မာတိကာသို့ ခုန်သွားရန်

ဝိုင်မာ သမ္မတ နိုင်ငံတော်

ဝီကီပီးဒီးယား မှ

ဝိုင်မာ သမ္မတ နိုင်ငံတော် (အင်္ဂလိပ် : The Weimar Republic) သည် ဂျာမန်သမိုင်း၌ ၁၉၁၈ ခုနှစ်မှ ၁၉၃၃ ခုနှစ်အကြား ဖက်ဒရယ်သမ္မတနိုင်ငံ ဖွဲ့စည်းပုံစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် ခေတ်ကာလတစ်ခုကို ရည်ညွှန်းသည်။ ဝိုင်မာ သမ္မတနိုင်ငံဆိုသည့် အသုံးအနှုန်းကို ဟစ်တလာက ၁၉၂၉ ခုနှစ်တွင် တွင်တွင်ကျယ်ကျယ် စတင်သုံးစွဲခဲ့ပြီး ၁၉၃၀ နောက်ပိုင်းကာလများတွင် သမိုင်းပညာရှင်များကပါ ဆက်တိုက်ကဲ့သို့ သုံးစွဲလာရာမှ အသုံးအနှုန်းတွင်ကျယ်လာခြင်းဖြစ်သည်။ အမှန်စင်စစ် နိုင်ငံ၏ တရားဝင်အမည်မှာ ဂျာမန်ရိန့် (အင်္ဂလိပ် : German Reich) ၊ မဟာ ဂျာမန် နိုင်ငံတော် ဖြစ်သည်။ ပထမကမ္ဘာစစ်နောက်ခံ ဂျာမန်တော်လှန်ရေးမှ အစပြုကာ ပေါ်ပေါက်လာသော ဝိုင်မာခေတ်သည် ဟစ်တလာနှင့် နာဇီပါတီ အင်အားကြီးထွားလာခြင်းတွင် အဆုံးသတ်သွားသည်။ သမ္မတနိုင်ငံသည် များပြားစွာသော ပြဿနာများ၊ နိုင်ငံရေး အစွန်းရောက်မှုများနှင့် ပထမကမ္ဘာစစ်အောင်ပွဲရ နိုင်ငံများအပေါ် အောက်ကျခံဆက်ဆံရခြင်းများကို ကြုံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သမ္မတနိုင်ငံ၏ ရွှေခေတ် ဆိုသည့် နေထိ ဆိမ့်သာ ရှိသည့် ခေတ်ကိုလည်း မဟာစီးပွားပျက်ကပ် (အင်္ဂလိပ် : Great Depression) နှင့် နိုင်ငံရေးငရဲခေတ်မရောက်မှီတွင် ဂျာမန်များ ကြုံတွေ့ခဲ့ကြရသေးသည်။

ဂျာမန်ရိန့် | မဟာဂျာမန်နိုင်ငံတော်
ဒတ်ချ်ရိန့်  (ဂျာမန်)
ဝိုင်မာသမ္မတနိုင်ငံတော်၏ အလံတော်
နိုင်ငံတော်အလံ
ဝိုင်မာသမ္မတနိုင်ငံတော်၏ နိုင်ငံတော်အမှတ်တံဆိပ်(၁၉၂၈–၁၉၃၃)
နိုင်ငံတော်အမှတ်တံဆိပ်
(၁၉၂၈–၁၉၃၃)
ဆောင်ပုဒ်: သွေးစည်းညီညွတ်သောလွတ်လပ်ခြင်း
("Unity and Justice and Freedom")
နိုင်ငံတော် သီချင်း: Das Lied der Deutschen
"ဂျာမန့်သီချင်း" (from 1922)[]
ဝိုင်မာသမ္မတနိုင်ငံတော်၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ဘာလင်
52°31′N 13°23′E / 52.517°N 13.383°E / 52.517; 13.383
ရုံးသုံး ဘာသာစကားများဂျာမန်ဘာသာစကား
လူမျိုးဂျာမန်
အစိုးရဖက်ဒရယ် သမ္မတတစ်ပိုင်းစနစ်
 သမ္မတ
ဖရက်ဒရစ်ချ် အီဘက်
  • ပထမ
 သမ္မတ
ပေါ ဗွန် ဟိုက်ဒင်ဘက်
  • နောက်ဆုံး
ဥပဒေပြုလွှတ်တော်လွှတ်တော်နှစ်ရပ်စနစ်
တည်ထောင်
 ဂျာမန်ရိန့် တည်ထောင်
၁၉၁၉
၁၉၃၃
ငွေကြေး
  • ၁၉၁၄–၂၃ ပေပါမက်
  • ၁၉၂၃-၂၄ ရန်တန်မက်
  • ၁၉၂၄–၃၃ ရိန့်မက်

ဂျာမန်ရိန့်

[ပြင်ဆင်ရန်]

ဝိုင်မာဆိုသည့်အမည်မှာ ထိုခေတ်ကာလက ဂျာမနီ၏ ဥပဒေပြုလွှတ်တော်စိုက်ရာ ဝိုင်မာမြို့ကို အစွဲပြု၍ ဆင်းသက်လာခြင်းဖြစ်သည်။ ဝိုင်မာ သမ္မတ နိုင်ငံတော် ဆိုသည့် အသုံးအနှုန်းကို အာဏာရပါတီများနှင့် ဂျာမန်အများစုက မကြိုက်သကဲ့သို့ အသုံးပြုရန်လည်း စိတ်အားထက်သန်မှု မရှိခဲ့ကြချေ။ ဂျာမန်ရိန့် ဆိုသည့် တရားဝင်အမည်ကိုသာ တွင်တွင်သုံးကြသည်။ သို့သော် အဒေါ့ဖ် ဟစ်တလာ အပါအဝင် အတိုက်အခံများ၏ လျှာဖျားတွင် ဝိုင်မာ သမ္မတ နိုင်ငံ ဆိုသည့် အသုံးအနှုန်းသည် လျှာပေါ်ဝဲ လူကြိုက်များသည်။ နိုင်ငံတော်၏ အလံမှာမူ ၁၈၄၈ ဂျာမန်တော်လှန်ရေးများမှ ပေါက်ဖွားလာသည့် အနက်-အနီ-ရွှေ ဆိုသည့် သုံးရောင်စပ်အလံဖြစ်သည်။

ဂျာမန်တပ် ရိန့်စဗဲယား

[ပြင်ဆင်ရန်]

ရိန့်စဗဲယား ဟုခေါ်သည့် ဂျာမန်စစ်တပ်သည် ဗာဆိုင်းစာချုပ်အရ တပ်ဖွဲ့ဝင်တစ်သိန်းရှိသည့် ကြည်းတပ်ငယ်ကိုသာ ဖွဲ့ခွင့်ရသည်။ ရေတပ်မှာလည်း ရှိသည်ဆိုရုံမျှသာဖြစ်သည်။ လေတပ်ကိုမူ ဖွဲ့ခွင့်မရှိခဲ့။ သံချပ်ကာယာဉ်များနှင့် လက်နက်ကြီးများလည်း တပ်ဆင်ခွင့်မရပေ။ ထိုတပ်ကို ဦးဆောင်သူမှာ ဟန့်ဗွန်ဆိက် (ဂျာမန် : Hans von Seeckt) ဖြစ်သည်။ ရိန့်စဗဲယားကို နိုင်ငံအတွင်းမှ နိုင်ငံတစ်ခု ဟု ခေါ်ကြသည်။ အကြောင်းမှာ နိုင်ငံ၏ အရပ်သားအစိုးရက ထိန်းချုပ်ခွင့်မရသောကြောင့်ဖြစ်သည်။ ရိန့်စဗဲယားသည် ဗာဆိုင်းစာချုပ်ကို မသိမသာ ချိုးဖောက်၍ ဆိုဗီယက်တပ်နီတော်နှင့် ပူးပေါင်းကာ အသုံးပြုရန်ပိတ်ပင်ခြင်းခံထားရသည့် လက်နက်များကို တည်ဆောက်ခဲ့သည်။ သမ္မတနိုင်ငံ၏ နောက်ဆုံးနှစ်များတွင် ရိန့်စဗဲယား၏ ခေါင်းဆောင်များသည် အဓိပတိခန့်အပ်မှုကို ဝင်ရောက်စွက်ဖက်ကာ ဒီမိုကရေစီစနစ်ကို ချေဖျက်သည်အထိ ဖြစ်လာခဲ့သည်။

နိုဝင်ဘာတော်လှန်ရေး (၁၉၁၈ - ၁၉၁၉)

[ပြင်ဆင်ရန်]

ပထမကမ္ဘာစစ်တွင် ဂျာမန်အင်ပါယာ ရှုံးနိမ့်ခဲ့ပြီးနောက် အသက်ရှူမချောင်သည့် အခြေအနေကို ရောက်ရှိလာပြီး တော်လှန်ရေးတစ်ရပ်ပေါ်ပေါက်လာသည်။ ကီးလ်မြို့မှ သင်္ဘောသားများ စတင်ဆန္ဒပြရာမှ စတင်လာခြင်းဖြစ်သည်။ နိုဝင်ဘာ ၉ ရက်နေ့ ၁၉၁၈ ခုနှစ်တွင် ဒုတိယမြောက် ကိုင်ဆာ ဗေဟမ် နန်းစွန့်ပြီးသည့်နောက် သမ္မတနိုင်ငံ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အစိုးရသစ်ကို ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) က ဦးဆောင်ပြီး တပ်ဟောင်း၏ ခေါင်းဆောင်များနှင့် ကွန်မြူနစ်များရန်မှ ကာကွယ်ရန် အေဗက်-ဂရိုနား သဘောတူညီချက်လုပ်ခဲ့သည်။ ထို သဘောတူညီချက်ကြောင့် လက်ဝဲစွန်း နိုင်ငံရေးအင်အားစုများကြား မကျေနပ်မှုများကြီးထွားလာပြီး ရိုဆာ လူဆင်ဘတ် နှင့် ကားလ် လိဘ်ခနက်တို့ အသတ်ခံရသည့် ဇန်နဝါရီ ၁၉၁၉ အရေးတော်ပုံကဲ့သို့သော အကြမ်းဖက်အရေးတော်ပုံများ ပေါ်ပေါက်ခဲ့သည်။

ပဋိပက္ခများနှင့် စိန်ခေါ်မှုများ

[ပြင်ဆင်ရန်]

ဗာဆိုင်းမုန်းတီးရေး

[ပြင်ဆင်ရန်]

သမ္မတနိုင်ငံ အစောပိုင်းကာလများသည် မတည်ငြိမ်မှုများဖြင့်ပြည့်နှက်ခဲ့သည်။ ဗာဆိုင်းစာချုပ်ပါ အချက်အလက်များက ဂျာမနီကို မတရားသဖွယ်ပြုကျင့်ခဲ့ပြီး နယ်မြေဆုံးရှုံးမှုများ၊ လက်နက်ဖြုတ်သိမ်းခံရမှုများ၊ မတန်တဆ စစ်လျော်ကြေးပေးရမှုများအပြင် စစ်တရားခံ ဆိုသည့် အမည်တပ်ခြင်းကိုပါ ပြုလုပ်ခဲ့သည်။ ဂျာမန်များကို ပထမကမ္ဘာစစ်ကြီးဖြစ်ပွားရမှုအတွက် အတင်းအဓမ္မ တရားခံရှာခြင်းဖြစ်သည်။ ထို့ကြောင့် ထိုစာချုပ်ကို ဂျာမန်ပြည်တွင်းတွင် နက်ရှိုင်းစွာမုန်းတီးကြပြီး သမ္မတနိုင်ငံအစိုးရကို အစွန်းရောက်များက ထိုးနှက်ရာတွင် ထိုအမုန်းတရားကို အသုံးချလေ့ရှိကြသည်။

နှစ်ဖက်လုံးက အစွန်းရောက်

[ပြင်ဆင်ရန်]

အစိုးရသည် လက်ယာစွန်းနှင့် လက်ဝဲစွန်း နှစ်ဖက်လုံးမှ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရသည်။ ၁၉၂၀ ခုနှစ်တွင် လက်ယာဝါဒီ ဗိုလ်ချုပ် ဗော်တာ လျုဝဇ် က အာဏာသိမ်းကာ အစိုးရကို ဖြုတ်ချရန်ကြံစည်ခဲ့ပြီး အစိုးရသည် ဘာလင်ကိုစွန့်ခွာရသည်အထိ ဖြစ်ခဲ့သည်။ သို့သော် လုပ်သားသမဂ္ဂများက ဆန္ဒပြ ပိတ်ဆို့ သပိတ်မှောက်သဖြင့် အရှုံးပေးလိုက်ရသည်။ လက်ဝဲစွန်းဆန္ဒပြမှုများလည်း မှိုကဲ့သို့ ပေါ်လာလေ့ရှိပြီး ဖရိုင်ကော့ (အင်္ဂလိပ် : Freikorps) ဟုခေါ်သော ပြည်သူ့စစ် ရဲဘော်တပ်များက အင်အားသုံးနှိမ်နှင်းရသည်။ လက်ယာစွန်းများသည် မက်သီးရစ် အာ့ဘာဂါ နှင့် ဗော်သာ အာထယ်နော ကဲ့သို့သော နိုင်ငံရေးသမားများကို လုပ်ကြံသည်အထိ အစွန်းရောက်ခဲ့ကြသည်။

ငွေကြေးဖောင်းပွမှု

[ပြင်ဆင်ရန်]

၁၉၂၃ ခုနှစ်တွင် ဂျာမန်သည် စစ်လျော်ကြေးပေးဆောင်ရန် နောက်ကျသဖြင့် ပြင်သစ်နှင့် ဘယ်ဂျီယမ်တို့က စက်မှုဇုန်များရှိရာ ရော (Ruhr) ဒေသကို သိမ်းယူလိုက်ကြသည်။ ထို့ပြင် အလုပ်သမားများက လခ မရကြသဖြင့် ဆန္ဒပြကြသည်။ ဂျာမန်အစိုးရက ဆန္ဒပြအလုပ်သမားများအရေးကို ဖြေရှင်းရန် ငွေစက္ကူအမြောက်အမြားကို တွင်တွင် ရိုက်ထုတ်ခဲ့သည်။ ထိုသို့ ရိုက်ထုတ်မှုသည် ထိန်းချုပ်မရသည့် ငွေကြေးဖောင်းပွမှုဆီဦးတည်သွားစေပြီး ဂျာမန်ငွေကြေးသည် စက္ကူထက်ပင် တန်ဖိုးမဲ့သည်အထိ ဖြစ်သွားသည်။ ပေါင်မုန့်တစ်လုံးဝယ်ရန် ဂျာမန်ငွေ လှည်းတစ်စီးတိုက် လိုသည်အထိ ဖြစ်ပျက်ခဲ့သည်။ ထို့ကြောင့် ရိန့်မက် ဆိုသည့် ငွေကြေးသစ် တစ်မျိုးကို ပြောင်းလဲခဲ့ကြရသည်။

ဘီယာဆိုင် အာဏာသိမ်းမှု

[ပြင်ဆင်ရန်]

၁၉၂၃ နိုဝင်ဘာလတွင် ဟစ်တလာနှင့် သွေးသစ်လောင်း နာဇီပါတီဝင်များသည် မြူးနစ်မြို့ရှိ ဘီယာခန်းမအတွင်းမှနေ၍ အာဏာသိမ်းရန် ကြိုးစားပြန်သည်။ အာဏာသိမ်းမှုမအောင်မြင်ခဲ့ပါ။ သို့သော် ဟစ်တလာနှင့် နာဇီပါတီဝင်များက လက်များချိတ်ကာ အစိုးရအိမ်တော်အထိ တက်ရန်ကြိုးစားချိန် ပစ်ခတ်ဖြိုခွင်းခံရပြီး ဟစ်တလာသည်လည်း ထောင်ကျသွားသည်။ နိုင်ငံရေးအမှုဖြစ်သဖြင့် ထောင်တွင်း သက်သောင့်သက်သာ နေရသည့်အပြင် လက်ထောက်ပါ ရသောကြောင့် မိုင်ကမ့် (ကျွန်ုပ့်အကြောင်း) ဆိုသည့် စာအုပ်ကို ထောင်တွင်းတွင်ပင်ရေးသားခဲ့သည်။

ရွှေခေတ် (၁၉၂၄ - ၁၉၂၉)

[ပြင်ဆင်ရန်]

၁၉၂၄ ခုနှစ်တွင် သမ္မတနိုင်ငံသည် ခြေကုပ်ယူမိလာပြီး တည်ငြိမ်မှုများ အစပျိုးလာခဲ့သည်။ စီးပွားရေးလည်း ပြန်လည်ကောင်းမွန်လာကာ ထိုခေတ်ကို ရွှေခေတ်နှစ်ဆယ်စုများ ဟု ခေါ်ခဲ့ကြသည်။ ထိုရွှေခေတ်ကို အကောင်အထည်ဖော်သူမှာ နိုင်ငံခြားရေးဝန်ကြီး ဂူစတက်ဗ် စထွက်စီမန်း ဖြစ်သည်။ ဂျာမနီသည် လိုကာနို စာချုပ်များကို ချုပ်ဆိုနိုင်ခဲ့ပြီး နိုင်ငံများအဖွဲ့ချုပ်ကြီး သို့ ဝင်ရောက်ရန် လမ်းစ ရရှိခဲ့သည်။ အမေရိကန်က အကူအညီပြု၍ ထုတ်ပေးသော ချေးငွေများဖြင့် စီးပွားရေးတည်ငြိမ်စပြုလာပြီး ခိုင်မာသည့်အခြေအနေကို ပြန်လည်ဆောက်လုပ်နိုင်ခဲ့သည်။ ဂျာမန်ယဉ်ကျေးမှုဆန်းသစ်ကာလလည်း ရောက်ခဲ့ပြီး အထူးသဖြင့် ဘာလင်မြို့တွင် ပန်းချီ၊ ရုပ်ရှင်နှင့် ပြဇာတ်များသည် ဝက်ဝက်ကွဲ တိုးတက် အောင်မြင်ခဲ့သည်။ သို့သော်လည်း ထိုတည်ငြိမ်မှုများသည် ပြည်ပချေးငွေများအပေါ်တွင်သာ မှီခိုအားထားနေရခြင်းဖြစ်သည်။

လူမှုရေး မူဝါဒ

[ပြင်ဆင်ရန်]

ဝိုင်မာသမ္မတနိုင်ငံသည် ထိုခေတ်အခါက ဥရောပ၌ ခေတ်ရှေ့ပြေးသည့် လူမှုရေး မူဝါဒများကို ချမှတ်နိုင်စွမ်းရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ ဥပမာဆိုရသော် အလုပ်အကိုင်မဲ့အာမခံများထုတ်ပေးခြင်း၊ ရှစ်နာရီ အလုပ်ချိန် သတ်မှတ်ပေးခြင်း နှင့် အများပြည်သူကျန်းမာရေးနှင့်ဖူလုံရေး စနစ်များ ချမှတ်ပေးခြင်း စသည်တို့ဖြစ်သည်။

ပဋိပက္ခများ ထပ်ကြုံတွေ့ရခြင်း (၁၉၃၀ - ၁၉၃၃)

[ပြင်ဆင်ရန်]

ရွှေခေတ်ရောက်ပြီး များမကြာမှီတွင်ပင် အမေရိကန်စတော့ဈေးကွက်မှ အစပြုသည့် မဟာစီးပွားရေးပျက်ကပ် (အင်္ဂလိပ် : Great Depression) သည် ၁၉၂၉ တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုစီးပွားပျက်ကပ်ကြီးသည် အမေရိကန်တွင်သာမက ကမ္ဘာတစ်ဝန်း စီးပွားရေးပြိုလဲ ကျဆင်းမှုများပေါ်ပေါက်လာခဲ့ပြီး ပြည်ပချေးငွေများအပေါ်တွင် မှီခိုနေရသည့် တည်ဆောက်ဆဲ ဂျာမနီအတွက် ပိုလို့ပင် ထိခိုက်ခဲ့သည်။ အမေရိကန် ချေးငွေများမှာလည်း ရုပ်သိမ်းသွားခဲ့သည်။ စီးပွားရေးများ ပြိုလဲကုန်သည်။ အလုပ်အကိုင်မဲ့သူများသည် ၁၉၃၂ ခုနှစ်တွင် ၆ သန်းကျော်ထိ မြင့်တက်လာခဲ့သည်။ ထိုသို့ စီးပွားရေးကပ်ဆိုးကျရောက်မှုသည် ပြည်သူများကို အစွန်းရောက်ပါတီများဖြစ်သည့် ကွန်မြူနစ်နှင့် နာဇီပါတီတို့ကို ထောက်ခံရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားစေပြီး အထူးသဖြင့် နာဇီပါတီသည် ထောက်ခံမှုများ တဟုန်ထိုး တက်လာခဲ့သည်။

သမ္မတနိုင်ငံ၏ နိုင်ငံရေးစနစ်သည်လည်း အက်ကွဲစပြုလာသည်။ ၁၉၃၀ တွင် အဓိပတိ ဟိုနရစ်ချ် ဘရောင်းနင်းနှင့် သူ့ကို ဆက်ခံသူများသည် ဂျာမန်ပါလီမန်အတွင်းရှိ လူများစုကို အမိန့်ပေးထိန်းချုပ်နိုင်စွမ်း ပျောက်လာခဲ့သည်။ ထို့ကြောင့် သမ္မတ ပေါလ်ဗွန် ဟိုက်ဒင်ဘက် ကို ပုဒ်မ ၄၈ ကျင့်သုံးခိုင်း၍ အကြွင်းမဲ့အုပ်ချုပ်ပိုင်ခွင့်ကို ထုတ်ပြန်ခဲ့ရသည်။ ဘရောင်းနင်း၏ အကြွင်းမဲ့မူဝါဒများသည် စီးပွားရေးပျက်ကပ်ကြောင့် စိတ်ဓာတ်ကျနေကြသူများကို ပိုလို့ပင် ဆိုးဝါးစေရန် အကြောင်းဖန်သလို ဖြစ်သွားခဲ့သည်။

ဟစ်တလာ အာဏာရလာခြင်း

[ပြင်ဆင်ရန်]

နောက်တက်လာသည့် အဓိပတိများဖြစ်သည့် ဖရန့်ဇ်ပက်ပင်နှင့် ကတ်ရှလိုက်ရှာ တို့၏ အုပ်ချုပ်ရေး ကြိုးပမ်းမှုများမှာပါ အောင်မြင်ခြင်းမရှိတော့သဖြင့် သမ္မတ ဟိုက်ဒင်ဘက် သည် ထိုအချိန်က လူကြိုက်များ နာဇီပါတီ၏ ခေါင်းဆောင်ဖြစ်သူ အဒေါ့ဖ် ဟစ်တလာကို အဓိပတိတင်မြှောက်ရန် ဖြစ်လာခဲ့သည်။ ထိုသို့ဖြင့် ဟစ်တလာသည် ဇန်နဝါရီ ၃၀ ရက်နေ့ ၁၉၃၃ ခုနှစ်တွင် အဓိပတိဖြစ်လာသည်။

ဝိုင်မာ သမ္မတ နိုင်ငံတော် အဆုံးသတ်ပြီ

[ပြင်ဆင်ရန်]

ဟစ်တလာသည် အာဏာကို လျင်မြန်စွာ စုစည်းချုပ်ကိုင်သည်။ လွှတ်တော်ဖြစ်သည့် ရိန့်စတက်အဆောက်အအုံနေရာကို လူငှားကာ မီးရှို့သည်။ ၁၉၃၃ ဖေဖော်ဝါရီလတွင် လူ့အခွင့်ရေးဆိုင်ရာ လွတ်လပ်မှုများကို ရပ်ဆိုင်းသည့် အကြိုဥပဒေကို ထုတ်ပြန်ခဲ့သည်။ မတ်လတွင်မူ အားမစ်တီဂွန်းဂျက်ဇ် (ဂျာမန် : Ermächtigungsgesetz) ဟုခေါ်သည့် ဥပဒေကို နာဇီပါတီဝင်များ အင်အားသုံးကာ အတင်းအကျပ်အတည်ပြုခိုင်းခဲ့သည်။ ထို ဥပဒေအရ ဟစ်တလာ၏ အစိုးရအဖွဲ့သည့် မည်သည့်ဥပဒေပြုခြင်းကိုမဆို ပါလီမန်အတည်ပြုချက်မပါပဲ ဥပဒေပြုနိုင်သည့် အခွင့်အာဏာရရှိသွားသည်။ ထို့ကြောင့် ဂျာမန်ဒီမိုကရေစီစနစ်ပျက်စီးသွားပြီး ဝိုင်မာ သမ္မတ နိုင်ငံတော် ခေတ်သည်လည်း အဆုံးသတ်သွားခဲ့သည်။ နာဇီ ဂျာမနီ ခေတ်ကို စတင်ရောက်ရှိပြီဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]

[] [] [] [] [] [] [] [] [၁၀] [၁၁] [၁၂] [၁၃] [၁၄] [၁၅] [၁၆] [၁၇]

  1. Klein၊ Winfried။ "Wer sind wir, und was wollen wir dazu singen?"၊ Frankfurter Allgemeine Zeitung၊ 2012-09-14။
  2. "Weimar Republic"Encyclopedia Britannica29 June 2012 တွင် ပြန်စစ်ပြီး
  3. Die Revolution von 1918/19 (in de) (15 August 2015)။ 23 March 2023 တွင် ပြန်စစ်ပြီး။
  4. Barth၊ Boris (8 October 2014)။ Stab-in-the-back Myth Freie Universität Berlin။ 1 April 2023 တွင် ပြန်စစ်ပြီး။
  5. Harders၊ Levke (14 September 2014)။ Wolfgang Kapp 1858–1922 (in de)။ 12 October 2023 တွင် ပြန်စစ်ပြီး။
  6. The Ruhr Occupation (25 September 2019)။ 25 May 2023 တွင် ပြန်စစ်ပြီး။
  7. The hyperinflation of 1923 (26 September 2019)။ 14 May 2023 တွင် ပြန်စစ်ပြီး။
  8. The Munich Putsch 18 May 2023 တွင် ပြန်စစ်ပြီး။
  9. Kitchen၊ Martin (1996)။ The Cambridge Illustrated History of Germany။ Cambridge, England: Cambridge University Press။ pp. 241ISBN 978-0521453417
  10. Gustav Stresemann (6 May 2023)။ 14 May 2023 တွင် ပြန်စစ်ပြီး။
  11. The Great Depression in Germany (9 October 2019)။ 15 June 2023 တွင် ပြန်စစ်ပြီး။
  12. The end of the Weimar Republic (21 June 2024)။ 8 July 2024 တွင် ပြန်စစ်ပြီး။
  13. The Reichstag fire and the Enabling Act (26 April 2024)။ 15 July 2024 တွင် ပြန်စစ်ပြီး။
  14. Weitz၊ Eric D. (2007)။ Weimar Germany: Promise and Tragedy။ Princeton: Princeton University Press။ ISBN 978-0-691-01695-5
  15. Kershaw၊ Ian (1990)။ Weimar: Why Did German Democracy Fail?။ London: Weidenfeld & Nicolson။ ISBN 0-312-04470-4
  16. Evans၊ Richard J. (2004)။ The Coming of the Third Reich။ New York: The Penguin Press။ ISBN 1-59420-004-1
  17. O D I N - Historical Contents 15 August 2025 တွင် ပြန်စစ်ပြီး။ “Udin is a hobbyist about historical contents and average level of translation English to Burmese.”