ဝဇီရာ ကဇာတ်ရုံ
| Wazira Theatre | |
ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ | |
| လိပ်စာ | အမှတ် ၃၂၇၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နယ် မြန်မာနိုင်ငံ |
|---|---|
| တည်နေရာ | ရန်ကုန်မြို့ |
| စီမံခန့်ခွဲသူ | ပြန်ကြားရေးဝန်ကြီးဌာန |
| အမျိုးအစား | ကဇာတ်ရုံ၊ ရုပ်ရှင်ရုံ |
| တည်ဆောက်ခြင်း | |
| ဖွင့်လှစ် | ၁၉၂၃ (New Excelsior အဖြစ်) ဇူလိုင် ၂၇၊ ၂၀၂၆ (ဝဇီရာ ဂုဏ်ပြုခံကဇာတ်ရုံ အဖြစ် ပြန်လည်ဖွင့်လှစ်) |
| ဗိသုကာ | Mr. T.N.J. Catchatoor |
ဝဇီရာ ကဇာတ်ရုံ (အင်္ဂလိပ်: Wazira Theatre) သည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ် (၃၂၇) တွင် တည်ရှိသော မြန်မာနိုင်ငံ၌ ရှေးအကျဆုံး ရုပ်ရှင်ပြဇာတ်ရုံနှင့် သက်တမ်း ၁၀၃ နှစ်ရှိပြီဖြစ်သည့် သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်သည်။[၁] [၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဝဇီရာ ရုပ်ရှင်ရုံအား ၁၉၂၀ ပြည့်နှစ်တွင် Strand Hotel ကို ဆောက်လုပ်ခဲ့သည့် ဗိသုကာပညာရှင် Mr. T. N. J. Catchatoor က တာဝန်ယူဆောက်လုပ်ခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် မေဒန်သီရေတာကုမ္ပဏီ (Madantheatre Company) က တည်ဆောက်ဖွင့်လှစ်ခဲ့သည်။[၃]
မူလအမည်မှာ New Excelsior ရုံ (သို့မဟုတ် Excelsior) ဖြစ်ပြီး၊၁၉၄၂ ခုနှစ်က အေဝမ်းရုပ်ရှင်ရုံ နောင်တွင် ဂျပန်ခေတ်တွင် “ရန်ကုန်ရုပ်ရှင်ရုံ” ဟူ၍ လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် ဝဇီရာရုပ်ရှင်ရုံ (The Waziya Cinema) ဟူ၍ အမည်များ အဆင့်ဆင့် ပြောင်းလဲခဲ့သည်။ ဆယ်စုနှစ်များတစ်လျှောက် ပြဇာတ်ရုံအဖြစ်ရော ရုပ်ရှင်ရုံအဖြစ်ပါ အသုံးပြုခဲ့သည်။[၄] ၁၉၃၁ ခုနှစ်တွင် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းလက်စ် ဖဲဘန်းစ် (Douglas Fairbanks) လည်း ဤရုပ်ရှင်ရုံသို့ လာရောက်ခဲ့ဖူးသည်။ [၅]
၁၉၆၈ ခုနှစ် တွင် အစိုးရက ပြည်သူပိုင် သိမ်းဆည်းခဲ့ပြီးနောက် အမည်များပြောင်းလဲကာ ဆက်လက်ရပ်တည်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ပြဇာတ်ရုံအဖြစ်သို့ ပြန်လည်ပြောင်းလဲခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သို့ ငှားရမ်းခဲ့ကာ ရုပ်ရှင်ရုံအဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဤရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန က အဆင့်မြှင့်တင်ပြင်ဆင်ထိန်းသိမ်းသွားရန် စီမံချက်ချမှတ်ခဲ့သည်။[၆] ဤအဆောက်အအုံတွင် ၁၉၄၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ရုပ်ရှင် ၂၅ နှစ်ပြည့် အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ခဲ့ပြီး ဗမာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီး၏ နှစ်ဆယ့်ငါးနှစ်မြောက် ဗမာပြည်ပြပွဲကြီးအဖြစ် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ကြသည့် မှတ်တမ်းလည်းရှိခဲ့သည်။[၇]
သမိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]ဝဇီရာ ကဇာတ်ရုံ သည် မြန်မာ့ရုပ်ရှင်လောက၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုမှတ်တိုင်များကို ထင်ရှားစွာ သယ်ဆောင်လာခဲ့သည့် အခန်းကဏ္ဍ တစ်ခုမှ ပါဝင်ခဲ့သည်။ မြန်မာ့အသံထွက်ရုပ်ရှင်ခေတ်ဦးကာလက ကမ္ဘာကျော်ဝတ္ထု Camille ကို အခြေခံကာ ဒါရိုက်တာ ဦးညီပု ရိုက်ကူးပြီး မောင်ညီပုနှင့် ခင်ခင်နုတို့ ပါဝင်သည့် “ဆုထူးပန်” ရုပ်ရှင်ကားကို ဤရုံတွင် တင်ဆက်ခဲ့သည်။ထို ရုပ်ရှင်ကားသည် နောင်တွင် လန်ဒန်မြို့အထိပင် တင်ပို့ပြသခွင့်ရရှိခဲ့သည်။[၈]
ဒုတိယကမ္ဘာစစ်အတွင်း ပြည်ပမှ ဖလင်လိပ်တင်သွင်းမှုများ ပြတ်တောက်ကာ ရုပ်ရှင်လုပ်ငန်းများ ရပ်တန့်သွားချိန်၌ ယခင် Excelsior ဟုခေါ်ဆိုခဲ့သော ဝဇီရာသည် မြန်မာ့ပြဇာတ်လောက၏ ရွှေခေတ်ကို ပုံဖော်ပေးခဲ့သည့် အဓိကနေရာတစ်ခု ဖြစ်လာခဲ့သည်။ ဤစင်မြင့်ထက်တွင် ဒဂုန်ရွှေမျှား၊ ဒဂုန်ဆရာတင် နှင့် ဒဂုန်နုတို့ကဲ့သို့သော နာမည်ကျော် ပြဇာတ်ဝိဇ္ဇာကြီးများ၏ လက်ရာများကို ခမ်းနားစွာ တင်ဆက်ခဲ့ကြသည်။ အထူးသဖြင့် စစ်ဒဏ်ကြောင့် မွန်းကြပ်နေကြရသည့် ပြည်သူများအတွက် စိတ်ဓာတ်ခွန်အား ပေးစွမ်းနိုင်ခဲ့သည့် “မမုန်းစက္ကူ” နှင့် “ပုလဲကုံး” ကဲ့သို့သော ပြဇာတ်ကြီးများမှာ စစ်တွင်းပြဇာတ် ရွှေခေတ် အဖြစ် ဤနေရာတွင်ပင် အောင်ပွဲခံနိုင်ခဲ့သည်။ထို့အပြင် ဤရုံ၌ ပြည်လှဖေ၊ မေရှင် နှင့် ခင်မောင်ရင် တို့ ကဲ့သို့သော ထင်ရှားသည့် အနုပညာရှင်ကြီးများသည် စစ်ဘေးဒုက္ခကြားမှ လူထုအတွက် အနုပညာအသက်ရှူပေါက်ကို ဖန်တီးပေးနိုင်ခဲ့ကြသည်။ ၁၉၅၂ ခုနှစ် မြန်မာနိုင်ငံ၏ ပထမဆုံး အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်ဆုနှင့် အမျိုးသမီးဇာတ်ဆောင်ဆု (ကြည်ကြည်ဌေး) ရရှိခဲ့သည့် “ချစ်သက်ဝေ” ဇာတ်ကားကို ဤရုံ၌ပင် အဓိကထား ပြသခဲ့ကြသည်။
ထို့နောက် ဇေယျ၊ ကျော်ဆွေ၊ ထွန်းဝေ၊ ဖိုးပါကြီး၊ ရွှေဘ၊ မေမြင့်၊ ခင်ယုမေနှင့် ဝင်းမင်းသန်း စသည့် ထိပ်တန်းမင်းသားမင်းသမီးများ၏ လက်ရာကောင်းများကိုပါ ထို ရုံ၌ စဉ်ဆက်မပြတ် တင်ဆက်ပေးကာ မြန်မာ့ရုပ်ရှင်၏ ဂုဏ်ကို ဆက်လက် မြှင့်တင်ပေးခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်လည်း ဗိုလ်ကလေးတင့်အောင် နှင့် ဂီတလုလင် မောင်ကိုကိုတို့၏ “ဂုဏ်တုဂုဏ်ပြိုင်” နှင့် “အမေ့ချွေးမ လှလှလေး” ကဲ့သို့သော ပြဇာတ်များဖြင့် ဝဇီရာ ပြဇာတ်ရုံအဖြစ် ပြန်လည်အသက်သွင်းခဲ့ကြသည်။
၂၀၁၁ ခုနှစ် နောက်ပိုင်း သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၄-၂၀၁၅ ခုနှစ် အတွင်းတွင် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် အဖြစ် မှတ်တမ်းရှပ်ရှင်ကားများကို ဤ ကဇာတ်ရုံတွင် ပြသခဲ့ခြင်းလည်း ရှိခဲ့ကြသည်။[၉][၁၀]
ပြန်လည်ပြုပြင်ခြင်းနှင့် ဖွင့်လှစ်ခြင်း
[ပြင်ဆင်ရန်]သမိုင်းဝင်ပြဇာတ်ရုံများကို မှတ်တမ်းတင်လေ့ရှိသော ဓာတ်ပုံဆရာ ဖိလစ် ဂျက်ဘလွန် (Philip Jablon) သည် ၂၀၁၀ ပြည့်လွန်နှစ်များအတွင်း ဤရုံသို့ လာရောက်ခဲ့ပြီးနောက် ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ နှင့် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတို့နှင့် ဆက်သွယ်ကာ ရုံကို ပြန်လည်ပြုပြင်ရန် ဆွေးနွေးခဲ့ကြဖူးသည်။သို့သော်လည်း ဆွေးနွေးချက်သာရှိပြီး အကောင်အထည် မဖော်နိုင်ခဲ့ကြပေ။[၁၁]
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန သည် ရန်ကုန်မြို့လယ်ရှိ သက်တမ်းနှစ် ၁၀၀ ကျော်ရှိသော ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့်ပတ်သက်သည့် အမှတ်တရပွဲများနှင့် ရှေးဟောင်းအမွေအနှစ်ပြတိုက်အဖြစ် လည်ပတ်နိုင်ရန် ဆောင်ရွက်ခဲ့သည်။မူလလက်ရာ မပျက်မယွင်းဘဲ သက်တမ်း ၁၀၃ နှစ်တိုင် ရှိပြီဖြစ်သော ဤသမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်နေရာကို မူလလက်ရာ လက်မှုပညာဒီဇိုင်းအတိုင်း ထိန်းသိမ်း၍ ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည်။[၁၂]
ဗိသုကာလက်ရာ
[ပြင်ဆင်ရန်]ဝဇီရာ ကဇာတ်ရုံ သည် ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံဖြစ်ပြီး ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားသည်။ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ တည်ရှိပြီး ရှေ့မျက်နှာစာ ၁၁၅ ပေခန့်နှင့် နောက်ဘက်တွင် ပေ ၁၄၀ ခန့်ရှိကာ ရှေ့မျက်နှာစာတွင် အိုင်အိုနစ်စတိုင် ကျောက်တိုင်ကြီး ၄ လုံးကို ထည့်သွင်းဆောက်လုပ်ထားသည်။အဆိုပါ တိုင်များ၏ ထိပ်တွင် အနုစိတ်ထားသည့် အင်္ဂတေပန်းတော့လက်ရာများအား ထင်ရှားစွာ မြင်တွေ့နိုင်သည်။ အတွင်းပိုင်းဖွဲ့စည်းပုံမှာ ရိုးရိုးရုပ်ရှင်ရုံများကဲ့သို့ မဟုတ်ဘဲ ကဇာတ်ပြဇာတ်များ တိုက်ရိုက်ကပြတင်ဆက်ခြင်းနှင့် ရုပ်ရှင်ပြသခြင်း နှစ်မျိုးစလုံးကို ဘက်စုံသုံးပုံစံဖြင့် ဖျော်ဖြေနိုင်ရန် စနစ်တကျ တည်ဆောက်ထားသည်။ ထို့ပြင် ပွဲကြည့်စင်ကို မြေညီထပ်နှင့် အပေါ်ထပ်ဟူ၍ နှစ်ထပ်ခွဲထားကာ အပေါ်ထပ်၏ ဘေးတစ်ဖက်တစ်ချက်တွင် အမိုးအထိ အချိုးကျထိုးတက်သွားသည့် တိုင်လုံးရှည်ကြီးများနှင့် ခေါင်မိုးကို ထောက်ကူပေးထားပြီး ရှေးခေတ်ဥရောပ အော်ပရာပြဇာတ်ရုံကြီးများကဲ့သို့ ဖန်တီးဆောက်လုပ်ထားသည်။[၁၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Reopening of Wazira Theatre: President officially inaugurated the upgraded theatre | Myanmar International TV။ 2026-07-27 တွင် ပြန်စစ်ပြီး။
- ↑ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များ ရုပ်ရှင်အမှတ်တရပွဲများနှင့် ရှေးဟောင်းအမွေအနှစ်ပြတိုက်အဖြစ် လည်ပတ်နိုင်ရန် ဆောင်ရွက်။ မြဝတီနေ့စဉ် (၉ နိုဝင်ဘာ ၂၀၂၁)။ ၂၇ ဇူလိုင် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ Locations (in en) (2015-05-09)။ 2026-07-28 တွင် ပြန်စစ်ပြီး။
- ↑ Waziya Cinema – Architectural Guide: Yangon (in en-US)။ 2026-07-27 တွင် ပြန်စစ်ပြီး။
- ↑ Sotinel၊ Thomas။ "Les fantômes et les espoirs du cinéma birman" (in fr)၊ Le Monde၊ 2016-11-14။
- ↑ "ဂျပန်ခေတ်တွင် “ရန်ကုန်ရုပ်ရှင်ရုံ” အမည်တွင်ခဲ့သည့် ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ပြင်ဆင်သွားမည်" (in my)၊ Eleven Media Group Co., Ltd။
- ↑ Developer၊ Z. com (2022-02-16)။ အသက် (၁၀၁)နှစ် ရှိပြီဖြစ်တဲ့သူမ“ဝဇီရာ” (in en)။ 2026-07-27 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် (in en)။ 2026-07-28 တွင် ပြန်စစ်ပြီး။
- ↑ ဘာသာရေးနောက်ခံ ငြိမ်းချမ်းရေး ရုပ်ရှင်ကား ပြသခြင်းမပြု (in my) (2014-06-19)။ 2026-07-28 တွင် ပြန်စစ်ပြီး။
- ↑ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် (in my) (2015-06-19)။ 2026-07-28 တွင် ပြန်စစ်ပြီး။
- ↑ Brzeski၊ Patrick (2016-05-11)။ Inside the Fight to Save Southeast Asia’s Historic Movie Theaters (in en-US)။ 2026-07-27 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် (in en)။ 2026-07-27 တွင် ပြန်စစ်ပြီး။
- ↑ ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း။ MYANMAR NATIONAL PORTAL (၂၈ ဇူလိုင် ၂၀၂၅)။ ၂၇ ဇူလိုင် ၂၀၂၆ တွင် ပြန်စစ်ပြီး။