သစ်အယ်ပင်

ဝီကီပီးဒီးယား မှ

သစ်အယ်ပင်သည် မျိုးခွဲမျိုးစိတ်များပြားသော သစ်ပင်မျိုးဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သမပိုင်းဇုန်၌ပေါက်ရောက်သော သစ်အယ်ပင်အမျိုးမျိုးတို့အနက် ကောင်းစွာစားသုံးရန်အဆန် ရရှိသော သစ်အယ်ပင်လေးမျိုးမှာ ကက်စတာနီးယား မျိုးခွဲဝင်များဖြစ်ကြ၍ ရုက္ခဗေဒအမည်ဖြင့်

  1. ကက်စတာနီးယားဆက်တီဗာဟု ခေါ်သော ဥရောပ(စပိန်)သစ်အယ်မျိုး၊
  2. ကက်စတာနီးယား ဒင်တေးတာဟု ခေါ်သော အမေရိကန်သစ်အယ်မျိုး၊
  3. ကက်စတာနီးယား ကရီနေတာဟု ခေါ်သော ဂျပန်သစ် အယ်မျိုး၊ ကက်စတာနီးယားမောလစ်ဆီမာဟု ခေါ်သော တုတ်သစ် အယ်မျိုးတို့ဖြစ်ကြသည်။

ထိုသစ်အယ်မျိုးတို့သည် အသီး၏ အစေ့ဆန်ကိုလည်း စားရ၍ သစ်အယ်သားကိုလည်း အသုံးပြုနိုင်ပြီးလျှင် အခေါက်သည် သားရေနယ်လုပ်ငန်းအတွက် အသုံးဝင်သောကြောင့် စီးပွားရေးအမြင်အားဖြင့် အဖိုးတန်သစ်ပင်မျိုး ဖြစ်လေသည်။ သစ်အယ်ပင်တို့သည် ရွက်ကြွေပင်မျိုးဖြစ်သည်။

ဝက်သစ်ချပင်မျိုးတို့နှင့် မျိုးတူဖြစ်၍ ဖဂေးစီအီး မျိုးရင်းတွင် ပါဝင်သည်။ သစ်အယ်ပင်တို့မှ သေးသွယ်ရှည်လျား၍ ကြောင်မြီးနှင့်တူသော အဝါရောင်ပွင့်တံမျိုး ထွက်သည်။ ကြောင်မြီးပွင့်တံ နှစ်မျိုးပွင့်ရာ တစ်မျိုးတွင် ပွင့်တံတစ်ခုလုံး၌ အဖိုပွင့်ချည်း ပါသည်။ အခြားတစ်မျိုး၌မူ ပွင့်တံ၏အပေါ်ပိုင်းတွင် အဖိုပွင့်များပွင့်၍ အောက်ခြေတွင် အမပွင့်များ ပွင့်သည်။ အမပွင့်များသည် ဆူးကဲ့သို့သော အမွေးများ ထူထပ်စွာပါရှိသည့် အသီးမျိုးအဖြစ် ကြီးထွားလာကြသည်။

အသီးအတွင်း၌ လုံးဝန်းသော အဆန်ချောင်တစေ့သီး တစ်ခုမှ သုံးခုအထိ ပါရှိတတ်၍ အချို့မျိုးများတွင် တစ်ဆန်သာ အဖတ်တင်လေ့ရှိသည်။ ယင်းသို့တစ်ဆန်သာ အဖတ်တင်သော အမျိုးများမှာ အဆန်စားသုံးရန် အတွက် ကောင်းမွန်သောအမျိုးများ ဖြစ်သည်။ အရွက်များသည် အစိမ်းရင့်ရောင်ဖြစ်ပြီးလျှင် ပြောင်လက်နေသည်။ ရှည်ဝိုင်းဝိုင်း ပုံသဏ္ဌာန်ရှိပြီးလျှင် အရင်းကြီး၍ အဖျားသွယ်သည်။ အရွက်နားတွင် လွှသွားခပ်ကျဲကျဲကဲ့သို့ ချွန်မြသောအသွား ရှိသည်။ အကြောများ ထင်ရှားသည်။ အခေါက်များသည် အမြှောင်းအမြှောင်း ထင်ရှားနေသည်။ သစ်အယ်ပင်တို့သည် ရောဂါအမျိုးမျိုးကြောင့် အပင် ညှိုးနွမ်းခြောက်သွေ့လာ၍ဖြစ်စေ၊ သစ်သားအလို့ငှာဖြစ်စေ၊ ပင်စည်ကို လှဲဖြတ်ချလိုက်လျှင် ငုတ်တက်အပေါက်မြန်သော အပင်မျိုး ဖြစ်သည်။ သစ်အယ်သားကို ဝက်သစ်ချသားကဲ့သို့ပင် အသုံးပြုနိုင်ပေသည်။ များသောအားဖြင့် ထင်းအလို့ငှာ အသုံးပြုကြသည်။

အသားကောင်းသော သစ်အယ်သားများကို တယ်လီဖုန်းတိုင်၊ ခြံဝင်းတိုင်နှင့် အချို့အဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံးပြုကြသည်။ သစ်ကြော ကျစ်လျစ်သိပ်သည်းမှုမရှိသဖြင့် အရောင်တင်၍ မလှသော်လည်း နေအိမ်အဆောက်အအုံ အတွင်းဘက်ကျသော နေရာများတွင် သစ်အယ်သားကို ထည့်၍ သုံးကြသည်။ သစ်အယ်သားသည် လေဒဏ်မိုးဒဏ်ကြောင့်လည်းကောင်း၊ မြေကြီးနှင့်အစဉ်ထိနေသောကြောင့်လည်းကောင်း ဆွေးမြည့်ပျက်စီးလွယ်မှုမရှိခြင်းသည် ယင်း၏ ထူးခြားသော ဝိသေသဂုဏ်တစ်ရပ် ဖြစ်လေသည်။

သစ်အယ်ပင်တို့သည် မြေပွ၍ ရေစိမ့်လွယ်ပြီးလျှင် ခြောက်သွေ့သော မြေမျိုး၌ ဖြစ်ထွန်းသည်။ အမြစ်ခိုင်သော အပင်မျိုးလည်း ဖြစ်သည်။ အစေ့မှ အပင်ပျိုးယူနိုင်သည်။ ပျိုးခင်းမှ နေရာရွှေ့ပြောင်းစိုက်သော တစ်နှစ်မှ သုံးနှစ်သားအပင်များသည် မိုးခေါင်သည့်ကာလနှင့် ကြုံကြိုက်လျှင် သေသွားတတ်သော်လည်း များသောအားဖြင့် ပျိုးပင်များသည် ရှင်သန်သည်သာ များသည်။ ယင်းတို့သည် မြေကြီးတွင် တော်ရုံအစိုဓာတ်ရရုံနှင့် ရှင်သန်နိုင်သည်။ သစ်အယ်ပင်များသည် ကမ္ဘာ့မြောက်ဘက်ပိုင်း သမပိုင်းဇုန်ပင်လယ်နှင့်ဝေးကွာ၍ ရာသီဥတုမပြင်းထန်လှသော ဒေသများ၌ ပေါက်ရောက်သည်။ အကြမ်းဖျင်းအားဖြင့် ဥရောပတိုက်နှင့် အမေရိကတိုက်တို့တွင် မြေပြင်အမြင့်ပေ ၄ဝဝဝ ကျော်၌လည်းကောင်း၊ ဂျပန်နိုင်ငံ၌ ပေ ၃ဝဝဝကျော်၌လည်းကောင်း၊ တုတ် နိုင်ငံတွင် ပေ ၈ဝဝဝ ကျော်၌လည်းကောင်း မပေါက်ရောက်ချေ။ မြေထဲပင်လယ်ဒေသ၌ ပေါက်ရောက်သော ဥရောပသစ်အယ်မျိုးနှင့် မြောက်အမေရိကတိုက်အရှေ့ပိုင်း၌ ပေါက်ရောက်သော အမေရိကန်သစ်အယ်မျိုးတို့သည် သစ်ပင်ကြီးများဖြစ်သည်။ ဂျပန်သစ်အယ်မျိုးမှာမူ သစ်ပင်ငယ်များဖြစ်လေသည်။

ကုန်သွယ်စီးပွာရေးလောက၌ တန်ဖိုးအရှိဆုံးသည် ဥရောပသစ်အယ်မျိုး ဖြစ်သည်။ ယင်းတို့သည် ဥရောပတောင်ပိုင်း၊ အာဖရိကမြောက်ပိုင်း၊ ကော့ကဆပ်တောင်တန်း၏ အရှေ့ဘက်ကျသော အာရှတိုက် တောင်ပိုင်းဒေသများ၌ မူလ စတင်ပေါက်ရောက်ခဲ့သည်။ နောင်အခါ အင်္ဂလန်စကော့တလန်အိန္ဒိယနှင့် ဩစတြေးလီးယားတို့၌လည်း စိုက်ပျိုးဖြစ်ထွန်းသည်။ ၁၉ ရာစုနှစ်တွင် အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းဒေသများ၌လည်း စိုက်ပျိုး၍ အောင်မြင်သည်။ ၂ဝ ရာစုနှစ်ဝင်စတွင် အမေရိကန်အရှေ့ပိုင်းဒေသများ၌ အပင်များပျက်စီးကာ ထိုအပင်မျိုးပျောက်ကွယ်လုမတတ် ဖြစ်ခဲ့သော်လည်း ကာလီဖိုးနီးယားပြည်နယ်နှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းဒေသတို့တွင် ဖြစ်ထွန်းလျက်ပင် ရှိသည်။ သစ်အယ်မျိုးတို့အနက် ထိုမျိုးစိတ်ဝင်တို့သည် ပင်လုံးပင်စည် အကြီးမားဆုံး ဖြစ်သည်။ စစ္စလီကျွန်း မောင့်အက်တနာ မီးတောင်၏ ခြေရင်းတွင် တွေ့ရသော သစ်အယ်ပင်သည် ၁၈၅ဝ ပြည့်နှစ်တွင် ပင်စည်လုံးပတ် ၂ဝ၄ ပေ ရှိ၍ ဆိုခဲ့သောမီးတောင် ပေါက်ကွဲသဖြင့် အပင်ကြီးပျက်စီးရချိန်တွင် အပင်သက် ၂ဝဝဝ ခန့် ရှိမည်ဟု ခန့်မှန်းကြလေသည်။

ဥရောပသစ်အယ်သီးဆန်သည် ဥရောပနှင့် အမေရိကတိုင်းပြည်များ၌ စားသုံးကြသော သစ်အယ်သီးဆန်မျိုး ဖြစ်သည်။ စပိန်သစ်အယ်၊ သစ်အယ်ချိုဟုလည်း ခေါ်တွင်သည်။ နိုင်ငံခြားသို့ သစ်အယ်သီးဆန် အများဆုံးတင်ပို့နိုင်ကြသော နိုင်ငံများမှာ ဣတလီ၊ စပိန်နှင့် ပေါ်တူဂယ်နိုင်ငံများ ဖြစ်သည်။ ဤစေ့ဆန်အကြီးစားများကို အစိမ်းအတိုင်းလည်ကောင်း၊ လှော်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးကြသည်။ ဒုတိယတန်းစားများကို အခြောက်ခံကာ မာအောင်ပြုပြီးလျှင် အမှုန့်ပြု၍ ဂျုံ၊ ပြောင်းစသည်တို့အစား စွတ်ပြုတ်၊ ပေါင်မုန့်နှင့် အခြားအစားအသောက်များ၌ ထည့်သွင်းအသုံးပြုကြလေသည်။ အသေးစားများကိုမူ နွားစာ၊ ဝက်စာ စသည်ဖြင့် အသုံးပြုကြလေသည်။

အမေရိကန်သစ်အယ်မျိုးသည် အမေရိကန်ပြည်ထောင်စု၏ အဖိုးတန်သစ်ပင်များအနက်တွင် တစ်မျိုးအပါအဝင် ဖြစ်သည်။ မူလက မိန်းပြည်နယ်တောင်ပိုင်း၊ မီရှိဂန်ပြည်နယ်အရှေ့တောင်ပိုင်း၊၊ အီလီနွိုင်ပြည်နယ် တောင်ပိုင်း၊ ဖလော်ရီဒါပြည်နယ်အနောက်ပိုင်း၊ နယူးအင်္ဂလန်ပြည်နယ် အတ္တလန္တိတ်ကမ်းရိုးတန်း မရောက်မီ ဒေသများ စသည်တို့၌ ပျံ့နှံ့ပေါက်ရောက်သည်။ ထိုအပင်မျိုးတို့သည် တောင်တန်းဒေသများ၌ ထူထပ်စွာပေါက်ရောက်၍ မြေနိမ့်ပိုင်းသို့ရောက်သောအခါ အပင်များ ကျဲသွားသည်။ သစ်တောများတွင် ထိုသစ်အယ်ပင်တို့သည် ပေ ၁ဝဝ အထိ မြင့်ကြ၍ ကွင်းပြင်တွင် ပင်စည်အချင်း ခြောက်ပေမှ ရှစ်ပေအထိ ရှိသော သစ်အယ်ပင်များကို မကြာခဏ တွေ့ရသည်။ ပင်စည်အချင်း ၁၂ပေကျော်သော သစ်အယ်ပင်များပင် ရှိကြောင်း သိရှိရသည်။ ဥရောပသစ်အယ်သီးဆန်နှင့် စာလျှင် အမေရိကန်သစ်အယ်သီးဆန်သည် သေးငယ်ပြီးလျှင် အရောင်မွဲမွဲ အမွေးနုများဖြင့် ဖုံးလွှမ်းနေသဖြင့် အမြင်မလှပေ။ အရသာတွင် အမေရိကန်သစ်အယ်သီးဆန်၏ အရသာကို တုတ်သစ်အယ်သီးဆန်ကသာလျှင် မှီနိုင်ပေသည်။ ဥရောပသစ်အယ်မျိုးနှင့် အမေရိကန် သစ်အယ်မျိုးတို့တွင် မျိုးစိတ်မျိုးပြား အများအပြား ရှိလေသည်။ ဂျပန်သစ်အယ်သီးမျိုးသည် ဂျပန်နှင့် ကိုရီးယားနိုင်ငံများတွင် မူလပေါက်ရောက်သည်။ ဂျပန်နိုင်ငံတွင် ၁၇ ရာစုနှစ်အစောပိုင်းက သစ်အယ်သီးဆန်သည် ထိုတိုင်းပြည်၏ အရေးပါသော အစားအစာ တစ်မျိုး ဖြစ်သည်။ အပင်သည် အငယ်စား ဖြစ်သော်လည်း ပေ ၆ဝ မြင့်၍ လုံးပါတ် သုံးပေ ရှိသော ဂျပန်သစ် အယ်ပင်မျိုးများ ရှိခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။ အမေရိကန်ပြည်ထောင်စုသို့ ၁၈၇၆ ခုနှစ်တွင် မျိုးယူ၍ စိုက်ခဲ့ရာ အပင်များသည် သီးချိန်မတိုင်မီ အသီးသီး၍ အသီးလည်း များသည်။ အစေ့ဆန်များသည်လည်း အမြင်လှသည်။ သို့သော် နူးနူးညံညံမရှိပေ။ ပြုတ်၍လည်းကောင်း၊ လှော်၍လည်းကောင်း စားသုံးမှသာလျှင် အရသာပို၍ ကောင်းလေသည်။

တုတ်သစ်အယ်သီးမျိုးသည် ဂျပန်သစ်အယ်သီးမျိုးအရွယ်အစားပင် ဖြစ်သည်။ ၁၉ဝ၆ ခုနှစ်မှ ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလအတွင်း အမေရိကန်ပြည်ထောင်စုသို့ မျိုးယူ၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခဲ့သည်။ ပေါက်ရောက်သော အပင်တို့သည် ပုတိုက်တိုက်အစားလည်း ပါသည်။ မြင့်မြင့်မားမားလည်း ပါသည်။ အလတ်စားမျိုးလည်း ပါသည်။ ဥရောပသစ်အယ်ကဲ့သို့ အစေ့ဆန်မကြီးသော်လည်း အမြင်လှ၍ အရောင်တောက်ပြီးလျှင်အရသာချိုသည်ကို တွေ့ရလေသည်။

မြန်မာနိုင်ငံတွင် ကက်စတာနော့ပစစ်မျိုးခွဲဝင် သစ်အယ်မျိုးပေါင်း ၁၄ မျိုးခန့်ရှိသည်။ ထို့ပြင် စား၍ကောင်းသော အစေ့ဆန် ရရှိပြီးလျှင် ရုက္ခဗေဒအမည်ဖြင့် ကက်စတာနီးယားဆက်တီဗာဟု ခေါ်သော ဥရောပ သစ်အယ်မျိုးသည်လည်း မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသ၌ စိုက်ပျိုးဖြစ်ထွန်းလေသည်။

ထို့ပြင် ကက်စတာနော့ပစစ်မျိုးခွဲတွင်ပါဝင်၍ မြန်မာနိုင်ငံ တောင်ကုန်းဒေသများတွင် ပေါက်ရောက်သော အပင် (ကက်စတာနော့ပစစ် အာဂျီရိုဖီလာ)၊ ကပ်ပင် (ကက်စတာနော့ပစစ် ထရီဗျူလွိုင်ဒီး) တို့သည်လည်း သစ်အယ်မျိုးဝင်များ ဖြစ်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)