ဝါ (ဘာသာရေး)

ဝီကီပီးဒီးယား မှ
(ဝါ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

ဝါ[ပြင်ဆင်ရန်]

ဝါဟူသောဝေါဟာရစကားမှာ မြတ်စွာဘုရား ဒေသနာတော်အရ ရဟန်းတို့ ခေါ်ဝေါ်သုံးစွဲအပ်သော သာသနဝေါဟာရ၊ ဝိနယဝေါဟာရ စကားဖြစ်သည်။

ထိုဝေါဟာရစကားမှာ ဝါဆိုသည်၊ ဝါကပ်သည်၊ ဝါထပ်သည်၊ ဝါပန်သည်၊ ဝါကျိုးသည်၊ ဝါတွင်းဖြစ်သည်၊ ဝါပဖြစ်သည်၊ ဝါကျွတ်သည် စသည်တို့၌ ကိန်းအောင်းတည်နေခြင်းအနက်၊ အကျင့်သီလ သိက္ခာအနက် တို့၌ဖြစ်၏။

တစ်ဝါရသည်၊ နှစ်ဝါရသည်၊ ဝါကြီးသည်၊ ဝါငယ်သည် စသည် တို့၌ ရေတွက်အပ်သော နှစ်အနက်၊ အသက်အနက်၊ အကျင့်သီလ သိက္ခာ အနက်တို့၌ဖြစ်၏။ ထို့ကြောင့် ဝါဟူသော ဝေါဟာရ စကားနှစ်မျိုးတို့သည် အကျင့်သီလ သိက္ခာအနက်တစ်ခု၌သာ တူကြ၍ ကြွင်းသောအနက်တို့၌ မတူ၊ ခြားနားကြသည်။

ထို ဝါဟူသော ဝေါဟာရ စကားနှစ်မျိုးလုံးသည်ပင် မြန်မာ ဝေါဟာရ စကားစစ်စစ်မဟုတ်၊ ဝဿပါဠိမှ ဿကို ဖြုတ်ပယ်၍ ဝ ကို အချနှင့်တွဲစပ်ကာ ဝါဖြစ်လာ၏ဟု ယူဆရန်ရှိသည်။ ဝါနှစ်မျိုးတွင် ဝါဆိုသည် စသည်ဖြင့် သုံးစွဲသော ဝါ၏ အကြောင်းအရာ အတ္ထူပ္ပတ်ကား ဤသို့တည်း။ ။ မြတ်စွာဘုရားပွင့်တော်မူ ပြီးနောက် ပဉ္စဝဂ္ဂီရဟန်းငါးဦးမှစ၍ တပည့်သားရဟန်းတို့ တဖြည်းဖြည်း တိုးပွားလျက် သာသနာတော်ထွန်းကားလာခဲ့ရာ မြတ်စွာဘုရား ပထမဗာဓိ ခေါ် ဝါနှစ်ဆယ်အတွင်းမှာ ဝါဆို ဝါကပ်နှင့်စပ်လျဉ်းသော ဝိနည်းသိက္ခာ ပုဒ်ကို ခွင့်ပြုပညတ်ခြင်းမရှိသေး။ ထို့ကြောင့် ရဟန်းတို့သည် ဆောင်း ဥတု၌လည်းကောင်း၊ နွေဥတု၌လည်းကောင်း၊ မိုးဥတု၌လည်းကောင်း ဥတု သုံးပါးလုံးပင်(တစ်နှစ်လုံးပင်) မိမိတို့အလိုရှိရာ အရပ်ဒေသသို့ ဒေသစာရီ ကြွချီလျက်ရှိကြ၏။

အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်း၌ ရဟန်းအပေါင်းနှင့် သီတင်းသုံးစဉ် ရဟန်းတို့သည် ဥတုသုံးပါး လုံးပင် ဒေသစာရီ ကြွချီကြကုန်၏။ ထိုအခါ လူတို့သည် သာသနာတော်မှ ပြင်ပဖြစ်သော တိတ္တိတို့သော်မှလည်း မိုးလအတွင်း၌ ကိန်းအောင်းတည်နေ ကြသေး၏။ ငှက် တိရစ္ဆာန်တို့သော်မှလည်း သစ်ပင်ဖျားဝယ် အသိုက် လုပ်ကာ ကိန်းအောင်းတည်နေကြသေး၏။ သာကီဝင်မင်းသား ရဟန်းတို့ ကား ကိန်းအောင်းတည်နေခြင်းမရှိဘဲ စိမ်းလန်း၍ အသက်ရှင်နေသော မြက် သစ်ပင်တို့ကို နင်းနယ်ည|င်းဆဲကြကုန်လျက် ပိုးမွှားငယ်တို့ကိုလည်း သေ ကြေပျက်စီးခြင်းသို့ ရောက်စေကြကုန်လျက် ဒေသစာရီကြွချီနိုင်ကြပါပေ၏ ဟု ပြစ်တင်ကဲ့ရဲ့ကြသည်။

ထိုအခါ မြတ်စွာဘုရားသည် လူတို့ပြစ်တင်ကဲ့ရဲ့သံကိုကြားသဖြင့် ရဟန်းတို့အား ရဟန်းတို့ ..... ဝါသို့ကပ်ခြင်းငှာ (မိုးတွင်းသုံးလ၌ ကိန်း အောင်းတည်နေခြင်းငှာ) ခွင့်ပြုတော်မူ၏ဟု ပညတ်ခွင့်ပြုတော်မူ၏။ ဝါကပ်ခြင်းသည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟု နှစ်ပါး ဖြစ်သည်။ ယင်းနှစ်ပါးတို့တွင် ပုရိမဝါကို ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ညဉ့် အရုဏ်မတက်မီ ဣမသ္မိံဝိဟာရေ ဣမံတေမာသံ ဝဿံ ဥပေမိ (ဤကျောင်းအာရမ်အတွင်း၌ ဤဝါတွင်းသုံးလပတ်လုံး ဝါသို့ကပ်ပါ၏၊ နေပါ၏။) ဟု နှုတ်ဖြင့် သုံးကြိမ်ဆို၍ ကပ်ရသည်။ ကျောင်းအာရမ်မှတစ်ပါး ခွင့်ပြုအပ်သော ဇရပ်၊ တန်ဆောင်း၊ လှည်း၊ လှေ စသည်တို့၌ ဝါကပ်လိုမူ ဣဓဝဿံ ဥပေမိ (ဤအရပ်၌ ဝါသို့ကပ်ပါ၏၊ နေပါ၏။) ဟုဆို၍ ကပ်ရသည်။

အထူးအားဖြင့် ဝါကပ်သောအခါ အကာအာရမ်ရှိသောကျောင်းဖြစ် လျှင် အကာအာရမ်ကို၊ အကာအာရမ်မရှိသော ကျောင်းနှင့် တစ်ပါးသော နေရာဖြစ်လျှင် အရပ်ဌာနတစ်ခုခုကို ပိုင်းခြားသတ်မှတ်၍ ထိုပိုင်းခြားသတ် မှတ်အပ်သည့် အတွင်း၌ ဝါကပ်ရသည်။ ဝါထပ်သော နှစ်ဖြစ်လျှင် ပထမ ဝါဆိုလ၊ ဒုတိယဝါဆိုလဟု နှစ်လဖြစ်ရာ ဒုတိယ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ညဉ့်၌ ဝါကပ်ရသည်။

ပစ္ဆိမဝါကို ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့ ညဉ့်အရုဏ် မတက်မီ ဝါကပ်ရသည်။ ဝါကပ်ပုံမှာ ပုရိမဝါကပ်ပုံနှင့်တူ၏။ ပုရိမဝါကပ်သော ရဟန်းသည် သီတင်းကျွတ်လပြည့်နေ့ ပဝါရ ဏာပြုပြီး သို့မဟုတ် လပြည့်ကျော် တစ်ရက်နေ့ ဝါကျွတ်သည်။ ပစ္ဆိမဝါကပ်သော ရဟန်းသည် တန်ဆောင်မုန်းလပြည့်နေ့ ပဝါရဏာပြုပြီး သို့မဟုတ် လပြည့်ကျော် တစ်ရက်နေ့ ဝါကျွတ်သည်။ ပုရိမဝါဖြစ်စေ၊ ပစ္ဆိမဝါဖြစ်စေ ဝါကပ်ပြီးသော ရဟန်းသည် ဝါတွင်းသုံးလပတ်လုံး မိမိဝါကပ်သော ကျောင်းအာရမ်အတွင်းမှ သို့မဟုတ် ပိုင်းခြားသတ်မှတ်သည့် အရပ်ဌာနအတွင်းမှ တစ်ပါးသောအရပ်ဌာနသို့ ညဉ့်အရုဏ်မတက်မီ မိမိဝါကပ်သည့် အရပ်ဌာနအတွင်းသို့ ညဉ့်အိပ်မသွား ရ။ ခဏခေတ္တသွားလျှင်လည်း ပြန်ရောက်ရသည်။ ဝါကပ်သည့် အရပ် ဌာန၌အရုဏ်တက်စေရသည်။ တစ်ပါးသောနေရာအရပ်၌ အရုဏ်တက်စေ လျှင် ဝါကျိုး ဝါပြတ်သည်။ ဝါကျိုး ဝါပြတ်လျှင် အပြစ်ရှိသည်။ ဝါကပ်ပြီးသော ရဟန်းသည် ဝါတွင်းသုံးလအတွင်း၌ တစ်စုံ တစ်ခုသော အရပ်ဌာနသို့ ခွင့်ပြုအပ်သော တစ်စုံတစ်ခုသော အကြောင်း ကိစ္စဖြင့် ညဉ့်အိပ်သွားလိုလျှင် အန္တောသတ္တာ ဟ¸န္တရေ ပဋိနိဝတ္တေ ဿာမိ (ခုနစ်ရက် အတွင်း၌တစ်ဖန် ပြန်လာပါမည်)ဟု ဝါကပ်ရာ အရပ်ဌာနအတွင်း၌ ဝါပန်၍ မိမိအလိုရှိရာ အရပ်ဌာနသို့ သွားရသည်။ သွားသော်လည်း တစ်ပါးသော အရပ်ဌာန၌ အလွန်ဆုံး ခြောက်ညဉ့်သာ အိပ်၍ ခြောက်ကြိမ်သာ အရုဏ်ခံရသည်။ ခုနစ်ကြိမ်မြောက် ညဉ့်အရုဏ် တက်စေလျှင် ဝါကျိုး ဝါပြတ်သည်။ အပြစ်လည်းရှိသည်။ ရက်ကြာကြာ သွားလိုလျှင် ခုနစ်ရက်တစ်ကြိမ် ဝါကပ်သောအရပ်ဌာနသို့ ပြန်လာပြီးလျှင် ယင်းခုနစ်ရက်နေ့ အရုဏ်ခံပြီးမှ ရှစ်ရက်နေ့ တစ်ဖန် ဝါပန်၍သွားရသည်။ ဤကား ဝါဆိုသည် စသည်ဖြင့်သုံးစွဲသော ဝါ၏ အကြောင်းအရာ အတ္ထုပ္ပတ်တည်း။


တစ်ဝါရသည် စသည်ဖြင့် သုံးစွဲသောစကား၏ အကြောင်းအရာ အတ္ထုပ္ပတ်ကား ဤသို့တည်း။ ရဟန်းများ ရဟန်းခံရာဝယ် ဥတ်ကမ္မဝါ အဆုံးရဟန်းဖြစ်သော အချိန်၌ သက္ကရာဇ်၊ နှစ်၊ ဥတု၊ လ၊ ရက်၊ ဖဝါး၊ ဖီလာ၊ နာရီ၊ မိနစ်နှင့် သိမ်၊ ဥပဇ္ဈာယ်ဆရာ၊ ကမ္မဝါဆရာ၊ ကာရက သံဃာ (အရံသံဃာ) တို့ကို စာအုပ်တစ်အုပ်တွင် သေချာစွာ မှတ်သားထားရသည်။ ထိုသို့ မှတ်သားထား ခြင်းမှာ ထိုရဟန်းသည် သာသနာဘောင်၌ တည်နေသမျှ ကာပတ်လုံး နှစ် တစ်ပတ်လည်လျှင် တစ်ဝါရပြီ၊ နှစ်ပတ်လည်လျှင် နှစ်ဝါရပြီ စသည်ဖြင့် ရဟန်းအသက်၊ ဝါ၊ သိက္ခာကို သိရှိနိုင်ရန်ဖြစ်သည်။ ထိုသို့ သိရှိမှ အတူနေ ရဟန်းတို့နှင့်လည်းကောင်း၊ တစ်ပါးသော သိက္ခာငယ်သည်၊ သိက္ခာကြီးသည်တို့ကို သိနိုင်သည်။ ထိုသို့ သိနိုင်မှ မြတ်စွာဘုရား ခွင့်ပြုပညတ်ထားသော သိက္ခာပုဒ်နှင့်အညီ ကျင့်ကြံနိုင်သည်။ သိက္ခာဝါနှင့်စပ်လျဉ်းသော သိက္ခာပုဒ်တို့ကား များပြားလှကုန်၏။ သာသနာဘောင်၌ နေသမျှကာလပတ်လုံး ဝါငယ်သော ရဟန်းက ဝါကြီးသော ရဟန်းအား ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ ရှိခိုးခြင်း၊ အရိုအသေပြုခြင်း၊ နေရာပေးခြင်း၊ ကျောင်းဦး၊ သက‡န်းဦး၊ ဆွမ်းဦး၊ ဆေး ဦးပေးခြင်း စသော ဝတ်ကြီး ဝတ်ငယ်တို့ကို ပြုစုရသည်။ ရဟန်းတို့နှင့် သက်ဆိုင်သော သံဃကံ(သံဃလုပ်ငန်းကိစ္စ) အရပ်ရပ်၌လည်းကောင်း၊ စကားပြောဆို မေးမြန်းရာ၌လည်းကောင်း ဝါငယ် သောရဟန်းက ဝါကြီးသောရဟန်းအား ပါဠိလို 'ဘန္တေ' မြန်မာလို 'အရှင်ဘုရား'ဟူ၍ သုံးစွဲရသည်။ ဝါကြီးသောရဟန်းက ဝါငယ်သော ရဟန်း အား ပါဠိလို 'အာဝုသော' မြန်မာလို 'ငါ့ရှင်'ဟု သုံးစွဲရသည်။ အထူးအားဖြင့် ဗဟုသုတနည်းပါးသော ရဟန်းအချို့နှင့် လူ ဒါယကာ အချို့သည် ရဟန်းတစ်ပါးပါး ဝါတွင်းသုံးလအတွင်း ဝါမကပ် သော်လည်းကောင်း၊ ဝါကပ်ပါလျက် အကြောင်းတစ်ခုခုကြောင့် ဝါကျိုး ဝါပြတ်သွားသော်လည်းကောင်း ထိုရဟန်းကို ရဟန်းသိက္ခာဝါ လျော့နည်း သွားသည်ဟု မှတ်ထင်ကြ၏။ ဘယ်နှစ်ကြိမ်ပင် ဝါမကပ်ဘဲနေသော်လည်း ကောင်း၊ ဝါကျိုးဝါပြတ်သော်လည်းကောင်း၊ သိက္ခာ-ဝါ-လျော့နည်းသွား သည်မဟုတ်၊ ကြီးမြဲကြီးလာသည်သာတည်း။ အကြောင်းကား ရဟန်းဝါကို ရေတွက်မှတ်သားရာ၌ ဝါကပ်သောအကြိမ်၊ ဝါကျွတ်သော အကြိမ်တို့ဖြင့် ရေတွက်မှတ်သားရသည်မဟုတ်။ ရဟန်းဖြစ်ပြီး မိနစ်၊ နာရီ၊ ဖီလာ၊ ဖဝါး၊ ရက်၊ လ၊ ဥတု၊ နှစ်သက္ကရာဇ်တို့ဖြင့်သာ ရေတွက်မှတ်သားရသောကြောင့် တည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)