နီစေအာသနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

နီစေအာသနသိက္ခာပုဒ် (ပါဒုကဝဂ်)

အမြင့်၌နေသူအား တရားဟောမှု[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိတို့က နိမ့်သောနေရာ၌ ထိုင်၍ မြင့်သောနေရာ၌ နေသူအား တရားဟောကြကုန်၏၊ ထိုသို့ နေထိုင်ပုံကို မကျေနပ်သော ရဟန်းတော်တို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ရှုတ်ချ၍ ဘုရားရှင်အား တိုင်တန်း လျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာ အပြစ် တင်တော်မူပြီးလျှင် ရှေးတုန်းက ဖြစ်ခဲ့ဘူးသော အကြောင်း ဝတ္ထုတခုကို ဟောပြတော်မူလေသည်။[၁]

သရက်သီးခိုးစဉ်က ဖြစ်ခဲ့ပုံ[ပြင်ဆင်ရန်]

ရှေးသောအခါ ဒွန်းစဏ္ဍားတယောက်သည် သရက်သီး ပေါ်ချိန်မဟုတ်သော အခါဝယ် ကိုယ်ဝန်အရင့်အမာဖြင့် လွန်စွာသရက်သီး စားလိုသောချင်ခြင်း အာသာကြောင့် မစားရလျှင် သေရမလောက်ဖြစ်နေသော မယားအတွက် သရက်သီးရှာ ထွက်ရလေသည်၊ ထိုအချိန်၌ ရှင်ဘုရင်၏ သရက်ပင်တပင်သည် အမြဲ အသီး-သီးလေ့ရှိ၏၊ ထိုဒွန်းစဏ္ဍားသည် အခြားနေရာ၌ ရှာမရသောကြောင့် ညဉ့်အခါဝယ် ထိုဘုရင့်သရက်ပင်ပေါ် တက်၍ ဟိုရှာသည်ရှာ ရှာနေတုန်းမှာပင် မိုးလင်းသဖြင့် မဆင်းသာဘဲ အပင်ပေါ်မှာ ပုန်းနေရလေသည်။

ထိုအချိန်မှာပင် ရှင်ဘုရင်နှင့် ပုရောဟိတ် ပုဏ္ဏားလည်း သရက်ပင် အောက်သို့ ရောက်လာ၍ နိမ့်သောနေရာ၌ ထိုင်နေသော ဆရာပုရောဟိတ်က မြင့်သော နေရာ၌ ထိုင်နေသော ရှင်ဘုရင်အား မန္တာန်ချပေးလေသည်၊ ထိုအခြင်းအရာကို မြင်နေရသော သရက်သီးသူခိုးမှာ အောက်ပါအတိုင်း စဉ်းစားမိလေ၏။

(၁) အမြင့်ပေါ်ကနေ၍ မန္တာန်ကို သင်ယူသောမင်းလည်း သိပ်မတရားသောမင်းတည်း၊

(၂) နိမ့်သောနေရာမှာနေ၍ မန္တာန်ပို ချပေးသော ဆရာ ပုဏ္ဏားလည်း သိပ်မတရားသူပင်တည်း၊


(၃) မယားအတွက် သရက်သီး ခိုးသောငါလည်း အလွန်မတရားသူပင်ဖြစ်၏၊ ၃-ယောက်လုံး၏ အလုပ်ဟာ ယုတ်မာဆိုးဝါးလှ၏၊ ဤသို့ စဉ်းစားမိ၍ (ငါသေသေ, သူတို့သေသေ သဘောဖြင့်) သရက်ပင်ပေါ်မှ ခုန်ချ၍ မင်း ပုဏ္ဏား ၂-ဦးသားကိုပင် တရားကို မသိမမြင်ကြကြောင်းဖြင့် ပြစ်တင်ကဲ့ရဲ့လေသည်၊ ထိုဝတ္ထု၌ ဒွန်းစဏ္ဍားဆိုသူကား ငါတို့ ဘုရားအလောင်းပင်တည်း။ [စတုက္ကနိပါတ်, ဆဝဇာတ်၊]

ဤဝတ္ထုကို ဟောတော်မူပြီးလျှင် “ဘိက္ခုတို့...ထိုဒွန်းစဏ္ဍား ဖြစ်စဉ်တုန်းကပင် နိမ့်သောနေရာ၌နေ၍ မန္တာန်ပို့ချမှုကို မနှစ်သက်ခဲ့သေး၏၊ ယခု ဘုရားဖြစ်သောအခါ၌ကား အဘယ်မှာ နှစ်သက်နိုင်ပါမည်နည်း” ဟု မိန့်တော်မူကာ-

“န နီစေ အာသနေ နိသီဒိတွာ ဥစ္စေ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာကရဏီယ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

နိမ့်သော နေရာပေါ်၌ နေ၍ မြင့်သော(ကောင်းသော) နေရာပေါ်၌ နေသော ဂိလာနမဟုတ်သူအား တရားမဟောအံ့” ဟု အလေ့အကျင့်ကို ပြုရမည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး