မာတိကာသို့ ခုန်သွားရန်

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ

ဝီကီပီးဒီးယား မှ
သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ)နှင့် အညာ စစ်မြေပြင်၏ တစ်စိတ်တစ်ပိုင်း
သပိတ်ကျင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သပိတ်ကျင်း
သပိတ်ကျင်း
မြန်မာနိုင်ငံမြေပုံပေါ်ရှိ သပိတ်ကျင်းမြို့ တည်နေရာ
ရက်စွဲ၁၈ ဩဂုတ် ၂၀၂၄ – ၂၃ ဇူလိုင် ၂၀၂၅
နေရာသပိတ်ကျင်းမြို့၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
22°53′0″N 95°58′25″E / 22.88333°N 95.97361°E / 22.88333; 95.97361ကိုဩဒိနိတ်: 22°53′0″N 95°58′25″E / 22.88333°N 95.97361°E / 22.88333; 95.97361
အခြေအနေ ၂၀၂၄ ဩဂုတ် ၂၅ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့ပြီး၊ ၂၀၂၅ ဇူလိုင် ၂၃ ရက်တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်။
စစ်ရင်ဆိုင်သူများ

NUG / PDF

  • မန္တလေးတိုင်း PDF (MDY-PDF)
  • သပိတ်ကျင်းမြို့နယ် ပကဖ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

  • အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တွင်းငယ်)
  • တပ်ရင်းဌာနချုပ်များ
  • ရဲတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့
တပ်မှူးများနှင့် ခေါင်းဆောင်များ
အမှတ် (၁) စစ်ဒေသ ကွပ်ကဲရေးမှူးများ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူ (ဖမ်းဆီးခံရ)
စစ်အင်အား
မသိရှိရ အင်အား ၄၀၀ ခန့် (ကွင်း ၅၀၀ တပ်စခန်းအပါအဝင် တပ်ရင်းဌာနချုပ်များ)
အသေအပျောက်
  • ၄ ဦး သေဆုံး (NUG ထုတ်ပြန်ချက်)
  • ၅၁ ဦး သေဆုံး (တပ်မတော်ထုတ်ပြန်ချက်)
  • လက်နက် ၁၁၂ လက် သိမ်းဆည်းရမိ (တပ်မတော်ထုတ်ပြန်ချက်)
တပ်မတော်မှ တပ်ရင်းဌာနချုပ် ပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းခြင်း၊ တန်ပြန်တိုက်စစ်များ ဆင်နွှဲခြင်းတို့ဖြင့် ၁၁ လကြာ တိုက်ပွဲကြီး ၁၇ ကြိမ် ဖြစ်ပွားခဲ့သည်။

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲသည် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) ကာလအတွင်း မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခတစ်ခုဖြစ်သည်။ ဤတိုက်ပွဲသည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ဗျူဟာမြောက် အချက်အချာကျသော သပိတ်ကျင်းမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တပ်မတော် တို့အကြား အပြိုင် ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲ ဖြစ်သည်။[၁]

နောက်ခံအကြောင်းအရင်း

[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီး၏ အမြောက်ဘက်အကျဆုံးမြို့နယ်ဖြစ်သော သပိတ်ကျင်းမြို့သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့၏ နယ်နိမိတ်ချင်း ထိစပ်နေသည့် ဗျူဟာမြောက်ဒေသတစ်ခုဖြစ်သည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည့်အလျောက် သင်္ဘောဆိပ်ကမ်းမြို့အဖြစ် ထင်ရှားပြီး မန္တလေးမြို့မှ ရေမိုင် ၇၇ မိုင်ခန့် ကွာဝေးသည်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ အဓိကလမ်းကြောင်းဖြစ်သည့် မန္တလေး-ဗန်းမော်-မြစ်ကြီးနား ရေလမ်းကြောင်းနှင့် ကူးတို့သင်္ဘောငယ်များ ပုံမှန်ပြေးဆွဲနေမှုကြောင့် ကုန်စည်စီးဆင်းမှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်။ ကုန်းလမ်းကြောင်းအရလည်း မန္တလေးမြို့နှင့် မိုင် ၆၀၊ မိုးကုတ်မြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်တို့သို့ ဆက်သွယ်ပေးသည့် အဓိကကျသော လမ်းဆုံလမ်းခွ မြို့တစ်မြို့ဖြစ်သည်။[၂]

တိုက်ပွဲဖြစ်စဉ်

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) နှင့် ပူးပေါင်းတပ်များသည် သပိတ်ကျင်းမြို့ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းအပါအဝင် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တွင်းငယ်)၊ သိပ္ပံနှင့် သုတေသနနည်းပညာတပ် နှင့် ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ကို ထိုးစစ်ဆင်ခဲ့သည်။ တိုက်ပွဲပြင်းထန်နေစဉ် တပ်မတော်(လေ)သည် ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၇၀ ကျော်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့် ဗုံးသီး ၁၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။စစ်တပ်ဘက်ကမူ ၎င်းတို့ စတင်တိုက်ခိုက်ခံရသည့်ရက်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှစ၍ဟု ထုတ်ပြန်ထားသည်။[၃]

ရက်ပေါင်း ၂၀ ကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် မြို့ဦးတောင်စေတီ၌ ခံစစ်ပြင်ထားသော ကျန်ရှိသည့်ရန်သူများကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးခံရပြီး၊တော်လှန်ရေးတပ်ဖွဲ့များသည် စစ်တပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၄ ဦး ကျဆုံးခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ခဲ့သည်။[၄]

ထို့အပြင် သပိတ်ကျင်းမြို့နယ်ထဲရှိ ကွင်း (၅၀၀) စစ်တပ် တပ်စခန်းသည် ၂၀၂၄ ဩဂုတ်လ ၂၅ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ အပြီးသတ် သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။[၅]

ဤတိုက်ပွဲသည် "၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း" (ရှမ်း-မန်း စစ်ဆင်ရေး) တွင် စဉ့်ကူးနှင့် တကောင်းမြို့များအပြီး တတိယမြောက် သိမ်းပိုက်နိုင်သည့်မြို့ ဖြစ်သည်။ ယင်းအောင်ပွဲကြောင့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေ ပိုမိုကျယ်ပြန့်လာပြီး စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ နယ်မြေတစ်ဆက်တည်း တည်ရှိသွားခဲ့သည်။ ထို့ပြင် မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းရှိ စစ်တပ်၏ ဗျူဟာမြောက် တပ်စခန်းများအားလုံး ကျရှုံးသွားခဲ့သည်။[၆]

စစ်တပ်မှ ပြန်လည်ထိန်းချုပ်ခြင်း

[ပြင်ဆင်ရန်]

တော်လှန်ရေးအဖွဲ့များ၏ သာလွန်အင်အားမားကြောင့် ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုများ များပြားလာသည့် စစ်တပ်သည် သပိတ်ကျင်းမြို့နယ်ကို လက်လွတ်ကာ ကြားခံစစ်အဆင့်ဆင့်ဖြင့် ၇ မိုင်ကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်းဌာနချုပ် သို့ ဆုတ်ခွာခဲ့သည်။ထိုနေရာမှနေ၍ စစ်ရေးပြင်ဆင်မှုဆိုင်ရာ ကိစ္စရပ်များကို လေကြောင်းထောက်ပံ့ပို့ဆောင်ရေးစနစ်ဖြင့် အချိန်ယူဆောင်ရွက်ခဲ့သည်။[၇]

ယင်းနောက် လေကြောင်းပစ်ကူများ နှင့် ရေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် သပိတ်ကျင်းမြို့နယ်အတွင်းသို့ ချဉ်းကပ်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) ဖြင့် တပ်ရင်းဌာနချုပ် ပတ်ဝန်းကျင်၌ စတင်၍ ခြေကုပ်ယူတိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၆ မိုင်ကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၅ ရက်နေ့တွင် ၅ မိုင်ကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ၄ မိုင် ကျေးရွာနှင့် အဆိုပါကျေးရွာအနီး တာဝါတိုင်ကုန်းအားလည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ [၈]

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ တွင် သပိတ်ကျင်းမြို့အား တပ်မတော်က အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။[၉]

ထိုသို့ စစ်တပ်ဘက်မှ ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ဆင်ရေးကာလကို ၁၁ လအထိ အချိန်ယူခဲ့ရသည်။တော်လှန်ရေးအဖွဲ့များနှင့် ထိုစစ်ဆင်ရေးကာလအတွင်း တိုက်ပွဲကြီး ၁၇ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ၊တော်လှန်ရေးအဖွဲ့များမှ ၅၁ ဦး ကျဆုံးကာ လက်နက်မျိုးစုံ ၁၁၂ လက်နှင့် ဆက်စပ်ပစ္စည်းများ စစ်တပ်ဘက်က သိမ်းပိုက်ရရှိခဲ့သည်။[၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Now၊ Myanmar (2024-08-26)။ သပိတ်ကျင်းမြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက် (in en-US)။ 11 August 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-26 တွင် ပြန်စစ်ပြီး။
  2. ↑ ludunwayoo (2024-07-21)။ သပိတ်ကျင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ရှစ်ဦးသေ၊ ရှစ်ဦးဖမ်းဆီးခံရ (in my-MM)။ 13 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-26 တွင် ပြန်စစ်ပြီး။
  3. ↑ သပိတ်ကျင်းမြို့ကို လက်လွှတ်ရတာက တော်လှန်ရေးတပ်တွေအတွက်ဘာသဘောဆောင်လဲ (in my) (2025-07-24)။ 2026-05-26 တွင် ပြန်စစ်ပြီး။
  4. ↑ Now၊ Myanmar (2024-08-26)။ သပိတ်ကျင်းသိမ်းပြီး ကျန်ဗျူဟာမြောက်မြို့များကို ဆက်သိမ်းမည်ဟု NUG ပြော (in en-US)။ 2026-05-26 တွင် ပြန်စစ်ပြီး။
  5. ↑ နေမင်းနီ (2026-02-19)။ တကောင်းနှင့်သပိတ်ကျင်း နယ်စပ်မှ ကျေးရွာကို စစ်တပ် စတင်သိမ်းပိုက် (in en-US)။ 2026-05-26 တွင် ပြန်စစ်ပြီး။
  6. ↑ Burmese၊ R. F. A. (2024-08-26)။ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် (in my)။ 2026-05-26 တွင် ပြန်စစ်ပြီး။
  7. ↑ သပိတ်ကျင်းက စစ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်၊ ခမောက်ကြီးတွင် လူနေအိမ်များကို စစ်တပ်မီးရှို့ (in en)။ 2026-05-26 တွင် ပြန်စစ်ပြီး။
  8. ↑ တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့အား ပြန်လည်ထိန်းချုပ် | Ministry Of Information (in en)။ 2026-05-26 တွင် ပြန်စစ်ပြီး။
  9. ↑ ဧရာဝတီ (2025-07-25)။ သပိတ်ကျင်းသိမ်းအပြီး ၇ မိုင်၌ စစ်တပ် အင်အားပြန်စု (in en-US)။ 2026-05-26 တွင် ပြန်စစ်ပြီး။
  10. ↑ Now၊ Myanmar (2025-07-25)။ သပိတ်ကျင်းမြို့ပေါ် တွင် စစ်ကောင်စီတပ်စွဲ၊ တစ်မြို့နယ်လုံး ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေ (in en-US)။ 6 September 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-26 တွင် ပြန်စစ်ပြီး။