.21
  26. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.46
  27. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.47
  28. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.49
  29. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.22
  30. biography sketch။ 7th-para
  31. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.22
  32. biography sketch။ 7th-para
  33. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.22
  34. biography sketch။ 8th-para
  35. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.57
  36. biography sketch။ 8th-para
  37. biography sketch။ 9th-para
  38. biography sketch။ 9th-para
  39. biography sketch။ 10th-para
  40. biography sketch။ 11th-para
  41. Christmas Humphreys (21 November 2005). A Popular Dictionary of Buddhism. Routledge, 233–. ISBN 978-1-135-79746-1 
  42. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.57
  43. biography sketch။ 11th-para
  44. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.163
  45. biography sketch။ 12th-para
  46. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.167
  47. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.163
  48. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.207
  49. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.22
  50. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.19
  51. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.58
  52. Charles Duroiselle (September 2010). A Practical Grammar of the Pali Language. Kessinger Publishing. ISBN 978-1-165-98652-1 
  53. Ambalaṅgoḍa Polvattē Buddhadatta (1956). The new Pali course. Colombo Apothecaries' co.။ 
  54. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.99
  55. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.99-102
  56. Anuruddha (1975). A Manual of Abhidhamma: Being Abhidhammattha Sangaha of Bhadanta Anuruddhācariya. Buddhist Publication Society။ 
  57. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.103-111
  58. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p. 171-180
  59. ကမ္ဘာ့သာသနာပြုမှတ်တမ်း။ p.-155-158
  60. biography sketch။ 13th-para
  61. biography sketch။ 14th-para
  62. biography sketch။ 15th-para
  63. tr U Thittila, 1969/1988, Pali Text Society[၁], Bristol
  64. biography sketch။ 16th-para
  65. biography sketch။ 22th-para
  66. biography sketch။ 23th-para
  67. biography sketch။ 24th-para
  68. Kenneth W. Morgan (1956). The Path of the Buddha: Buddhism Interpreted by Buddhists. Motilal Banarsidass Publ., 67–. ISBN 978-81-208-0030-4 
  69. (1995) The Book of Analysis (Vibhanga): The Second Book of the Abhidhamma Pitaka. Pali Text Society။ 
  70. Ashin Thittila (1996). A Buddhist's Companion: An Exposition and Selected Quotations of Ashin Thittila. Sukhi Hotu။ 
  71. Ashin Thittila (1996). Essential Themes of Buddhist Lectures Given by Ashin Thittila. Department of Religious Affairs။ 
  72. http://www.myanmarbookshop.com/MyanmarBooks/BookDetails/6309
  73. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း -နေဝင်း(လန်ဒန်)။ p.19

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]