ဝီလျံဘုရင်များ (ဂျာမန်)

ဝီကီပီးဒီးယား မှ

ဝီလျံဘုရင်များ (ဂျာမန်)[ပြင်ဆင်ရန်]

ဝီလျံအမည်ခံ ပရပ်ရှား ဘုရင်များအနက် ဟိုင်အင်ဆောလန်းမင်းဆက်၌ အပါအဝင်ဖြစ်သော ဘုရင်နှစ်ပါးတို့သည် ဂျာမန်ဧကရာဇ် ဘွဲ့ကိုလည်း ခံယူခဲ့ကြသည်။

ပထမ ဝီလျံဘုရင်(ခရစ် ၁၇၉၇-၁၈၈၈)[ပြင်ဆင်ရန်]

ဂျာမန်ဧကရာဇ်ဘွဲ့ကို ပထမဦးဆုံးခံယူခဲ့သော ပထမဝီလျံသည် ပရပ်ရှားဘုရင် တတိယဖရက်ဒရစ် ဝီလျံ၏ ဒုတိယသားတော်ဖြစ်သည်။ ၁၇၉၇ ခုနှစ်မတ်လ ၂၂ ရက်နေ့တွင် ဘာလင်မြို့၌ဖွားမြင်သည်။ ငယ်စဉ်ကတည်းက စစ်တပ်တွင် ဝင်ရောက်အမှု ထမ်းခဲ့ရာ ၁၈၁၄ ခုနှစ်နှင့် ၁၈၁၅ ခုနှစ် များ၌ နပိုလီယန်နှင့်ဖြစ်ပွားသော စစ်ပွဲတွင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သဖြင့် နာမည်ထင်ရှားခဲ့လေသည်။ ၁၈၄ဝ ပြည့်နှစ်တွင် ခမည်းတော်ဘုရင်ကြီး ကွယ်လွန်လေသော်နောင်တော်က စတုတ္ထဖရက်ဒရစ်ဝီလျံဘွဲ့ခံ၍ နန်းတက်ခဲ့သည်။ နောင်တော်ဘုရင်တွင် သား ထောက် သမီးခံ မရှိသဖြင့် ဝီလျံမင်းသားသည် နန်းညွန့်နန်းလျာ ဖြစ်လာ လေသည်။

၁၈၄၈ ခုနှစ်တွင် ပရပ်ရှားနိုင်ငံ၌ တော်လှန်ရေး ဖြစ်ပွားလာရာ ဝီလျံမင်းသားသည် အခြေခံစည်းမျဉ်းဥပဒေ ပြင်ဆင်ရေးကို မထောက်ခံနိုင် သဖြင့် အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သို့ရာတွင် နောက် တစ်နှစ်၌ ပရပ်ရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ တော်လှန်ရေးတပ်ကို အောင်မြင်စွာ တိုက်ခိုက်နှိမ်နင်းခဲ့သည်။

၁၈၅၈ ခုနှစ်တွင် ဖရက်ဒရစ်ဝီလျံဘုရင်သည် စိတ်မနှံ့ ဖြစ်လာ သောကြောင့် ဝီလျံမင်းသားက နိုင်ငံကို ရင်ခွင်ပိုက်အုပ်စိုးခဲ့ရလေသည်။ ၁၈၆၁ ခုနှစ်တွင် နောင်တော်ကွယ်လွန်သောအခါ ပထမဝီလျံဘုရင်အဖြစ် ပရပ်ရှားထီးနန်းကိုဆက်ခံအုပ်စိုးသည်။

ပထမ ဝီလျံဘုရင်သည် ပရပ်ရှားစစ်တပ်ကို တိုးချဲ့ပြုပြင်ရာ၌ ပါလီမန်လွှတ်တော်နှင့် သဘောကွဲလွဲခဲ့သည်။ သို့ရာတွင် ဖွန်ဗစ်စမတ်ဆိုသူ ကို ဝန်ကြီးချုပ်အဖြစ်ခန့်၍ နိုင်ငံကိုအုပ်ချုပ်စေသည်။ ထိုကြောင့် ၁၈၆၂ ခုနှစ်မှစ၍ ဗစ်စမတ်ကသာလျှင် ပရပ်ရှား နိုင်ငံရေးကို စီမံ ခန့်ခွဲခဲ့လေ သည်။ ဗစ်စမတ်သည် ပရပ်ရှားနိုင်ငံကခေါင်းဆောင်၍ ဂျာမန်နိုင်ငံ အားလုံး သွေးစည်းပူးပေါင်းရေးကို မရမနေအားထုတ်ဆောင်ရွက်ခဲ့သူဖြစ် သည်။ ထိုရည်ရွယ်ချက်အောင်မြင်ရန်အတွက် ပါလီမန်လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။ စစ်ပွဲသုံးပွဲလည်း တိုက်ခိုက်ခဲ့သည်။

၁၈၆၄ ခုနှစ်တွင် ပရပ်ရှားနိုင်ငံသည် ဩစတြီးယားနိုင်ငံနှင့် ပူးပေါင်း၍ ဒိန်းမတ်နိုင်ငံကို တိုက်ခိုက်အောင်မြင်သဖြင့် နယ်ပယ်အချို့ကို ရရှိခဲ့လေသည်။ တစ်ဖန် ၁၈၆၆ ခုနှစ်တွင် ဩစတြီးယားနိုင်ငံနှင့် စစ်ဖြစ် လေသည်။ ထိုစစ်ပွဲ၌လည်းပရပ်ရှားက စစ်နိုင်သဖြင့် ဂျာမန်နိုင်ငံတို့၏ ဦးစီးခေါင်းဆောင်ဖြစ်လာသည်။ သို့ဖြစ်၍ ဗစ်စမတ်သည် မြောက်ပိုင်းဂျာမန် နိုင်ငံများသမဂ္ဂကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ပြင်သစ်ဘုရင် တတိယနပိုလီယန်သည် ဂျာမန်နိုင်ငံများ ပေါင်း စည်းမိကြခြင်းအားဖြင့် ဥရောပတိုက်တွင် မိမိ၏ အာဏာကျဆင်းမည့်ဘေး ကို စိုးရိမ်လာလေသည်။ ဗစ်စမတ်ကလည်း ပြင်သစ်နိုင်ငံနှင့် မုချစစ်ဖြစ် ရဦးမည်ဟုသိသည်။ ၁၈၆၉ ခုနှစ်တွင် စပိန်ထီးနန်းဆက်ခံရေးနှင့် စပ်လျဉ်း၍ ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ အငြင်းပွားခဲ့ကြလေသည်။

ထို့ကြောင့် ၁၈၇ဝ - ၇၁ ခုနှစ်တွင် နှစ်နိုင်ငံတို့ စစ်ကြေညာတိုက်ခိုက်ကြ ရာ၌ ပြင်သစ်တို့ စစ်ရေးနိမ့်၍ ပါရစ်မြို့သည်လည်း ဂျာမန်တို့လက်တွင်းသို့ ကျရောက်ခဲ့သည်။ ထိုသို့အားဖြင့် ဂျာမန်နိုင်ငံပြည်နယ်အားလုံးပေါင်းစည်းခဲ့ ကြပြီးလျှင် ၁၈၇၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပထမ ဝီလျံဘုရင် သည် ပါရစ်မြို့အနီးရှိ ဗာဆေးမြို့၌ ဂျာမန်ဧကရာဇ်ဘွဲ့ကို ခံယူခဲ့လေသည်။ ( ဗစ်စမတ်ယဖွန် - ။)

ပထမ ဝီလျံဘုရင်သည် ဝန်ကြီးချုပ် ဗစ်စမတ်ကို စိတ်ချယုံကြည် သဖြင့် ဂျာမန်အင်ပိုင်ယာ အုပ်ချုပ်ရေးကို လွှဲအပ်ထားသည်။ ပထမဦးဆုံး ဂျာမန်ဧကရာဇ် ဝီလျံသည် ၁၈၈၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဘာလင် မြို့၌ ကွယ်လွန်လေသည်။

ဒုတိယ ဝီလျံဘုရင်(ခရစ် ၁၈၅၉ - ၁၉၄၁)[ပြင်ဆင်ရန်]

ဒုတိယဝီလျံဘုရင် သည် ဂျာမန်ဧကရာဇ် တတိယဖရက်ဒရစ်နှင့် အင်္ဂလန်ပြည့်ရှင် ဝိတိုရိယ ဘုရင်မ၏ အကြီးဆုံးသမီးတော်တို့၏ သားတော်ဖြစ်၍ ၁၈၅၉ ခုနှစ် ဇန်န ဝါရီလ ၂၇ ရက်နေ့တွင် ဘာလင်မြို့၌ဖွားမြင်သည်။ ၁၈၈၈ ခုနှစ်တွင် ပထမဝီလျံဘုရင် ကွယ်လွန်လျှင် အိမ်ရှေ့မင်းသား ဖရက်ဒရစ်သည် တတိယ ဖရက်ဒရစ်ဘုရင်အဖြစ်ဖြင့် ဂျာမန်ထီးနန်းကို ဆက်ခံအုပ်စိုးလေသည်။ သို့ ရာတွင် ထိုနှစ်မတ်လမှဇွန်လအထိသာ နန်းစည်းစိမ်ကို ခံစားပြီးနောက်ကွယ် လွန်ခဲ့ရာ ဝီလျံသည် ဒုတိယ ကိုင်ဇာဝီလျံဘွဲ့ကို ခံယူ၍ နန်းတက်ခဲ့သည်။ ဝီလျံဘုရင်သည် နိုင်ငံကိုအုပ်စိုးရာ၌ ဘုရင်အမည်ခံမျှသာ မဟုတ်ဘဲ၊ ကိုယ်တိုင်အုပ်ချုပ်လိုသည်။ ထို့ကြောင့် ဝန်ကြီးချုပ်ဗစ်စမတ်နှင့် မသင့်မြတ် ချေ။ သို့ဖြစ်၍ ၁၈၉ဝ ပြည်နှစ်တွင်ဝီလျံဘုရင်သည် ဗစ်စမတ်ကို ဝန်ကြီး ချုပ်ရာထူးမှ နုတ်ပယ်ပြီးလျှင် သက်ဦးဆံပိုင်ဘုရင်ကဲ့သို့ နိုင်ငံကို အုပ်ချုပ် ခဲ့လေသည်။

ဝီလျံဘုရင်၏လက်ထက်တွင် ဂျာမနီနိုင်ငံသည် စီးပွားရေးတိုး တက်ခဲ့သည်။ စိုက်ပျိုးရေးနိုင်ငံအဖြစ်မှ စက်မှုလက်မှုထွန်းကားသော နိုင်ငံ အဖြစ်သို့ပြောင်းလဲလာသည်။ ထွက်ကုန်ပစ္စည်းများကို ရောင်းချရန် ဈေး ကွက်ရှာရမည် ဖြစ်သောကြောင့် ကိုလိုနီနယ်ချဲ့ဝါဒကို ကျင့်သုံးခဲ့သည်။ သို့ ရာတွင် ဝီလျံဘုရင်သည် ဂျာမနီနိုင်ငံကို ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် သို့ရောက်အောင် ဆောင်ရွက်ရာ၌ အာဏာတန်ခိုးကိုရှေးရှု၍ ဆောင်ရွက် သဖြင့် နိုင်ငံခြားနှင့် ဆက်ဆံမှုတို့တွင် အမှားမှားအယွင်းယွင်းဖြစ်ခဲ့ရလေ သည်။ ဂျာမန်ကြည်းတပ်ကိုသာမက ရေတပ်ကိုလည်း အင်အားကြီးမားလာ အောင် တိုးချဲ့ခဲ့သည်။ ထိုကြောင့် အင်္ဂလန်နိုင်ငံသည်လည်း ထိပ်တန်း ရောက်လာသော ဂျာမန်ရေတပ်အင်အားကို ထိတ်လန့်လာလေသည်။ ၁၉၁၄ ခုနှစ်သို့ ရောက်သောအခါ ဥရောပတိုက်တွင် ပထမ ကမ္ဘာစစ် ဖြစ်ပွားခဲ့လေသည်။

ကိုင်ဇာဝီလျံသည်ထိုစစ်ပွဲတွင် ဂျာမနီနိုင်ငံကအနိုင်ရမည်ဟု ယုံကြည်သဖြင့် သုံးနိုင်ငံမဟာမိတ်ဖြစ်သော အင်္ဂလိပ်၊ ပြင်သစ်နှင့်ရုရှတို့ကို ကြည်းတပ်၊ ရေတပ်အင်အားဖြင့် တိုက်ခိုက်လေသည်။ သို့ရာတွင် ၁၉၁၈ ခုနှစ် နိုဝင်ဘာလဆန်း၌ဂျာမနီပြည်တွင်းပုန်ကန်မှုများ ဖြစ်ပွားလာသည်သာမက ဂျာမန်ရေတပ်ကလည်း ထကြွပုန်ကန်ခဲ့သဖြင့် ဒုတိယ ဝီလျံဘုရင်သည် ထီးနန်းကိုစွန့်၍ဟော်လန်နိုင်ငံသို့ ထွက်ပြေးရလေသည်။

နန်းကျဘုရင်ဝီလျံ ယူးထရက်မြို့အနီးရှိ ဒွန်းရဲတိုက်တွင် နေထိုင် ခဲ့ရာ ၁၉၄၁ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ကွယ်လွန်လေသည်။ ကိုင်ဇာဝီလျံ၏ ကြင်ယာတော်သည် ၁၉၂၁ ခုနှစ်တွင် အနိစ္စ ရောက်၍ ၁၉၂၂ ခုနှစ်တွင် ရဲစုမင်းသမီး ဟာမင်းဆိုသူနှင့်တစ်ဖန် လက် ထပ်ခဲ့သည်။ ပထမ ကြင်ယာတော်ဖြင့် သားခြောက်ယောက်နှင့် သမီး တစ်ယောက်ထွန်းကားခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)