သရက်ခုံ(ရေဇင်း)မြို့ဟောင်း

ဝီကီပီးဒီးယား မှ

သရက်ခုံ(ရေဇင်း)မြို့ဟောင်း[ပြင်ဆင်ရန်]

ရေဇင်းတက္ကသိုလ်နှင့် ရေဇင်းရှိသစ်တော၊ လယ်ယာစိုက်ပျိုးရေး စသည့် သုတေသန ဗိမာန်များကို လူသိများလှသည်။ သို့ရာတွင် ရေဇင်းတက္ကသိုလ်နယ်မြေ၊ စိုက်ပျိုးရေးသုတေသန ဌာန၏ တောင်ဘက်၌ရှိသော သရက်ခုံရွာကလေးကိုမူ လူသိအလွန်နည်းပေမည်။ ဤသရက်ခုံ ကျေးရွာကလေးအနီးတွင် မြို့ဟောင်းရာခပ်သေးသေးတစ်ခုကို ကောင်းကင်ဓာတ်ပုံထဲ၌ ဖတ်ရှု တွေ့ရှိရ၏။ အရာဟောင်းမှာ သေးငယ်သဖြင့် မြို့ဟောင်းဖြစ်ရန်ထက် ခံတပ်ဟောင်းတစ်ခုခု ဖြစ်ရန်က ပို၍ အလားအလာရှိသည်။


မြို့ဟောင်းတည်နေရာ[ပြင်ဆင်ရန်]

သရက်ခုံ(ရေဇင်း)မြို့ဟောင်းကလေးသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၆မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၁၅မိနစ်ခွဲခန့်တွင် တည်ရှိသည်။ ပျဉ်းမနား ရေဇင်းသွားလမ်းမကြီး အတိုင်းသွားလျှင် ရေဇင်းတက္ကသိုလ်၏တောင်ဘက် နှစ်မိုင်ခန့်တွင် အရှေ့စူးစူးသို့ အသစ်ဖောက်လုပ်ထားသည့် လမ်းမကြီးတစ်ခုကို တွေ့ရလိမ့်မည်။ ပျဉ်းမနား-ပင်လောင်းလမ်း ပင်တည်း။ ဤလမ်းအတိုင်း ၂-မိုင်ခန့်သွားလျှင် သရက်ခုံကျေးရွာသို့ရောက်သည်။ မြို့ဟောင်း ရာသည် သရက်ခုံကျေးရွာ၏မြောက်ဘက်၌ ကပ်လျက်တည်ရှိသည်။

ဤမြို့ဟောင်းကလေးမှာ တောင်ငူ ၅၂-မြို့ထဲ၌ အကျုံးဝင်သည့် မြို့ငယ်တစ်မြို့လည်း ဖြစ်နိုင်သည်။ သို့ရာတွင် မည့်သည့်အမည်ဖြင့် တည်ရှိခဲ့သည်ကို မပြောနိုင်ပေ။

သရက်ခုံ(ရေဇင်း)ဟူသောအမည်မှာ စာရေးသူမှည့်ခေါ်ထားသည့်အမည်သာဖြစ်သည်။ သရက်ခုံရွာနှင့် ကပ်လျက်တည်ရှိနေသဖြင့် သရက်ခုံအမည်မှည့်ခြင်းဖြစ်သည်။ သို့ရာတွင် သရက်ခုံ၊ သရက်ကုန်း စသည့် အမည်များမှာ နေရာအနှံ့ရှိနေသဖြင့် မည်သည့်နေရာဒေသမှ သရက်ခုံဖြစ်သည်ကို သိရှိနိုင်ရန် သရက်ခုံ(ရေဇင်း)ဟု တွဲ၍မှည့်ခေါ်ထားခြင်းဖြစ်သည်။ ရေဇင်းဒေသသည်လည်း ရေဇင်းတက္ကသိုလ်ကို မှီလျက် လူသိများပြီး ဖြစ်သောကြောင့်ပင်ဖြစ်သည်။


မြို့ဟောင်း၏ပုံသဏ္ဌာန်နှင့်အရွယ်အစား[ပြင်ဆင်ရန်]

သရက်ခုံ(ရေဇင်း)မြို့ဟောင်းငယ်သည် စတုဂံပုံသဏ္ဌာန်ရှိသည့် မြို့ဟောင်းကလေးဖြစ် သည်။ မြို့ရိုးများလည်း တွေ့နိုင်သေးသည်။ မြို့ရိုးတစ်ဘက်၏အလျားမှာ (၄၂၅မီတာ) (၁၃၉၅ ပေ)ခန့်ရှိပြီး အနံမှာ (၃၀ဝ)မီတာ (၉၈၄)ပေခန့်ရှိသည်။ ထောင့်မှန်စတုဂံမျီုးမဟုတ်၊ အနည်းငယ်ယိုင်နေသည်။ သို့ဖြစ်၍မှန်ကူကွက် ပုံသဏ္ဌာန်ကိုဆောင်သည်။

မြို့ရိုးများ ထင်ရှားစွာရှိသေးသည်။ မြေမြို့ရိုးပင်အဓိကဖြစ်ပြီး အနီးအနားရှိ နေရာဗန် ချောင်းထဲမှ သဘာဝကျောက်ခဲများဖြင့် သယ်ယူအားဖြည့်ထားဟန်တူသည်။ မြို့ရိုးတွင် နေရာ အနှံ့သဘာဝကျောက်ခဲများကို တွေ့ရ၏။ မြို့ရိုးအုတ်အစအနများမတွေ့ရ၍ အုတ်များဖြင့် တည်ဆောက်ဟန်မတူပေ။ သို့ရာတွင် တူးကြည့်ရသည်မဟုတ်သဖြင့် အတိအကျမပြောနိုင်ပေ။ အသစ်ဖောက်လုပ်ထားသည့်လမ်းမသည် နေရာဗန်ချောင်းကို ဖြတ်ကျော်ကာမြို့ဟောင်း၏ တောင်ဘက်မြို့ရိုးမှ ဖောက်ဝင်ပြီး မြောက်ဘက်မြို့ရိုးမှ ဖောက်ထွက်သွားသည်။ လမ်းမသည် အရှေ့ဘက်မြို့ရိုးကိုကပ်မြှောင်လျက် တည်ရှိသည်။

မြို့ဟောင်း၏အရှေ့ဘက်တွင် ရှိခဲ့ဖူးသည့် နေရာဗန်ရွာကလေးမှာ ယခုအခါ သရက်ခုံ ရွာနှင့် တစ်ပေါင်းတည်းဖြစ်သွားလေပြီ။ သရက်ခုံရွာ၏ တောင်ဘက်၌ ကပ်လျက်ရှိသော နေရာ ဗန်ချောင်းကလေးသာ နေရာဗန်ဟူသော အမည်ဖြင့်ကျန်ခဲ့တော့သည်။

မြို့ဟောင်း၏ မြေမျက်နှာပြင်သည် အရှေ့ဘက်၌ အနည်းငယ်မြင့်ပြီး တောင်ဘက်သို့ ခပ်ပြေပြေနိမ့်လျှောသွားသည်။ တစ်နည်းအားဖြင့်ပြောရလျှင် စောင်းလျောခပ်ပြေပြေရှိသည့် မြေမျက်နှာပြင်တစ်ခုတွင် တည်ဆောက်ထားသည့် ခံတပ်မြို့ဟောင်းကလေးဖြစ်သည်။ ရေသွင်း၍ထားရှိသည့်ကျုံးမျိုး ရှိဟန်မတူဘဲ ချောက်ကျုံးများပင်ဖြစ်ပေလိမ့်မည်။ မြို့ရိုးများမှာ ချုံနွယ်ပိတ်ပေါင်း ဖုံးလွှမ်းလျက်ရှိလေပြီ။ မြို့ရိုးကိုဖြတ်ဖောက်၍ လမ်းဖောက်ထားသည့်နေရာ များ၌ပင် မြို့ရိုးအုတ်များကို မတွေ့ရပေ။

မြို့ခွင်၏ဧရိယာမှာ ၃၂-ဧကခန့် (၁၃ဟက်တာ)ခန့်မျှရှိလေသည်။ ယခုအခါ မြို့ခွင် အတွင်း၌ူ ယာခင်းများဖြစ်လျက်ရှိလေပြီ။ သရက်ခုံခံတပ်မြို့ဟောင်းကလေးသည် ယခုအခါ သွားရေးလာရေးလွယ်ကူသည့်နေရာတွင် တည်ရှိသည့် မြို့ဟောင်းကလေးတစ်ခုဖြစ်သဖြင့် သွား ရောက်လေ့လာလိုသည့် သမိုင်းပညာရှင်များ ရှေးဟောင်းသုတေသီများအတွက် အလွန်အဆင် ပြေနိုင်ပေသည်။ အချိန်မရွေးလွယ်ကူစွာသွားရောက်နိုင်ပေသည်။


ကိုးကား[ပြင်ဆင်ရန်]