ဝင်းမောင် (တမ္ပဝတီ)

ဝီကီပီးဒီးယား မှ

ဦးဝင်းမောင်(တမ္ပဝတီ) သည် မြန်မာမှု ရှေးဟောင်းဗိသုကာပညာရှင် တစ်ဦးဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးဝင်းမောင်ကို ၁၉၄၇ ဒီဇင်ဘာ ၁၇ ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ ၁၃၀၉-ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်၊ မန္တလေးမြို့၊ တမ္ပဝတီ၊ ထီးတန်းရပ်တွင် အဖ ဦးကျော်ငြိမ်း (အငြိမ်းစား၊ ပန်းပုနည်းပြဆရာ၊ အနုပညာကျောင်း၊ မန္တလေးမြို့)နှင့် အမိ ဒေါ်ဇွန်းတို့က မွေးဖွားခဲ့သည်။ မွေးချင်းတစ်ဦးတည်းသာ ဖြစ်သည်။ ဦးဝင်းမောင်၏ မိဘမျိုးရိုးများမှာ ဘုရင့်အမှုထမ်းများ ဖြစ်ကြသည်။

ပညာရေး[ပြင်ဆင်ရန်]

မန္တလေး လဖုန်းကျောင်းမှ (၁၀)တန်းအောင်မြင်ခဲ့ပြီး ၁၉၇၀-ခုနှစ်၌ မန္တလေးဝိဇ္ဇာတက္ကသိုလ် မှ သိပ္ပံဘွဲ့ (ရူပဗေဒ) ရရှိခဲ့သည်။ ငယ်စဉ်ကစ၍ ဖခင် ဦးကျော်ငြိမ်းထံတွင် မိရိုးဖလာ ပန်းပုပညာ၊ ပန်းတဉ်းပညာ၊ ပန်းတမော့စသော ပညာများသင်ယူခဲ့သည်။၊ ဆရာတော် ရွှေကိုင်းသား၊ ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ ဒေါက်တာသန်းထွန်း၊ ဆရာကြီး ဦးဆန်းထွန်းတို့ထံတွင် မြန်မာမှုနှင့် သမိုင်းသုတေသနပညာများ ဆက်လက်သင်ယူခဲ့သည်။ မိရိုးဖလာ သစ်သားပန်းပုသာမက ကြေးသွန်းပန်းတဉ်း၊ ပလပ်စတာပုံလောင်း၊ ကျောက်ဆစ်ပန်းတမော့၊ ပန်းရံပန်းတော့၊ ဗိသုကာ၊ ပန်းချီ၊ ဓာတ်ပုံ ဘာသာရပ်များပါ လေ့လာတတ်စွမ်းသည်။

လုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံမှ ပါဝင်ပြသခဲ့သော မွန်ထရီယယ် (EXPO-67) နှင့် အိုစာကာ (EXPO-70) ကမ္ဘာ့ကုန်စည်ပြပွဲ မြန်မာပြခန်းများ၊ ပုဂံ သီရိပစ္စယာ ဟိုတယ်နှင့် မန္တလေးဟိုတယ် မြန်မာမှုများ၊ မင်းကွန်းခေါင်းလောင်း ပြာဿဒ်၊ ကင်းဝန်မင်းကြီးကျောင်း၊ နန်းမြို့ပြာဿဒ်များ၊ ပြည်ကြီးမွန်ဖောင်တော်၊ စစ်ကိုင်းတောင်ရိုး သီတဂူ ဆေးရုံကြီး၊ သယမ္ဗူစေတီ၊ မန္တလေးနိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းခန်းမ၊ ရန်ကုန်နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် သိမ်တော်ကြီး၊ အမရပူရ၊ ဗားကရာအတုမရှိ၊ ရွှေကျင်စသော ကျောင်းတော်ကြီးများ၊ မန္တလေး နန်းတော်ရွှေဘိုနန်းတော်ပဲခူးနန်းတော်၊ ပုဂံနန်းတော်များကို ရှေးမူမပျက် ပြန်လည်တည်ဆောက်ရာတွင် ပါဝင်ခဲ့သည်။

၁၉၈၁ မှစ၍ သီတဂူဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများကို ကူညီဆောင်ရွက်ခဲ့သည်။ စစ်ကိုင်းမြို့ သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်တွင် သိမ်တော်၊ ဘုရားဆောင်၊ ဝိပဿနာအကယ်ဒမီ သံဝေဇနိယဓမ္မာရုံများကို တည်ဆောက်ခဲ့သည်။

၁၉၉၂-ခုတွင် ထိုင်း၊ စင်္ကာပူ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ-ဗုဒ္ဓ အနုပညာများကို ကွင်းဆင်းလေ့လာမှု ပြုခဲ့သည်။ ၁၉၉၃-ခုတွင် နိုင်ငံတော်မှ လူမှုထူးချွန်ဆု(ဒုတိယဆင့်) ပေးအပ်ခဲ့သည်။

[၁]

သုတေသန စာတမ်းများ[ပြင်ဆင်ရန်]

မြန်မာမှု ခေတ်သမိုင်း ရှုထောင့်မှ သုတေသနဆောင်းပါးများစွာကိုလည်း ရေးသားပြုစုခဲ့သည်။ ဆရာကြီးဦးမောင်မောင်တင်၏ မွေးနေ့တွင် တပည့်များမှ ဆရာကြီးကို ဂုဏ်ပြုပူဇော်သောအားဖြင့် သုတေသနစာတမ်းများကို နှစ်စဉ်ရေးသားပူဇော်ဖတ်ကြားလေ့ရှိရာ ဆရာကြီး ဦးဝင်းမောင် တမ္ပဝတီမှ -

  • ၁၉၉၉ ဒီဇင်ဘာတွင် ပုဂံ(၁၉)ရွာကွင်းဆင်းလေ့လာတွေ့ရှိချက်များ၊
  • ၂၀၀၀ ဒီဇင်ဘာတွင် မြစ်သာ(၁၁)ရွာ ကွင်းဆင်းလေ့လာချက်မှတ်စု၊
  • ၂၀၀၁ဒီဇင်ဘာတွင် ဘိန္နကရာဇာမင်း၏ အနွယ်တော်များ၊
  • ၂၀၀၂ ဒီဇင်ဘာတွင် ဘိန္နကမြို့ဟောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊
  • ၂၀၀၄ ဒီဇင်ဘာတွင် ဟံလင်းကိုးမြို့၊
  • ၂၀၀၅ ဒီဇင်ဘာတွင် ကျောက်စကားမြို့ဟောင်း၊
  • ၂၀၀၆ ဒီဇင်ဘာတွင် ကျောက်ဆည်လွင်ပြင်မှ ရှေးခေတ်မက္ခရာမြို့တော်
  • ၂၀၀၉ ဒီဇင်ဘာတွင် မင်းမြတ် အနော်ရထာကို တူးဖော်ရှာဖွေခြင်း၊
  • ၂၀၁၀ ဒီဇင်ဘာတွင် တကောင်းမြို့ဟောင်း၏ သမိုင်းဆက် ပဉ္စလ ငါးမြို့၊
  • ၂၀၁၃ ဒီဇင်ဘာတွင် မြစ်သားမြို့စောလူးမင်း၏ ဘာသာစုံကျောက်စာ (ပဏာမလေ့လာချက်)၊
  • ၂၀၁၄ ဒီဇင်ဘာတွင် ပန်းလောင်မြစ်ရိုးတစ်လျှောက်ရှိ ရွှေဂူကြီး(၉)ဆူ၊
  • ၂၀၁၅ ဒီဇင်ဘာတွင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ဝှမ်းအသီးသီးတို့၏ ယဉ်ကျေးမှုဒေသများ၊ ဘိန္နကမြို့ဟောင်း ဒုတိယအကြိမ် ကွင်းဆင်းလေ့လာခြင်း၊
  • ၂၀၁၆ ဒီဇင်ဘာတွင် မြန်မာအစ မြန်မာကလော၊
  • ၂၀၁၇ နိုဝင်ဘာတွင် ပျူစောထီးမင်း၏ တလုပ်မြို့ဟောင်း စသည့် စာတမ်းများ ဖတ်ကြားပူဇော်ခဲ့သည်။

ဦးဝင်းမောင်သည် ယခုထိသမိုင်းဆိုင်ရာ မြန်မာမှုဆိုင်ရာများကို တပည့်များနှင့် လေ့လာသုတေသနပြုနေပြီး မန္တလေး၊ တမ္ပဝတီတွင် နေထိုင်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တိပိဋက= နိကာယသာသနာပြု ဥပဋ္ဌာကအဖွဲ့မှ ထုတ်ဝေသည့် ဆရာတော်နှင့် လူပုဂ္ဂိုလ်တို့၏ ထေရုပ္ပတ္တိနှင့် အတ္ထုပ္ပတ္တိများ၊ ၁၉၉၃၊ မေလ၊