သန်းမောင်
သန်းမောင် | |
|---|---|
| တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင်အစိုးရ |
| သမ္မတ | မင်းအောင်လှိုင် |
| လက်ထောက် | စိုင်းထွန်းညို |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် |
| ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် | |
| တာဝန်သက်တမ်း ၁ နိုဝင်ဘာ ၂၀၁၈ – ၉ ဧပြီ ၂၀၂၆ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဧပြီ ၂၄၊ ၁၉၅၅ စစ်တွေမြို့၊ ရခိုင်ပြည်နယ် |
| ကြင်ဖော် | ဒေါက်တာကြည်ကြည်ဆွေ |
| သွေးသားတော်စပ်သူ | ဇော်အေးမောင် (ညီ) |
| သားသမီး | ၃ ဦး |
| မိဘ | ကျော်ဇောဝေ (ဖခင်) သန်းကြည် (မိခင်) |
| မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် (LL.B, MA in Business Law) |
| အလုပ်အကိုင် | ဥပဒေပညာရှင်၊ တေးရေး၊ အဆိုတော် |
| ကျွမ်းကျင်မှု | ရှေ့နေ |
| အစိုးရအဖွဲ့ | ဦးမင်းအောင်လှိုင်အစိုးရ |
| ဂီတခရီးလမ်း | |
| အခြားအမည်များ | သန်းမောင် (စစ်တွေ) |
| ဂီတဟန် | ရိုးရာသံစဉ်၊ ခေတ်ပေါ်သံစဉ် |
| အလုပ်အကိုင် | တေးရေး၊ အဆိုတော် |
| တက်ကြွသည့်နှစ်များ | ၁၉၇၄–လက်ရှိ |
ဦးသန်းမောင် (၂၄ ဧပြီ ၁၉၅၅ ဖွား) သည် ရခိုင်လူမျိုးရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှစ၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဆဌမမြောက် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။[၁][၂]
၎င်းသည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အ ပြင်၊ရခိုင်တေးရေး တေးဆို အဆိုတော်တစ်ဦးအဖြစ်လည်း ဒေသတွင်းထင်ရှားသူလည်း ဖြစ်သည်။[၃]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးသန်းမောင်ကို ၁၉၅၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဖခင် ဦးကျော်ဇောဝေ (ကုန်သွယ်လယ်ယာ) နှင့် မိခင် ဒေါ်သန်းကြည် (ကျောင်းဆရာမ) တို့မှ မွေးဖွားခဲ့သည်။ ၎င်းသည် ငယ်စဉ်က မိဘများ၏ လုပ်ငန်းတာဝန်အရ စစ်တွေ၊ မော်လမြိုင်၊ သာယာဝတီ၊ ပုသိမ်၊ မင်းတပ်၊ စစ်ကိုင်းနှင့် မြောင်းမြမြို့များရှိ အခြေခံပညာကျောင်းများတွင် လှည့်လည်ပညာသင်ကြားခဲ့သည်။ ပညာထူးချွန်သူတစ်ဦးဖြစ်သည့်အားလျော်စွာ ၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သတ္တမတန်း၊ အဋ္ဌမတန်းနှင့် နဝမတန်းတို့တွင် သုံးနှစ်ထပ်ကွမ်း လူရည်ချွန်အဖြစ် စစ်တွေ၊ စစ်ကိုင်းနှင့် မြောင်းမြမြို့တို့မှ အသီးသီးရွေးချယ်ခံခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် မြောင်းမြမြို့ အထက (၁) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီးနောက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ဥပဒေပညာကို ဆက်လက်သင်ယူခဲ့ရာ ဥပဒေဘွဲ့ (LL.B) ရရှိခဲ့သည်။ ထို့ပြင် ၂၀၀၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ စီးပွားရေးရာ ဥပဒေမဟာဘွဲ့ (MA in Business Law) ကိုလည်း ထူးချွန်အဆင့်ဖြင့် အောင်မြင်ခဲ့သည်။[၄]
ဝန်ထမ်းဘဝနှင့် ဥပဒေရေးရာ ဆောင်ရွက်ချက်များ
[ပြင်ဆင်ရန်]၎င်းသည် ၁၉၈၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ရှေ့နေချုပ်ရုံးတို့တွင် ဥပဒေအရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပုဂ္ဂလိကကဏ္ဍသို့ ကူးပြောင်းကာ စင်္ကာပူနိုင်ငံအခြေစိုက် Kelvin Chia Yangon ဥပဒေလုပ်ငန်းနှင့် အမေရိကန်နိုင်ငံအခြေစိုက် Baker McKenzie International ဥပဒေလုပ်ငန်းတို့တွင် Senior Counsel အဖြစ် ၂၀၁၇ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။
ဦးသန်းမောင်သည် ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၌ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး ၂၀၂၆ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ ထို့ပြင် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီတွင် အလုပ်ရှင်ကိုယ်စားလှယ်အဖြစ် ၂၀၁၃ ခုနှစ်မှစ၍ ပါဝင်ခဲ့သလို၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွင်လည်း အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။၎င်းသည် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာရေးရာလေ့လာရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံအင်ဂျင်နီယာများကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာများအဖွဲ့ချုပ်တို့တွင်လည်း ဥပဒေအတိုင်ပင်ခံအဖြစ် အသီးသီးဆောင်ရွက်ခဲ့သည်။သူသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတွင် ဥပဒေအကြံပေးနှင့် စာချုပ်များပြန်လည်စိစစ်ရေး အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
စာပေကဏ္ဍ နှင့် ဂီတ
[ပြင်ဆင်ရန်]စာပေကဏ္ဍတွင် ဥပဒေရေးရာနှင့်စီးပွားရေးဆိုင်ရာဆောင်းပါးများထဲ ဦးသန်းမောင် (စစ်တွေ) ကလောင်အမည်သည် ထင်ရှားသူတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ဥပဒေနှင့် စီးပွားရေးရာဆောင်းပါးပေါင်း ၁၈၀ ကျော် ရေးသားခဲ့ပြီး ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာ ဥပဒေစာအုပ်များကို ထုတ်ဝေခဲ့သည်။
ဂီတပိုင်းကို ၁၉၇၄ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်ဝင်ရောက်ခဲ့သည်။ "စီးလို့ကျန်လိုက်မြို့စစ်တွေ" အမည်ရှိ ကိုယ်ပိုင်သံစဉ်သီချင်းသည် ၎င်း၏ တေးရေးဘဝအစ ဖြစ်ခဲ့သည်။ယနေ့အထိ ရိုးရာနှင့် ခေတ်ပေါ်သံစဉ် ရခိုင်၊ မြန်မာတေးသီချင်းပေါင်း ၃၀၀ ကျော်ကို ရေးစပ်ခဲ့ရာတွင် "ဤသည်ရခိုင်သား ဤကားရခိုင်ပြည်"၊ "ဗျာလ" နှင့် "ဟန်ဖီလေ ဟန်စွလေ" တို့မှာ ထင်ရှားသော လက်ရာများဖြစ်ခဲ့သည်။၎င်း၏ အနုပညာနှင့် ဥပဒေပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် မူပိုင်ခွင့်စောင့်ရှောက်ရေးအဖွဲ့များတွင် ဥပဒေရေးရာတာဝန်ခံအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။[၅]
ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းနှင့် လူမှုရေးရာများ
[ပြင်ဆင်ရန်]ဦးသန်းမောင်သည် ၂၀၂၆ ခုနှစ် ဧပြီ ၇ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရ၏ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ထမ်းဆောင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသူ၏ အဆိုပြုခြင်းကို ခံခဲ့ရသည်။အဆိုပါ အဆိုပြုမှုကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိဘဲ လက်ခံခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ဆဌမမြောက် ပြည်ထောင်စုဝန်ကြီးအဖြစ် ထမ်းဆောင်သည်။[၆]
ရရှိခဲ့သည့်ဆု
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်မှစ၍ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တန်းခိုးဆရာထွန်း ဂီတစာဆိုဆု၊ ၂၀၁၉ ခုနှစ်တွင် ရခိုင်တံခွန်ဆုနှင့် ၂၀၂၅ ခုနှစ်တွင် ရခိုင်ပြည်နယ်အစိုးရ၏ ပြည်နယ်လူမှုထူးချွန်ဆု (ပထမအဆင့်) တို့ကို ချီးမြှင့်ခြင်းခံရသည်။ [၇][၈]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဇနီး ဒေါက်တာကြည်ကြည်ဆွေ နှင့် အိမ်ထောင်ကျခဲ့ပြီး၊သမီး ၂ဦး နှင့် သား ၁ဦး ထွန်းကားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဧရာဝတီ (2026-04-07)။ စစ်ခေါင်းဆောင်ရဲ့ အစိုးရသစ် ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဝန်းရံ (in en-US)။ 2026-04-09 တွင် ပြန်စစ်ပြီး။
- ↑ ဝန်ကြီး အယောက် ၃၀ ခန့်ရန် စစ်ခေါင်းဆောင် အဆိုပြု (in en)။ 2026-04-09 တွင် ပြန်စစ်ပြီး။
- ↑ ■ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်ရန် အဆိုပြုတင်ပြထားသူ ၃၀ ဦးတွင် လက်ရှိအစိုးရအဖွဲ့ဝင် ၂၀ ဦးပါဝင် (in my)။ 2026-04-09 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Competition Commission (MMCC)။ 2026-04-09 တွင် ပြန်စစ်ပြီး။
- ↑ သမ္မတက လွှတ်တော်သို့ပေးပို့သည့်ဝန်ကြီးများစာရင်းတွင် ရခိုင်လူမျိုး တေးရေး၊ တေးဆို ဦးသန်းမောင်လည်း ပါဝင် (in my)။ 2026-04-09 တွင် ပြန်စစ်ပြီး။
- ↑ စစ်ဗိုလ်ချုပ်ဟောင်း၊ ဝန်ကြီးဟောင်းတွေနဲ့ ဦးမင်းအောင်လှိုင်ရဲ့ဇာတ်ညွှန်းဟောင်း (in my) (2026-04-08)။ 2026-04-09 တွင် ပြန်စစ်ပြီး။
- ↑ နက္ခတ်ဗေဒပညာရှင် ဆရာကြီးဦးအောင်ချစ်နှင့် ကိုသန်းမောင် တန်းခိုးဆရာထွန်းဆု ချီးမြှင့်ခံရ (in my)။ 2026-04-09 တွင် ပြန်စစ်ပြီး။
- ↑ (၄၅)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း ကျင်းပ (in my)။ 2026-04-09 တွင် ပြန်စစ်ပြီး။