သာဂူ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သာဂူသည် အာဒါလွတ်ဥ၊ ပီလောပီနံဥ တို့ကဲ့သို့ ကော်မှုန့်ပါသော အာဟာရတစ်မျိုးဖြစ်၍ အစာကြေလွယ် ပြီးလျှင် ကျန်းမာရေးနှင့်ညီညွတ်စေသည်။ ထို့ကြောင့် မကျန်း မမာဖြစ်နေသူများ၊ လူနာများအတွက် သင့်လျော်သော အစာတစ်မျိုးဖြစ်သည်။ လူနာများအတွက် သာဂူကို ကျိုပြီးလျှင်နွားနို့နှင့်ရော၍ တိုက်ကျွေးကြသည်။ အချို့ကမူ နွားနို့မရောဘဲ သံပရာရည်ညှစ်ထည့်၍ တိုက်ကျွေးကြသည်။ သကြား၊ အုန်းနို့တို့နှင့်ရော၍ ကျိုထားသောသာဂူသည် အလွန်အရသာရှိသော အချိုပွဲအစားအစာတစ်မျိုး ဖြစ်လေသည်။ ထို့ပြင်သာဂူကိုသကြား၊ အုန်းနို့တို့ဖြင့်ရွှေကြည် ကဲ့သို့မုံ့လုပ်၍ လည်းကောင်း၊ သာဂူပျဉ်မုံ့လုပ်၍လည်းကောင်း၊ မြန်မာလူမျိုး တို့စားသုံးကြလေသေးသည်။

သာဂူဟုခေါ်ဝေါ်ကြသောသာဂူစေ့များကို သာဂူပင်ဟု ခေါ်ဝေါ်ကြသော ထန်းမျိုးဝင်အပင်များမှ ထုတ်လုပ် ရရှိသည်။ သာဂူပင်မျိုးတို့သည် ကမ္ဘာ့အပူပိုင်းဒေသနိုင်ငံများ၌ ပေါက် ရောက်ကြသည်။ ထန်းပင်မျိုး ဖြစ်သဖြင့် ပါလမေစီအီး မျိုးရင်းတွင်ပါဝင်ပြီးလျှင် အမျိုးအစားကောင်းသော သာဂူစေ့ အများအပြားထုတ်လုပ်ရရှိသည့် သာဂူပင် မျိုးစိတ်တို့၏ ရုက္ခဗေဒအမည်တို့မှာ မီထရော့ဆီလွန်ရမ်ဖီယိုင်၊ မီထရော့ ဆီလွန်ဆာဂူနှင့် မီထရော့ဆီလွန်လီ်ဗီတို့ ဖြစ်ကြလေသည်။ ထိုအပင်မျိုးတို့သည် ရွှံ့နွံမြေ၊ နုံးမြေ၊ မြေပျော့များ၌ ရှင်သန်ဖြစ်ထွန်းသည်။ အရှေ့အိန္ဒိယကျွန်းစု၌ မူလ ပေါက် ရောက်၍ ထိုဒေသများ၌အများအပြားစိုက်ပျိုးကြသည်။ အထူး သဖြင့် ဗော်နီယိုကျွန်းရှိဆရားဝပ် နယ်တွင်အကြီး အကျယ် စိုက်ပျိုးလုပ်ကိုင်သည်။ ထိုသာဂူပင်မျိုးတို့ကို အစေ့မှလည်း ကောင်း၊ သားတက်မှလည်းကောင်းအပင် ပျိုး၍ စိုက်ပျိုးရသည်။

သာဂူပင်မျိုးတို့သည် အမြင့်ပေ ၃ဝ ထက်မကျော်ချေ။ ပင်စည်သည်တုတ်ခိုင်တောင့်တင်းသည်။ အခေါက်သည် နှစ်လက်မခန့်ထူ၍ ဝါးကဲ့သို့မာကျောသည်။ သို့သော်အလယ်အူ သည် ပျော့ဖတ်ဖတ်ဖြစ်၍ ကစီအနှစ်များပါဝင်သည်။ ကျွနု်ပ်တို့စားသုံးကြသောသာဂူစေ့များကို ထိုအလယ်အူအသားမှ ထုတ်လုပ်ခြင်းဖြစ်သည်။ အရှေ့အိန္ဒိယ ကျွန်းစုတွင် သာဂူထုတ်လုပ်ရေးသည် အဓိကလုပ်ငန်းတစ်ရပ်ဖြစ်သည်။ ဗော်နီယိုကျွန်းမှ ဥရောပနိုင်ငံများသို့ သာဂူ စေ့အများ ဆုံးတင်ပို့လေသည်။

သာဂူပင်တို့သည် တစ်သက်တွင် တစ်ခါသာ အပွင့်ပွင့်သည်။ အပင်သက် ၁၅ နှစ်ခန့်ရှိလာလျှင် အပွင့်ပွင့်၍ အသီးသီးသည်။ အသီးသီးသည့်တိုင်အောင်ထားလျှင် အပင်၏ အလယ်အူရှိကစီနှစ်များခန်းခြောက်၍ အူဟောင်း လောင်းဖြစ်ကာ အပင်သေသွားသည်။ ထို့ကြောင့် ထိုအခြေအနေမျိုးသို့ မရောက်စေရန် အပင်သက် ၁၅ နှစ်ခန့်ရှိ၍ အပွင့်ပွင့်တော့မည့် အခြေရှိလာလျှင် သာဂူထုတ်လုပ်နိုင်ရန်အပင်ကို ခုတ်လဲ ပစ်ရသည်။ ထိုအချိန်သည်အလယ်အူ၌ ကစီနှစ်အများဆုံးရှိသော အချိန်လည်းဖြစ်ပေသည်။ အပင်တစ်ပင်လျှင်သာဂူအချိန်ပေါင် ၈ဝဝ ခန့်ရနိုင်လေသည်။

ခုတ်လှဲချသောအပင်ကို အပိုင်းပိုင်းဖြတ်၍ခွဲခြမ်းပြီးလျှင် အလယ်အူသားကိုထုတ်ယူရသည်။ အလယ်အူသား ကိုသေးငယ် သောအစိတ်အပိုင်းဖြစ်အောင်ကြိတ်ပြီးလျှင် ရေနှင့်သမ၍ အနှစ်ကိုအဝတ် ပိုင်းတခုနှင့်ဖြစ်စေ၊ ဆန်ခါနှင့် ဖြစ်စေ စစ်ယူရသည်။ ထိုအခါအဝတ်ပိုင်းထဲတွင် အဖတ်များအမှုန် များသာ ကျန်ခဲ့၍အနှစ်ရည်များသည်လက်ခံခွက်၊ သို့မဟုတ် ဇလားထဲသို့ကျကုန်သည်။ လက်ခံခွက်ထဲရှိကစီနှစ်များ အနည်ထိုင်လာသောအခါနှစ် ကြိ်မ်သုံးကြိမ်မျှရေ လဲပေးပြီးနောက် ရေစစ်သွားအောင်ပြုလုပ်ပေးရသည်။ ရေစစ်ပြီးသော အနှစ်ဖတ်များကို တိုင်းရင်းသားတို့သည် အခြောက်လှန်း၍ မုံ့ပြုလုပ်စားသုံးကြသည်။ ဟင်းချိုရည်တွင် ထိုအမှုန့်ကို ခတ်၍လည်း စားသုံးကြသည်။

သာဂူစေ့ပြုလုပ်ပုံမှာမူ ထိုမုံ့နှစ်ပျစ်ပျစ်ကို ဆန်ခါဖြင့် တစ်ဖန်တိုက်ချသောအခါ ဆန်ခါပေါက်၏အကျဉ်းအ ကျယ်ကို လိုက်၍ နံနံစေ့အရွယ်မှသေနတ်ကျည်စေ့ကလေးများအရွယ်အထိ အလုံးအနေအစားစား သာဂူစေ့များဖြစ်ပေါ်လာသည်။ သာဂူ စေ့များ၏ပင်ကိုယ်အရောင်သည် ညိုတိုတိုဖြစ်သော်လည်း ရောင်းပန်းလှလေအောင် အရောင်ချွတ် ပစ်ကြသဖြင့် ပုလဲလုံးကလေးများပမာ ဖြူနုသောသာဂူစေ့များဖြစ် လာကြ သည်။

သာဂူစေ့အညံ့စားများကို ထန်းမျိုးဖြစ်သော မင်းပေါ မျိုးစိတ်၊ ပေပင်မျိုးစိတ်နှင့် စွန်ပလွံမျိုးစိတ်ဝင် အချို့အ ပင်မျိုး များမှလည်း ထုတ်ယူရရှိနိုင်သည်။ မြန်မာနိုင်ငံတောင်ပိုင်းပဲခူး၊ ကျိုက္ခမီ၊ သံလွင်၊ မြိတ်စသောနယ်များအ တွင်း၌ပေါက် ရောက်သော တောင်အုန်း (အရင်ဂါဆက္ကရာဖာရာ) ဟုခေါ်ကြ သည့်အပင်များသည် မလ္လာယုသာဂူပင် များဖြစ်ကြ၍ သာဂူ စေ့အညံ့စားကိုထုတ်ယူရရှိလေသည်။ ဥရောပနိုင်ငံများတွင် ဝိတ်ရော့ဗင်ဟုခေါ်သော အပင်၏ဥတက်များ၊ မုန်တိုင်ပင်မျိုး၏ အမြစ်များမှ သာဂူစေ့အညံ့စားကိုထုတ် လုပ်ကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)