ဝင်္ကပါမီးပူဇော်ပွဲ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဝင်္ကပါမီးပူဇော်ပွဲသည် ယောဒေသ မြို့၊ ရွာများ၌ ဓလေ့ထုံးစံပွဲ တစ်ခုဖြစ်သည်။ အဆိုပါပွဲကို သီတင်းကျွတ် အခါသမယ၌ ပြုလုပ်ကြသည်။ ဝင်္ကပါ ဆိုသည်မှာ ဝေသန္တရာမင်းကြီး တောထွက်ရာတောင်၏ အကွေ့အကောက်လမ်းများကို ကိုယ်စားပြုသည်။ ဝင်္ကပါကို ဝါး၊ သစ်သားများဖြင့် ပြုလုပ်ရသည်။ ပထမဦးစွာ ဝင်္ကပါပြုလုပ်မည့်နေရာ၌ ပန္နက်ရိုက်ပြီး အကွက်ဖော်ရကာ ဝင်္ကပါ၏ အလည်တည့်တည့်တွင် ဘုရားကျောင်းဆောင်တစ်ခုကို ဆောက်လုပ်ရသည်။ ယာယီစက္ကူများတွင် ဆေးများဖြင့် ပန်းချီခြယ်ကာ ဘုရားကျောင်းဆောင်ကို မွမ်းမံကြရပြီး စံကျောင်းပေါ်တွင် မြတ်စွာဘုရား၏ ရုပ်ပွားတော်ကို ပင့်ဆောင်ထားရသည်။

ထောင့်လေးထောင့်တွင် ငှက်ပျောပင်များ စိုက်ပြီး ညောင်ရေအိုးတစ်လုံးစီ တင်ထားရသည်။ ဝင်္ကပါလည့်လည်ပွဲကို သီတင်းကျွတ်လတွင် အဖိတ်နေ့၊ လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့အထိ သုံးရက်ကျင်းပကြသည်။ အထူးသဖြင့် ဆောမြို့နယ်ရှိ ရွာအတော်များများသည် ဝင်္ကပါမီးထွန်းပွဲများကို နှစ်စဉ်ကျင်းပလေ့ရှိကြသည်။ ဆောမြို့နယ်နှင့် ထိစပ် နေသော ကန်ပက်လက်မြို့နယ်၊ စေတုတ္ထရာမြို့နယ်များရှိ ကျေးရွာများ၌လည်း တွေ့ရှိရသည်။

ဝင်္ကပါကို ဝင်ရောက်လည်ပတ်မည့် ပျိုပျိုအိုအိုအားလုံးကို သနပ်ခါး ပါးတို့ပေးမည့်သူများက အဆင်သင့်စောင့်နေကြသည်။ ဤသည်မှာ ယောဒေသ၏ ချစ်စရာ ဓလေ့တစ်ခုပင်ဖြစ်သည်။ ဝါလကင်းလွတ်ချိန်တွင် မြတ်စွာဘုရားရှင်အား ရည်မှန်းပြီးဆီမီးခွက်မီးများဖြင့် ဝင်္ကပါပတ်လည်၌ ထွန်းညှိထားကာ မီးအုပ်မီးကြာကိုင် ပူဇော်သူများက ဝင်္ကပါကို သုံးပတ် ပတ်၍ ဘုရားမီး ပူဇော်ကြခြင်းဖြစ်သည်။ ထိုလူတန်းကြီး၏ နောက်ဆုံးမှ ယောဒေသ လူငယ်များက ဒေသဆိုင်ရာအကများ၊ ဒေသမှပညာရှင်ကြီးများ ပြုလုပ်ပေးထားကြသော ဝံမရုပ်၊ တိုး(တိုးနယား)ရုပ် စသည့် အရုပ်များကို ဒိုးပတ်အိုးစည်သံများဖြင့် ပျော်ရွှင်စွာ လိုက်လံကပြဖျော်ဖြေကြသည်။

ဝံမရုပ်ဆိုသည်မှာ ရှေးယခင်က လူဝံမကြီးပုံစံ အရုပ်ကြီးဖြစ်ပြီး နှီးကို အခံရက်ကာ အပေါ်မှ စက္ကူကပ်၍ ဆေးဆိုးထားခြင်း ဖြစ်သည်။ ယခုနောက်ပိုင်းတွင် ဝံမရုပ်များမှ လူပုံထစံ​ြေပာင်းလဲလာသည်ကို တွေ့ရှိရသည်။ နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုမှာ ယောနယ်မှ တိုးအက ဖြစ်ပြီး ၊ တိုးသီချင်း၊ တိုးတေးဟူ၍ ရှိခဲ့ကြသည်။ ရှေးအခါက ဝါဝင်ဆွမ်းတော်ကြီးလောင်းပွဲများ၊ ဝါကျွတ်ကန်တော့ပွဲများမှာ တိုး ကခဲ့ကြသည်။ ယခုခေတ်တွင်မူ ဝါကျွတ်ပွဲ၌သာ တွေ့ရှိရတော့ မှာ ဖြစ်ပြီး လောင်းရှည်ဒေသမှာသာလျှင် တိုးရုပ်အများဆုံး တွေ့ရှိရတော့မှာ ဖြစ်သည်။

တိုးနယားခေါင်းကို သစ်သား၊ ကြိမ်ခွေ၊ သားရေစသည် တို့ဖြင့် တာရှည်ခံအောင် လုပ်ထားကြသည်။ တိုး၏ ကိုယ်လုံးပေါ်မှ အမွေးအတွက် တိုးလျှော်ပင်မှ လျှော်ကို ခွာယူရသည်။ ယခုခေတ်စားနေသော လျှော်ဖြူပင်သည် တိုးလျှော်ပင်ဖြစ်သည်။ ရှေးကပင် ခေတ်စားခဲ့သော တိုးအကသည် ရှားရှားပါးပါး ဖြစ်လာပြီ ဖြစ်သောကြောင့် တိုးတေးများ ရှာဖွေရန်ပင် ခက်ခဲလာပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ယောနယ်မှ တိုးအက၊ တိုးရုပ်များကို ထိန်းသိမ်းရန် လွန်စွာ အရေးကြီးသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်၊ ၆-၉-၂၀၁၈၊ စာ-၅