သိင်္ဂါလောဝါဒသုတ်တော်

ဝီကီပီးဒီးယား မှ

ဂေါတမမြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းေတာ်၌ သီတင်းသုံးတော်မူနေစဉ်ကာလတွင် သင်္ဂါလ သတို့သားသည် ရာဇဂြိုဟ်ပြည်မှထွက်ကာ စိုစွတ်သော အဝတ်၊ စိုစွတ်သော ဆံပင်တို့ဖြင့်ရှိလျက် အရပ်ခြောက်ပါးကို နေ့စဉ်နေ့တိုင်း ရှိခိုး၏။

နံနက်အချိန်တွင် ဘုရားရှင်သည် ဆွမ်းခံကြွတော်မူ၏။ ထိုအခါ အရပ်ခြောက်ပါး (ရှေ့၊ နောက်၊ တောင်၊ မြောက်၊ ထက်၊ အောက်) ကို ရှိခိုးကာနေသော သင်္ဂါလကို မြင်တော်မူ၏။ မြဆ်စွာဘုရားက မေးတော်မူလေရာ သတို့သားက ဖခင်မသေဆုံးမီက အမှာထားရှိခဲ့သောကြောင့် လေးစားလိုက်နာကာ ပြုခြင်းဖြစ်ကြောင်း ပြော၏။ ထိုအခါ မြတ်စွာဘုရားက အသင်အိမ်ထောင်ဦးစီး နားလည်ခြင်းသည် မမှန်၊ အရပ်ခြောက်မျက်နှာအား ကိုးကွယ်ရှိခိုးနေခြင်းသည် လူတော်လူမြတ်များ မပြုကျင်ပေ ၊ အမှန်တကယ် ရို့ကျိုးရှိခိုး ထိုက်သော အရပ်ခြောက်မျက်နှာ ဟူသည်မှာ မည်သို့ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

သတို့သား၏ လျောက်ထားချက်အရ သိင်္ဂါလောဝါဒသုတ် (ခေါ်) ဂိဟိဝိနယ (ခေါ်) လူ့ဝိနည်းကျင့်ဝတ်တရားတော်များဖြစ်ကြသည့် ကမ္မကိလေသတရားလေးပါး၊ အဂတိလေးပါး ဥစ္စာပျက်စီးကြောင်းခြောက်ပါး၊ အရပ်မျက်နှာခြောက်ပါးတို့ကို အကျယ်ချဲ့ ဟောကြားတော်မူ၏။

ကမ္မကိလေသတရား လေးပါး[ပြင်ဆင်ရန်]

၁။ ပါဏာတိပါတ (သူ့အသက်အားသတ်ခြင်း)

၂။ အဒိန္နာဒါန (သူတစ်ပါးပစ္စည်ခိုးခြင်း)

၃။ ကာမေသုမိစ္ဆာစာရ (သူတစ်ပါး၏ သားမယားတို့ကို ပြစ်မှားကျူးလွန်ခြင်း)

၄။ မုသာဝါဒ (မဟုတ်မမှန်သော စကားတို့ကို ပြောဆိုခြင်း)


ညစ်ညူးခြင်းကို ဖြစ်စေတတ်သည့် အထက်ပါ တရားတို့ကို ရှောင်သင့်၏။

သူ့အသက်ကိုသတ်ခြင်း၏ အပြစ်[ပြင်ဆင်ရန်]

ပါဏာတိပါတ်၊ သူ့သက်သတ်က၊ ချို့လတ်အင်္ဂါ၊ များအနာနှင့်၊ မွဲပြာရုပ်ရည်၊ အားအင်ကွေ၍၊ ကြောက်လေဘေးရန်၊ ကိုယ်လေးလံလျက်၊ ခြွေရံကင်းလတ်၊ သူ့အသတ်ခံ၊ သက်တိုပြန်ရ၊ ပြစ်များလှ၏။ (သင်္ဂဇာဆရာတော်)

သူတစ်ပါးပစ္စည်းခိုးခြင်း၏ အပြစ်[ပြင်ဆင်ရန်]

သူတစ်ပါးဟာ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပြုန်းတီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ စည်းစိမ်ကွာ၏။ (သင်္ဂဇာဆရာတော်)

သူ့သားမယားကျူးလွန်ခြင်း၏ အပြစ်[ပြင်ဆင်ရန်]

မိစ္ဆာစာရ၊ လွန်ကျူးကမူ၊ မုန်းကြသူများ၊ ရန်သူပွားလျက်၊ရှားပါးလာဘ၊ သိမ်ဖျင်းလှ၏၊ မိန်းမပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရ၍၊ လက္ခဏာဣန္ဒြေ၊ ယွင်းသေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာ၏။ (သင်္ဂဇာဆရာတော်)

မုသားစကားပြောဆိုခြင်း၏ အပြစ်[ပြင်ဆင်ရန်]

မုသားစကား၊ ဆိုမိငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣန္ဒြေနောက်၊ ပုံယွင်းဖောက်၏၊ မရောက်အာဏာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မကြည်တည့်။ (သင်္ဂဇာဆရာတော်)

အဂတိလေးပါး[ပြင်ဆင်ရန်]

၁။ ဆန္ဒာဂတိ ချစ်ခင်သဖြင့် မလိုက်သင့်သည့်ဘက်သို့လိုက်၍ မပြုသင့်သည်ကို ပြုခြင်း။

၂။ ဒေါသဂတိ စိတ်ဆိုးသဖြင့် မလိုက်သင့်သည့်ဘက်သို့လိုက်၍ မပြုသင့်သည်ကို ပြုခြင်း။

၃။ မောဟာဂတိ ဆင်ခြင်တုံဉာဏ်မရှိဘဲ မိုက်မဲတွေဝေကာ မလိုက်သင့်သည့်ဘက်သို့လိုက်၍ပြုသင့်သည်ကို ပြုခြင်း။

၄။ ဘယာဂတိ ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်သို့လိုက်၍ မပြုသင့်သည်ကို ပြုခြင်း။

အဂတိလေးပါးလိုက်စားခြင်း၏ အပြစ်များ[ပြင်ဆင်ရန်]

  • အဂတိလေးပါး လိုက်စားပြုကျင့်သူသည် စည်းစိမ်ဥစ္စာ နှင့်တကွ ဂုဏ်သတင်းကျော်ဇောမှုတို့ တစ်နေ့တခြား ယုတ်လျော့လာသည်။
  • အဂတိလေးပါး မလိုက်စား မပြုကျင့်သူသည် ကျက်သရေ ဂုဏ်သိန်စည်းစိမ်တို့ တစ်နေ့တခြား ထင်ရှားကျော်ကြား တိုးတက်ပေါ်လွင်လာသည်။

အပါယမုခ[ပြင်ဆင်ရန်]

၁။ မူးယစ်စေတတ်သော သေရည်သေရက်ကို သောက်စားခြင်း။

၂။ အချိန်အခါမဲ့ (ညအခါ) လှည့်ပတ်သွားလာခြင်း။

၃။ ပွဲလမ်းသဘင် အပျော်အပါး လိုက်စားခြင်း။

၄။ လောင်းကစား ပြုလုပ်ခြင်း။

၅။ မကောင်းသော အဆွေခင်ပွန်းတို့ဖြင့် ပေါင်းသင်းဆက်ဆံခြင်း။

၆။ ပျင်းရိမေ့လျော့ကာ ပေါ့ပေါ့တန်တန် နေထိုင်ခြင်း။

အထက်ပါတို့သည် စည်းစိမ်ဥစ္စာပျက်စီးကြောင်းတရား ခြောက်ပါး ဖြစ်သည်။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အံလောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာ၊ ပျက်ကြောင်းတည်း။ (သင်္ဂဇာဆရာတော်)

သေရည်သေရက်သောက်ခြင်း၏ အပြစ် ခြောက်ပါး[ပြင်ဆင်ရန်]

၁။ ပစ္စည်းဥစ္စာများဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။

၂။ ခိုက်ရန်ဖြစ်ပွားတတ်၏။

၃။ အနာရောဂါဖြစ်ကြောင်း ဖြစ်၏။

၄။ အရှိန်အစော်မဲ့တတ်၏။

၅။ လျှို့ဝှက်တတ်သည်ကို ဖော်ပြတတ်၏။

၆။ ဉာဏ်ပညာ အားနည်းအောင် ပြုတတ်၏။

အခါမဲ့ (ညအခါ) သွားလာခြင်း အပြစ်ခြောက်ပါး[ပြင်ဆင်ရန်]

၁။ မိမိကိုယ်ကို ဘေးအန္တရာယ်မှ လုံခြုံမှုမရှိနိုင်ခြင်း။

၂။ မိမိ၏ ဇနီးသားသမီးတို့ ဘေးအန္တရာယ်ဖြစ်နိုင်ခြင်း။

၃။ စည်းစိမ်ဥစ္စာသည်လည်း လုံခြုံမှုမရှိနိုင်ခြင်း။

၄။ သူတစ်ပါးတို့ပြုသည့် မကောင်းမှု၌ မယုံသင်္ကာဖြစ်၍ အထင်မှားခံရတတ်ခြင်း။

၅။ မဟုတ်မမှန် အစွပ်စွဲ ခံရတတ်ခြင်း။

၆။ များစွာသော ဆင်းရဲတရားတို့၏ ရှေ့သွားဖြစ်ခြင်း။

ပွဲလမ်းသဘင်ကြည့်ရှုခြင်း၏ အပြစ် ခြောက်ပါး[ပြင်ဆင်ရန်]

၁။ ပွဲလမ်းသဘင် ကြည့်ရှုရန် စုံစမ်းနေရ၍ အလုပ်ပျက်ခြင်း။

၂။ ပွဲလမ်းသဘင် ကြည့်ရှုနေရ၍ အလုပ်ပျက်ခြင်း။

၃။ ကျန်းမာရေးထိခိုက်ခြင်း။

၄။ ငွေကုန်ကြေးကျများခြင်း။

၅။ ရရှိပြီးသော စီးပွားဥစ္စာ ပျက်စီးဆုတ်ယုတ်ခြင်း။

၆။ မရရှိသေးသော စီးပွားဥစ္စာ မဖြစ်ထွန်းခြင်း။

လောင်းကစားခြင်းအပြစ် ခြောက်ပါး[ပြင်ဆင်ရန်]

၁။ မိမိက နိုင်ပြန်လျှင်လည်း ခိုက်ရန်ဖြစ်ပွားတတ်ခြင်း။

၂။ မိမိက ရှုံးပြန်လျှင်လည်း ပစ္စည်းဥစ္စာအတွက် နှမြောစိုးရိမ်ခြင်း။

၃။ ကိုယ်တွေ့မျက်မြင် ဥစ္စာဆုတ်ယုတ်ခြင်း။

၄။ မိမိစကားသည် ပရိသတ်အလယ်၌ လူရာမဝင်ခြင်း။

၅။ အဆွေခင်ပွန်းကို မထီမဲ့မြင် ပြုခြင်း။

၆။ "ဤသူသည် ကစားသမားတည်း၊ မယားကို ကျွေးမွေးရန် မစွမ်းနိုင်" ဟု သမီးပေးသားယူ ပြုလိုသူတို့ အလိုမရှိအပ်။

ခင်ပွန်းယုတ်အပြစ် ခြောက်ပါး[ပြင်ဆင်ရန်]

၁။ လောင်းကစားကြူးသူ။

၂။ ကာမဂုဏ်ကြူးသူ။

၃။ သေသောက်ကြူးသူ။

၄။ အတုပြု၍ လိမ်လည်လှည့်ဖျားတတ်သူ။

၅။ ပရိယာယ်ဖြင့် မျက်မှောက်၌ပင် လိမ်လည်လှည့်ပတ်တတ်သူ။

၆။ အနိုင်အထက်ပြုတတ်သူ။

ပျင်းရိခြင်းအပြစ် ခြောက်ပါး[ပြင်ဆင်ရန်]

၁။ အေးလွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း။

၂။ ပူလွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း။

၃။ မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း။

၄။ စောလွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း။

၅။ ဆာလွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း။

၆။ ဝမ်းဝလွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း။

အရပ်မျက်နှာ ခြောက်ပါး[ပြင်ဆင်ရန်]

၁။ မိဘတို့သည် သားသမီးတို့အပေါ် ရှေးဦးစွာကျေးဇူးပြုသောကြောင့် ပုရတ္ထိမာဒိသာ (အရှေ့အရပ်) မည်သည်။

၂။ ဆရာသမားတိုသည် မွန်မြတ်သော ပူဇော်မှုကို ခံယူထိုက်သောကြောင့် ဒက္ခိဏာဒိကာ (တောင်အရပ်) မည်သည်။

၃။ သားမယားတို့သည် မိမိနောက် မှ အစဉ်လိုက်ပါရသောကြောင့် ပစ္ဆိမာဒိသာ (အနောက်အရပ်) မည်သည်။

၄။ အဆွခင်ပွန်းတို့သည် အဆွေခင်ပွန်းတို့ကို အမှီသဟဲပြု၍ ဆင်းရဲတို့ကို လွန်မြောက်နိုင်သောကြောင့် ဥတ္တရာဒိသာ (မြောက်အရပ်) မည်သည်။

၅။ အစေအပါး အမှုလုပ်အလုပ်သမားတို့သည် မိမိ၏ အိမ်ခြေရင်း၌ တည်သောကြောင့် ဟေဋ္ဌိမာဒိသာ (အောက်အရပ်) မည်သည်။

၆။ ရဟန်းသံဃာသည် ဂုဏ်တို့ဖြင့် အထက်၌တည်သောကြောင့် ဥပရိမာဒိသာ (အထက်အရပ်) မည်သည်။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

အရှေ့မိဘ၊ တောင်မှဆရာ၊ ေနာက် မ ှာ သားမယား၊ မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျေးကျွန်၊ ထက် မွန်ရပ်ဖျား ၊ ရဟန်းများ၊ ခြောက်ပါးရပ်မျက်နှာ။ (သင်္ဂဇာဆရာတော်)

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာလ ၁၉၉၂။ pp. ၂၀၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)