သန့်လေးသန့် စီမံချက်

ဝီကီပီးဒီးယား မှ
(သန့်လေးသန့် (ဝါ) သန့်ငါးသန့် မှ ပြန်ညွှန်းထားသည်)

သန့်လေးသန့် စီမံချက်ဆိုသည်မှာ မြို့ရွာနှင့် ကျေးလက်ဒေသတို့တွင် အစားအစာသန့်ရှင်းခြင်းရေသန့်ရှင်းခြင်းလက်သန့်ရှင်းခြင်းနှင့် အိမ်သာသန့်ရှင်းခြင်းတို့အတွက် စီမံကိန်းဖြစ် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ယင်း စီမံချက်တွင် ယူနီဆက်၊ ဗဟိုကျန်းမာရေးပညာဌာနနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသည် ပူးပေါင်းပါဝင်ကြသည်။

သန့်လေးသန့်ဆိုသည်မှာ အစားအစာသန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်းနှင့် အိမ်သာသန့်ရှင်းခြင်းတို့ကို ခေါ်ဆိုသည့် အတိုကောက်အခေါ်ဖြစ်သည်။ ယင်း သန့်လေးသန့်အပြင် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုပါ နောက်ပိုင်းတွင် ထည့်တွင်းပြောဆိုလာပြီး တချို့သော နေရာများတွင် သန့်ငါးသန့်ဟု ပြောဆို သုံးနှုန်းလေ့ရှိသည်။

အစားအစာသန့်ရှင်းခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အစားအစာသန့်ရှင်းခြင်း

အစားအစာသန့်ရှင်းခြင်းဆိုသည်မှာ ရေကောင်းရေသန့်ရှိမှ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးရှိမှ၊ ယင်လုံအိမ်သာရှိမှ အကျိုးဖြစ်ထွန်းနိုင်သည့် သန့်လေးသန့်ထဲမှ အရေးအကြီးဆုံး အနှစ်ချုပ် ဖြစ်သည်။

ရေသန့်ရှင်းခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရေသန့်ရှင်းခြင်း

သန့်ရှင်းသော သောက်သုံးရေသည် အနည် အမှုန် ကင်းရသည်။ အရောင် အဆင်း၊ အနံ့ အရသာ ကင်းရသည်။ ကျန်းမာရေး ထိခိုက်စေသော ပိုးများနှင့် ဓာတ်သတ္တုများ ကင်းရမည်။ အနည် အမှုန်များတွင် ရောဂါပိုးများ ခိုကပ်နေသည်။ သံဓာတ်၊ ထုံးဓာတ်ကဲ့သို့ ဓာတ်သတ္တုများလည်း ပါရှိနေသည်။ ယင်းကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်သည်။

လက်သန့်ရှင်းခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - လက်သန့်ရှင်းခြင်း

လက်တွင် ကပ်ပါလာနိုင်သည့် မစင်အညစ်အကြေး အနည်းငယ်(တစ်ဂရမ်)တွင် လူတို့ကို ရောဂါဖြစ်ပြီး သေစေနိုင်သော ဗိုင်းရပ်စ်ရောဂါပိုး ၁၀ သန်း၊ ဘက်တီးရီးယား ရောဂါပိုးပေါင်း ၁ သန်း၊ ကပ်ပါးရောဂါပိုးပေါင်း(ဥပမာ-သန်ကောင်၊ ဝမ်းကိုက်ပိုး) ၁ ထောင်နှင့် ကပ်ပါးရောဂါပိုး ဥပေါင်း(ဥပမာ-သန်ဥ) ၁ ရာ ပါဝင်သည်။ ကလေးမစင်သည်လည်း လူကြီးမစင်နည်းတူ ရောဂါပိုးများ ပါဝင်နေသည်။ လက်တွင်သာမက ငွေစက္ကူ၊ တံခါးလက်ကိုင်နှင့် ပန်းကန် ခွက်ယောက်များတွင်ပင် လူ့မစင်မှ ရောဂါပိုးများစွာ ကပ်ငြိနေနိုင်သည်။

အိမ်သာသန့်ရှင်းခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အိမ်သာသန့်ရှင်းခြင်း

အိမ်သာသည် ယင်မလုံပဲ ယင်နှင့် မစင်ထိတွေ့နေပါက ယင်ကောင်မှ တစ်ဆင့် ဝမ်းနှင့် ပတ်သက်သည့် ရောဂါများ ကူးစက်ပြန့်ပွားနိုင်သည်။ အိမ်သာအသုံးပြုပြီးတိုင်း အိမ်သာခွက် ဇလားကို ရေဖြင့် စင်ကြယ်စွာ ဆေးကြောမှု မရှိလျှင် အိမ်သာ မသန့်ရှင်းပါ။ စနစ်မကျသော အိမ်သာများ၊ သန့်ရှင်းမှု မရှိသော အလေ့အကျင့်များကို ပြောင်းလဲပြင်ဆင်လေ့ကျင့်လျှင် ကျန်းမာရေးအတွက် အကျိုးရှိသည်။ ရပ်ရွာထဲတွင် ယင်မလုံအိမ်သာတစ်လုံးရှိရုံဖြင့် တစ်ရွာလုံးတွင် ယင်မှတစ်ဆင့် ဝမ်းနှင့် ပတ်သက်သော ရောဂါများ ကူးစက်ပြန့်ပွားနိုင်သဖြင့် ယင်မလုံသော အိမ်မှ အိမ်သာကို ယင်လုံအောင် ပြုပြင်ရန် ရပ်ရွာထဲမှ လူတိုင်းတွင် တာဝန်ရှိသည်။

ပတ်ဝန်းကျင်သန့်ရှင်းခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပတ်ဝန်းကျင်သန့်ရှင်းခြင်း

ရောဂါဘယတို့သည် လူသားနှင့်ပတ်ဝန်းကျင်ကို အပြန်အလှန် သဟဇာတဖြစ်စွာ တည်မှီနေမှုပျက်ယွင်းလာသောကြောင့် ဖြစ်ပွားကြသည်ဟု လက်ခံယုံကြည်ကြသည်။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုသည်မှာ လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ကျန်းမာခြင်းနှင့် အသက်ရှင်သန်မှုတို့ကို ထိခိုက်စေသော လူသား၏ ရုပ်ပတ်ဝန်းကျင်ရှိအချက်အလက်တို့အား ထိန်းချုပ်ရန်နည်းလမ်းများ ရှာဖွေဆောင်ရွက်ခြင်းဟု အဓိပ္ပာယ်ရသည်။

ကိုးကား[ပြင်ဆင်ရန်]

ယူနီဆက်ဖ်၏ ပံ့ပိုးမှုဖြင့် ဗဟိုကျန်းမာရေးပညာဌာန သန့်လေးသန့် စီမံချက်မှ ထုတ်ဝေသည့် လက်ကမ်းစာအုပ်ငယ်များ