သေမင်းကို စိန်ခေါ်သူများ

ဝီကီပီးဒီးယား မှ
(သည် ဟတ် လော့ကာ (ရုပ်ရှင်) မှ ပြန်ညွှန်းထားသည်)
သေမင်းကို စိန်ခေါ်သူများ
ရုပ်ရှင်ပိုစတာ
အချက်အလက်များ
ဒါရိုက်တာကက်သရင်းဘစ်ဂလို (Kathrny Bigelow)
ဝတ္ထုမာ့(ခ်) ဘိုး(လ်) Mark Boal
သရုပ်ဆောင်များJeremy Renner, Anthony Mackie, Bryan Geraghy
ဘာသာစကားအင်္ဂလိပ်
Action / Adventure

The Hurt Locker ကို မာ့(ခ်) ဘိုး(လ်) Mark Boal က ဇာတ်ညွှန်းရေးသားပြီး အမျိုးသမီး ဒါရိုက်တာတဦးဖြစ်တဲ့ ကက်သရင်း ဘစ်ဂလို (Kathryn Bigelow) က ရိုက်ကူးထားတာပါ။ ‘အိုင်အီးဒီ’ ဗုံးတွေကို ရှင်းလင်းဖို့ ဘဂ္ဂဒက်မြို့က လမ်းမပေါ်ကင်းလှည့်နေတဲ့ အမေရိကန် စစ်သားတွေအကြောင်း ရိုက်ပြထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သဘာဝကျပြီး ယုတ္တိရှိလှတဲ့အတွက် အလွန်ပင် ကြည့်ကောင်းတဲ့ ဇာတ်ကားကောင်း တကားဖြစ်ပါတယ်။

The Hurt Locker မှာ အဓိကဇတ်ကောင်တွေအဖြစ်၊ အမေရိကန် ဗုံးရှင်းလင်းရေး တပ်စုတစုမှ ထောက်လှမ်းရေး အရာရှိတဦး၊ အခင်းဖြစ်ပွားတဲ့နေရာမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ရိုင်ဖယ်သေနတ်ကိုင် ကျွမ်းကျင်သူ စစ်သည်တဦး၊ ပြီးတဲ့နောက် အိုင်အီးဒီးဗုံးဆီ လမ်းလျှောက်သွားပြီး ဗုံးကိုပေါက်ကွဲနိုင်တဲ့ အခြေအနေ မရှိတော့အောင် ပြုလုပ်ရတဲ့ တပ်ကြပ်ကြီးတဦးတို့ ပါဝင်ပါတယ်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ဇာတ်ကားအစကို အိုင်အီးဒီး ဗုံးတလုံး ဘဂ္ဂဒက်မြို့ရဲ့ လမ်းတလမ်းမှာ တွေ့ရကြောင်း သတင်းရရှိပုံနဲ့ ဖွင့်ထားပါတယ်။ ဗုံးရှင်းလင်းရေးတပ်စုရဲ့ တပ်ကြပ်ကြီးဟာ သူ့ရဲဘော်ရဲဘက်များကို စိတ်မပူဖို့မှာပြီး ဗုံးကာကွယ်ရေး ဝတ်စုံကို ဝတ်ဆင်ပါတယ်။ ပြီးနောက် ဗုံးရှိရာသို့ လျှောက်သွားပြီး ဗုံးကိုပေါက်ကွဲနိုင်ခြင်း မရှိတော့လေအောင် ဗုံးရဲ့ စနက်တန်ကို ဖြုတ်ပစ်လိုက်ပါတယ်။ သူဟာ သူ့ရဲဘော်တွေဆီ ပြန်လျှောက်အလာမှာတော့ လူတယောက် ဆယ်လူလာဖုန်း ကိုင်ထားတာကို တွေ့သွားတယ်။ တချိန်တည်းမှာပဲ သူလှည့်ကြည့်ပြီး ထွက်ပြေးပေမယ့် နောက်ကျသွားပါပြီ။ ဗုံးက ဝုန်းကနဲဆို ပေါက်ကွဲသွားပါတော့တယ်။ တပ်ကြပ်ကြီးလည်း ဗုံးထိပြီး တစစီဖြစ်သွားတယ်။ The Hurt Locker ဟာ စစချင်း မိနစ်ပိုင်းမှာပဲ ဇာတ်ကားရဲ့ ရည်ရွယ်ချက်နဲ့ နည်းဗျူဟာတွေကို ချပြလိုက်ပါတယ်။ ဇာတ်ကားရဲ့ အဖွင့်ပြကွက်တွေက ကြည့်တဲ့သူတွေကို ဆက်လက် ကြည့်ချင်စိတ်ကို အမိအရ ဖမ်းယူထားလိုက်ပါတယ်။

တပ်ကြပ်ကြီး ကျဆုံးပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်တဲ့ ကျွမ်းကျင်သူ ‘အိုဝင်အယ်ဒရစ်ဂျ်’ နဲ့ တပ်ကြပ်ကြီး ‘ဂျေတီဆင်းဘွန်း’ တို့ဆီ တပ်ကြပ်ကြီး ‘ဝီလျံဂျိမ်း(စ်)’ (ဂျိမ်းစ်ရင်နာ) ထပ်မံရောက်ရှိပြီး အစားထိုးပါတယ်။ ဝီလျံဟာ ကျဆုံးသွားတဲ့ တပ်ကြပ်ကြီးလို ခေါင်းဆောင်ရည် ကျွမ်းကျင်မှုနဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်မရှိတဲ့ အာဖဂန်နစ္စတန် စစ်ပြန်တဦးဖြစ်ပါတယ်။ ဝီလျံဟာ စကားသိပ်မပြောတတ်ဘဲ သူ့အလုပ် သူလုပ်လေ့ရှိပါတယ်။ သူ့အလုပ်က ဘဂ္ဂဒက်မြို့ကြီးအတွင်း ဗုံးတွေမပေါက်ကွဲအောင် ဟန့်တားပေးဖို့ပါ။ သူဟာ ဗုံးရှင်းလင်းရာမှ အင်မတန် ကျွမ်းကျင်ပြီး အေးဆေးတည်ငြိမ်မှု ရှိသူပါ။ ဒါပေမဲ့ တခါတခါမှာ မိုက်ရူးရဲတော့ ဆန်တတ်ပါတယ်။

ဝီလျံဟာ ဗုံးထောင်ထားတဲ့ မော်တော်ကားကို တစစီဖြုတ်နေတဲ့အခါ၊ ဒါမှမဟုတ် ကောင်လေးတယောက်ရဲ့ ဝမ်းဗိုက်ကို ခွဲပြီးထည့်ထားတဲ့ အိုင်အီးဒီးဗုံးကို နှိုက်ယူတဲ့အခါ၊ ဒါမှမဟုတ် သဲကန္တရထဲမှာ ဗြိတိသျှ ကြေးစားစစ်သားတချို့နဲ့ ပူးပေါင်းတဲ့အခါ၊ သူ့လှုပ်ရှားမှုတွေဟာ အရမ်းစိတ်လှုပ်ရှားဖွယ်ကောင်းပြီး ကြည့်ကောင်းလှပါတယ်။ အရမ်းတော်တဲ့ အားကစားသမားတယောက် ဒါမှမဟုတ် စိတ္တဇလူသတ်ကောင်တဦးလို ယုံကြည်မှု၊ အသေးစိတ်ဂရုစိုက်မှု၊ ထက်မြက်မှုတွေဟာ သူ့မှာ တွေ့ရပါတယ်။ အဲဒါဟာ ကိုယ်ပတ်ဝန်းကျင်မှာ အပယ်ခံဖြစ်နေတဲ့ လူတယောက်ဟာ စစ်မြေပြင်မှာ အရမ်းထက်မြက်တဲ့ လူသတ်ယန္တရားတခု ဖြစ်သွားပုံမျိုးလိုပါပဲ။

ဇာတ်ညွှန်းဆရာ မာ့(ခ်) ဘိုး(လ်) Mark Boal နဲ့ ဒါရိုက်တာ ကက်သရင်းဘစ်ဂလို (Kathryn Bigelow) တို့ကတော့ အဲဒီလို ရည်ရွယ်ချက်ကိုမပြဘဲ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေးမျိုးမှာ စစ်တပ်က ဝီလျံဂျိမ်းစ်လို လူစားမျိုးလိုအပ်သလို ဝီလျံဂျိမ်းစ်ကလည်း စစ်တပ်ကို လိုအပ်တယ်ဆိုတာကို ပြထားပါတယ်။ ဝီလျံဂျိမ်းစ်အနေနဲ့လည်း ဒီလိုအလုပ်မျိုးဟာ အချိန်မရွေးသေနိုင်တဲ့ အလုပ်ဖြစ်ပေမယ့် ဒီလိုအလုပ်မျိုးကို စွန့်စားပြီး လုပ်ကိုင်ရတာကို ခုံမင်နှစ်သက်တာကို ပြထားပါတယ်။

ဝီလျံက ဗုံးတွေကိုရှာပြီး ပေါက်ကွဲမှု မရှိနိုင်တော့တဲ့ အခြေအနေဖြစ်သွားအောင် လုပ်ရာမှာ အင်မတန် ကျွမ်းကျင်ပါတယ်။ ဒါဟာ သူ့အလုပ်သက်သက်မဟုတ်ဘဲ၊ အသက်မွေးဝမ်းကျောင်းပညာလို ဖြစ်နေတာပါ။ နောက်ပြီး သူ့အဖို့ ပျော်စရာလည်း ကောင်းတယ်လို့ ယူဆထားတယ်။ သူ့ရဲဘော်တွေဟာ သူ့ဗုံးရှင်းနည်းတွေကို သဘောမကျပေမယ့် နောက်ပိုင်းမှာတော့ သူ့ကို တန်ဖိုးထား လေးစားလာကြတယ်။

The Hurt Locker ဟာ ငြီးငွေ့စရာ အခန်းတချို့ ပါသော်လည်း အီရတ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်မှုမှာ ချက်ချင်းလက်ငင်းဆန်မှုကြောင့် အကြောင်းအရာတွေဟာ သစ်နေပါတယ်။ စိတ်ပျက်စရာ တင်းမာမှုနဲ့ အဆိပ်ဓာတ်ပါတဲ့ အနံ့အသက်တို့က ဇာက်ကားတလျှောက်လုံးမှာ အနီးကပ် ထိတွေ့ခံစားရစေခဲ့ပါတယ်။ အမှန်တော့ ဒါရိုက်တာ ကက်သရင်း ဘစ်ဂလို (Kathryn Bigelow) ဟာ မိန်းမဖြစ်နေတဲ့ ယောက်ျားဒါရိုက်တာ တယောက်ပါ။ သူမဟာ ဆန့်ကျင်ဘက်ရှိတဲ့ လူတွေရဲ့ ဆက်စပ်မှုတွေကို ရှာဖွေတင်ပြရတာကို အရသာရှိပုံရပါတယ်။

သူမရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့အတူ သဘာဝကျပြီး ယုတ္တိရှိလှတဲ့ တင်ပြချက်တွေကြောင့် ၂ဝ၁ဝ ခုနှစ် ၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲ၌ အကောင်းဆုံး ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆု နှစ်ခု ဆွတ်ခူးလိုက်တဲ့ ဇာတ်ကားကောင်းတကားလို့ ဆိုချင်ပါတယ်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 28 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2010 တွင် ပြန်စစ်ပြီး။