ဝိဇ္ဇာငါးပါးခွဲခြားသိ

ဝီကီပီးဒီးယား မှ

ဝိဇ္ဇာငါးပါးခွဲခြားသိ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

သင်္ဂဇာဆရာတော်က ဝိဇ္ဇာငါးမျိုးအနက် အရိယာဝိဇ္ဇာမှတပါး အခြားသော လောကီဝိဇ္ဇာများ၊ တဘဝတည်းနှင့် အရိမေတ္တးယျဘုရားအား ဖူးတွေ့နိုင်ကြောင်းကို ကျမ်းဂန်၌ မရှိဟု စစ်တောင်းမြို့အုပ် မောင်မှတ်ကလေးအား မိန့်ဆိုချက်အကြောင်းကို ဦးကျော်လှ ဖွဲ့ဆိုသီကုံးသော လောကီဝိဇ္ဇာဖွဲ့ သံချိုကဗျာ ဖြစ်သည်။

ဝိဇ္ဇာငါးပါးခွဲခြားသိ[ပြင်ဆင်ရန်]

မဟဂ္ဂုတ်ပေမို့၊ စက်ဆုတ်သည်ညွန်တဏှာတို့၊ လွန်တရာ ရွံရှာဘိ၍၊ ဇာတိကိုကြဉ်ခွာမဲ့၊ အရိယာဇာဓိုရ် နတ်ကယ်တို့၊ နာဂတ် နောက်ကျန်တဆူတဲ့၊ သယမ္ဘူ ရိမေတ္တေးသို့၊ ဆစ်ကွေးနှိမ်ဦးတင်သလို့၊ ဖူးမြင်ရပေလိမ့်မည်။

ဣရုတဖြာနှင့်၊ ယဇု ပါသာမာ စပ်လို့၊ အာတပ္ပနာ ဗေဒင် ကျမ်းတို့လို၊ ကျွမ်းကျင်ပေ၊ နေလျှံတမျှသို့၊ ဝေဒလ္လ ဝိဇ္ဇာမျိုးတို့၊ ဇရာနှိုးဆော် − ခန္ဓာညှိုးလျော်ပျက်လို့၊ အသက်ကိုရှည်အောင်မငံ့နိုင်ဘု၊ နောင်ကံ့ကော်ရိမေတ္တေးသို့၊ အဇ္ဇေးဝါ ဇရာမရဏကြောင့်၊ ဝေးပါလှသည်။

နက္ခတ်ကိုဝေဖန်စိတ်နိုင်တဲ့၊ နေမိတ်ကယ်တကာနှင့်၊ လက္ခဏာအဖုံဖုံငဲ့ပြင်၊ ဂါထာစုံမန္တာန်စသည့်၊ မန္တဝိဇ္ဇာမျိုးတဲ့၊ အဇဋာမိုးဝယ်အဘိညာဉ်နှင့်၊ သရတင်ရှင်နာဒရတို့၊ ဈာနဈာန်ဝသီနှင့်၊ ဉာဏ်လောကီဝိဇ္ဇာတပါးတဲ့၊ ပြ ဒါး ပါ သံ ပါ သေလို့၊ ရတနာထွေထွေ ရွှေငွေပေါသည့်ပြင်၊ မြေကြောကို ရွှံ့ ချင် ရှံ့ နှင့်၊ တမဟုတ်ပင်ဆင်တပ်မြင်းတို့ကို၊ ဖန်ဆင်းနိုင်မကြာမီဖြင့်၊ ဂန္ဓာ ရီ ဝိဇ္ဇာ မျိုးတဲ့၊ တန်ခိုးနှင့် ချိန်ခါရည်၊ ဝတိံသာပြည်ထုတ်ချင်း။

အင်းဆေးပါသံပြဒါးနှင့်၊ လေးပါးဝိဇ္ဇာစုတို့၊ အာယုဝဒ္ဓနန်းဖြင့်၊ ရွတ်မန်းကာဘယ်လိုမှုတ်စေတော့၊ ထိုရုပ်နာမ်တကမ္ဘာမရှေဘု၊ ဗြဟ္မာတွေဇာဘေဝိဇ်ကယ်တို့၊ အနိစ္စံ − ဒုက္ခံ − ကမ္မဋ္ဌာန်းရယ်နှင့်၊ အနတ္တာ မပြတ်ဘာဝနာစွမ်းသော်လဲ၊ ပတ္ထနာပန်းဆင်ရှင့်မေတ္တေးသို့၊ တေ့ဆိုင်ကာဘွေ့နိုင်ဖို့ အရေးကိုဖြင့်၊ အရိယာမဝင် ဝိဇ္ဇာကလေးတို့၊ မိတေးယာအရှင်ဇိနာအထွေးရယ်နှင့်၊ ဝေးကြဘိခြင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မဟဂ္ဂုတ် = ရူပစိတ် ၁၅၊ အရူပစိတ် ၁၂၊ နှစ်ရပ်ပေါင်း ၂၇ ကို မဟဂ္ဂုတ်စိတ်ဟု ခေါ်သည်။ အနိမ့်ဆုံးမှ အမြင့်ဆုံး ဈာန်ရသည်အထိရသည့် ပုဂ္ဂိုလ်များနှင့် စိတ်များကို ခေါ်ဆိုခြင်း ဖြစ်သည်။

၂။ ဇာဓိုရ် = ဝိဇ္ဇာဓရ၊ ဝိဇ္ဇာဓိုရ်။

၃။ နာဂတ် = အနာဂတ်ကာလ၊ နောက်ကာလ။

၄။ ရိမေတ္တေး = အရိမေတ္တေးယျဘုရား။

၅။ ဣရု = ဣရုဗေဒင်ကျမ်း။

၆။ ယဇု = ယဇုဗေဒင်ကျမ်း။

၇။ သာမာ = သာမဗေဒင်ကျမ်း။

၈။ အာတပ္ပနာ = အာတပ္ပနဗေဒင်ကျမ်း။

၉။ ဝေဒလ္လ = ဝေဒလ္လကျမ်း၊ ဗေဒင်ပညာအမျိုးမျိုးကို ပြသောကျမ်း။

၁၀။ အဇ္ဇေးဝါ = အဇ္ဇေဝသုတေ၊ ယနေ့လား နက်ဖြန်လား။

၁၁။ နေမိတ်ကယ်တကာ = နေမိတ္တကဝိဇ္ဇာကျမ်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။