ဝီလယ်မင်းနားဘုရင်မ

ဝီကီပီးဒီးယား မှ

ဝီလယ်မင်းနားဘုရင်မ(ခရစ် ၁၈၈ဝ - ၁၉၆၂)[ပြင်ဆင်ရန်]

ဝီလယ်မင်းနားဘုရင်မသည် နယ်သာလန်နိုင်ငံကို အုပ်စိုးခဲ့သောဘုရင်မကြီးဖြစ်သည်။ ၁၈၉ဝ ပြည့်နှစ်တွင် ခမည်းတော် တတိယဝီလျံဘုရင် ကွယ်လွန်သဖြင့် ထီးနန်း အရိုက်အရာကိုဆက်ခံရရှိသည်။ သို့ရာတွင် အရွယ်မရောက်သေးသော ကြောင့် အစဦး၌ မယ်တော်ကရင်ခွင်ပိုက်အဖြစ်အုပ်ချုပ်ခဲ့ရသည်။ ၁၈၉၈ ခုနှစ်တွင် ဝီလယ်မင်းနားသည် အရွယ်ရောက်လာသဖြင့် ဘိသိက်ခံ၍ နန်း တက်အုပ်စိုးသည်။

ဝီလယ်မင်းနားသည် ၁၈၈ဝ ပြည့်နှစ် ဩဂုတ်လ ၃၁ ရက်နေ့ တွင် ဟိတ်မြို့တော်၌ဖွားမြင်၍ အမည်အပြည့်အစုံမှာ ဝီလယ်မင်းနား ဟယ် လီနာပေါလင်းမာရီယာ ဖြစ်သည်။ နန်းတော်၌ပင် ပညာသင်ကြားခဲ့သည်။

၁၉ဝ၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် မက္ကလင်မတ်ရှဗေရင်း နယ်စား ဟင်နရီနှင့်ထိမ်းမြားလက်ထပ်ခဲ့သည်။ ၁၉ဝ၉ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့ တွင်တစ်ဦးတည်းသော သမီးတော် ဂျူးလီးယန္နား မင်းသမီးကို ဖွားမြင်ခဲ့ သည်။ ဘုရင်မကြီးသည် အနေအထိုင်ရိုးသား၍ နိုင်ငံ၏အုပ်ချုပ်မှု အခြေ ခံစည်းမျဉ်းကို တိကျစွာလိုက်နာကျင့်သုံးသူဖြစ်သည်။ ပထမကမ္ဘာစစ်အတွင်း က နယ်သာလန်နိုင်ငံကို ကြားနေနိုင်ငံအဖြစ်ထိန်းသိမ်းခဲ့သည်။ ဘုရင်မကြီး သည် ဒုတိယကမ္ဘာစစ်ဖြစ်ပွားသောအခါ၌လည်း ကြားနေနိုင်ငံဖြစ်ရန် ကြိုး စားခဲ့သည်။ သို့ရာတွင် ၁၉၄ဝ ပြည့်နှစ် မေလ၌ ဂျာမန်တပ်များသည် နယ်သာလန်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ကြရုံမက၊ ဘုရင်မကြီးကိုပင် ဖမ်းဆီးရန်ကြံစည်ကြသည်။ ထိုကြောင့် ဘုရင်မကြီးနှင့်တစ်ကွ အစိုးရအဖွဲ့ တို့သည် အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရလေသည်။ နယ်သာ လန် စစ်ပြေးအစိုးရသည် မဟာမိတ်နိုင်ငံတို့နှင့် ပူးပေါင်း၍ ဂျာမန်တပ်များ ကိုလည်းကောင်း၊ ဂျပန်တပ်များကိုလည်းကောင်း တိုက်ခိုက်ရာ၌ ကူညီခဲ့ သည့်အပြင် ဒပ်ချလူမျိုးတို့ စိတ်ဓာတ်မကျဆင်းရန်အတွက်ကိုလည်း ထိန်း သိမ်းပေးခဲ့သည်။

၁၉၄၅ ခုနှစ် မေလတွင် နယ်သာလန်နိုင်ငံသည် ရန်သူ၏ လက် အောက်မှ လွတ်မြောက်သောအခါ ဝီလယ်မင်းနားဘုရင်မသည် မိမိ၏ နိုင်ငံသို့ ပြန်ခဲ့လေသည်။ ထိုနောက် ဘုရင်မကြီးသည် ကျန်းမာရေးချို့တဲ့ လာသဖြင့် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် သမီးတော် ဂျူးလိးယန္နားမင်းသမီးအား ထီးနန်းကိုလွှဲအပ်ခဲ့သည်။ ၁၉၆၂ ခုနှစ် နိုဝင် ဘာလ ၂၈ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)