ဝင်းတင် (ဟံသာဝတီ)
| ဝင်းတင် (ဟံသာဝတီ) | |
|---|---|
၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ထောင်မှလွတ်လာစဉ်က တွေ့ရသည့် ဟံသာဝတီ ဦးဝင်းတင် | |
| မွေးဖွား | ဝင်းတင် မတ် ၁၂၊ ၁၉၃၀ ကြို့ပင်ကောက်မြို့၊ ပဲခူးတိုင်း |
| ကွယ်လွန် | ဧပြီ ၂၁၊ ၂၀၁၄ (အသက် ၈၄) ရန်ကုန်မြို့ |
| ထာဝရ နားခိုရာနေရာ | ရေဝေးသုသာန်၊ ရန်ကုန်မြို့ |
| နိုင်ငံလူမျိုး | မြန်မာ |
| ပညာရေး | ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံ)၊ ရန်ကုန်တက္ကသိုလ် (၁၉၅၃) |
| မိခင်ကျောင်း | မြို့မ အထက်တန်းကျောင်း |
| အလုပ်အကိုင် | သတင်းစာဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား |
| အဖွဲ့အစည်း | ဟံသာဝတီ သတင်းစာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် |
| ကျော်ကြားမှုအရင်းခံ | ဝါရင့်သတင်းစာဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း |
| မိဘ(များ) | ဦးပု (ဖခင်)၊ ဒေါ်အမာ (မိခင်) |
| ရရှိသည့်ဆုများ |
|
ဟံသာဝတီ ဦးဝင်းတင် (၁၂ မတ် ၁၉၃၀ – ၂၁ ဧပြီ ၂၀၁၄) သည် မြန်မာနိုင်ငံသား ဝါရင့်သတင်းစာဆရာ၊ စာရေးဆရာနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်တည်ထောင်ခဲ့သည့် ခေါင်းဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ပါတီ၏ အတွင်းရေးမှူး (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ၊ စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်ခဲ့မှုကြောင့် ၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၁၉ နှစ်ကြာ ဖမ်းဆီး ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။[၁][၂]
သတင်းစာလောကတွင် ကြေးမုံ သတင်းစာ ကို စတင်တည်ထောင်သူများတွင် ပါဝင်ခဲ့ကဲ့သို့ ဟံသာဝတီ သတင်းစာ ၏ အယ်ဒီတာချုပ်အဖြစ်လည်း ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ စာပေလောကတွင် ပေါ်သစ်၊ မောင်ဝန်ဇင်း၊ ပြည်စိုး အစရှိသည့် ကလောင်အမည်များစွာဖြင့် အနုပညာဝေဖန်ရေး၊ ခရီးသွားမှတ်တမ်းနှင့် ဘာသာပြန်စာအုပ်များစွာကို ရေးသားခဲ့သည်။၂၀၀၁ ခုနှစ်တွင် နိုင်ငံတကာသတင်းစာများအသင်း (WAN)က လွတ်လပ်မှု ရွှေကလောင်ဆု(Golden Pen of Freedom Award) နှင့် ယူနက်စကို က ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆု (UNESCO/Guillermo Cano World Press Freedom Award) တို့ကို ချီးမြှင့်ခဲ့သည်။[၃]
ငယ်ဘဝ
[ပြင်ဆင်ရန်]ဦးဝင်းတင် ကို အဖ ဦးပု၊ အမိ ဒေါ်အမာတို့မှ ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်တွင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ ၌ မွေးဖွားခဲ့သည်။ သားသမီး သုံးဦးအနက် ဦးဝင်းတင်သည် အကြီးဆုံးဖြစ်သည်။ ဦးဝင်းတင်သည် အိမ်ထောင်မပြုဘဲ လူပျိုကြီးအဖြစ် နေထိုင်ခဲ့သူတစ်ဦးဖြစ်သည်။[၄]
ပညာရေး
[ပြင်ဆင်ရန်]ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့သည်။ မြို့မကျောင်းအုပ်ဆရာကြီးဦးဘလွင်၊ မြို့မကျောင်းအုပ်ဆရာကြီးဦးအေးသွယ်တို့၏တပည့်အရင်းတစ်ဦးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲကို ယူခဲ့ပြီး ၁၉၅၃-ခုနှစ်၌ ဘွဲ့ရခဲ့သည်။ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများတွင် ဝင်းတင် အမည်နှင့် ကဗျာနှင့် ဝတ္ထုတိုများကို စတင်ရေးသားရင်း ကလောင်သွေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှာ အရင်းနှီးဆုံး ကလောင်သွေးဖက်သည်မင်းယုဝေ(ခေါ်) ဦးဝင်းမောင် ဖြစ်သည်။ တက္ကသိုလ်မှာ ဦးထွန်းတင် (ရှေ့နေ)၊ စာရေးဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင့် စသည့်သူများနှင့်လည်း ခေတ်ပြိုင်ကျောင်းနေဖက်များ ဖြစ်သည်။[၅]
သတင်းစာသမား
[ပြင်ဆင်ရန်]အကျိုးဆောင်ဂျာနယ် တွင် လက်ထောက်အယ်ဒီတာအဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့ခြင်းဖြင့် သတင်းစာပညာလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ ၁၉၅၃ ခုနှစ် တွင် အေအက်ဖ်ပီနိုင်ငံခြားသတင်းဌာနတွင် ညအယ်ဒီတာ အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။စာပေဗိမာန်၌ လက်ထောက်အယ်ဒီတာအဖြစ် ၁၉၅ဝ ပြည့်နှစ် မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၃ ခုနှစ် တွင် ဒဂုန်တာရာ ဦးစီးထုတ်သော ဂန္ထဝင်ဂျာနယ် တွင် လက်ထောက်အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ရန် ရည်ရွယ်ခဲ့သော်လည်း ဂျာနယ်ရပ်သွားသဖြင့် စာပေဗိမာန်တွင်သာ ဆက်လက်လုပ်ကိုင်ခဲ့သည်။[၆]
၁၉၅၄ ခုနှစ် မှ ၁၉၅၇ ခုနှစ် ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးခဲ့သည်။တစ်ဖက်တွင်လည် မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။ပြည်ပတွင် စာသင်နေစဉ် မြန်မာနိုင်ငံသတင်းများ စုစည်းဖော်ပြသည့် 'ဒို့ပြည် သတင်း' သတင်းစာ စောင်ရေ ၅ဝဝ ခန့် ကို ကိုယ်ပိုင်ငွေဖြင့် ရေးသားထုတ်ဝေ၍ ကမ္ဘာတဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာနိုင်ငံ ပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့သည်။ဥရောပတွင် ရှိစဉ် မင်းယုဝေ၊ ငွေတာရီ ဇနီးမောင်နှံ နှင့်အတူ ပန်းချီ ပြတိုက်တွေကို လှည့်လည် လေ့လာခဲ့သည်။ ထိုကြောင့် နောက်အခါ ပန်းချီဝေဖန်စာများကို ရေးရာတွင် ကိုယ်ပိုင်အတွေ့အကြုံက အထောက်အကူပြုခဲ့သည်။ [၇]
၁၉၅၇ ခုနှစ် ကြေးမုံ သတင်းစာ စတင်ထူထောင်သူများတွင် ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ အမှုဆောင်အယ်ဒီတာအဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ကြေးမုံ သတင်းစာ ချိတ်ပိတ်ခံရသည့် အချိန်တွင် ပြည်သူ့အိုးဝေသို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုမှ ကြေးမုံသို့ ပြန်ရောက်ခဲ့သည်။ ၁၉၅၉ မှ ၁၉၆၄ ခုထိ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလတွင် မန္တလေးမြို့၌ ထုတ်ဝေသော ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် ဗိုလ်နေဝင်းကိုယ်တိုင်က ခန့်အပ်ခဲ့သည်။ဗိုလ်နေဝင်း မန္တလေးမြို့သို့ ရောက်ရှိချိန်တိုင်း ဦးဝင်းတင်ကို မန္တလေးနန်းတွင်း ထဲ ခေါ်ပြီး တလေးတစား တွေ့ဆုံတတ်သည်။
ဦးဝင်းတင်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေးမြို့ထုတ် ဟံသာဝတီ သတင်းစာအယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုကာလအတွင်း အနောက် ဥရောပနှင့် အရှေ့ အာရှ နိုင်ငံပေါင်း ၂ဝ ခန့်သို့ သတင်းစာ ဆရာ တယောက် အဖြစ် လေ့လာရေး ခရီး သွားရောက် ခဲ့သည်။ ထိုခရီးစဉ် အတွင်း ရောက်ရာ အရပ်မှ နေ၍ သတင်းများ ရေးသားပြီး မြန်မာပြည်သို့ ပို့ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ခြေတွင် စကား လက်ဖြား ကဗျာ မျက်နှာ ဇာတ်လမ်း ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။[၈]
ဦးဝင်းတင်သည် သတင်းစာဆရာဘဝကိုသာ မြတ်နိုးပြီး ရာထူးဂုဏ်ရှိန်များကို တတ်မက်ခဲ့သူမဟုတ်ပေ။ ဟံသာဝတီသတင်းစာတွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရက ပြန်ကြားရေးဌာနတွင် ဒုတိယဝန်ကြီးရာထူးပေးရန် ကမ်းလှမ်းခဲ့ဖူးသော်လည်း ၎င်းက လက်မခံခဲ့ဘဲ ငြင်းပယ်ခဲ့သည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများတွင် လူထုဦးလှ၊ လူထုဒေါ်အမာတို့နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။ မန္တလေးတွင် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူနေစဉ်အတွင်း ရန်ကုန်သို့ဆင်းကာ သတင်းစာပညာရပ်များကို ပို့ချပေးခဲ့သလို သတင်းစာသမိုင်းပြုစုရန်အတွက်လည်း ဦးထင်ကြီး၊ လူထုဦးလှ၊ ရွှေဥဒေါင်းတို့နှင့်အတူ အထူးအားထုတ်ခဲ့သူဖြစ်သည်။
၁၉၇၇-၇၈ ခုနှစ်တွင် မြန်မာစာပေလှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့မှ ဟံသာဝတီ စနေစာပေဝိုင်းကို ဦးဆောင်ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။ ထိုစာတမ်းများကို စာအုပ်အဖြစ်လည်း ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဦးဝင်းတင် ဦးဆောင်ကျင်းပသည့် စနေစာပေဝိုင်း၌ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တစ်ပါတီလမ်းစဉ်ကို ဝေဖန်သည့် စာတမ်းတစ်စောင် တင်သွင်းဖတ်ကြားခဲ့သည်။ ထိုဖြစ်ရပ်၏ ရလဒ်အဖြစ် အာဏာပိုင်များက ဟံသာဝတီသတင်းစာကို ပိတ်ပစ်လိုက်ကာ ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည်တို့နှင့် ပတ်သက်သည့် ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန်အကဲဖြတ်ချက်များကို 'ပေါ်သစ်' ကလောင်အမည်ဖြင့် ရေးသားခဲ့ပြီး 'ကွိ' နှင့် 'ဥတ္တရအလင်း' စသည့် ဘာသာပြန်စာအုပ်များကိုလည်း ရေးသားခဲ့သည်။ ကွန်မြူနစ်နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးသွားမှတ်တမ်းစာပေဖြစ်သော 'ကမ္ဘာနီတွင် တဒင်္ဂ' နှင့် ပန်းချီအကြောင်း ရေးသားထားသည့် 'အလှရှာပုံတော်' စာအုပ်များကိုလည်း ရေးသားခဲ့သည်။ ထို့ပြင် ဦးဝင်းတင် ရေးသားထုတ်ဝေခဲ့သည့် အခြားထင်ရှားသော စာအုပ်တစ်အုပ်မှာ 'ခြေတွင် စကား လက်ဖြား ကဗျာ၊ မျက်နှာ ဇာတ်လမ်း (မြန်မာ ဇာတ်သဘင် ဥရောပ ခရီး)' ဖြစ်သည်။[၉]
နိုင်ငံရေး
[ပြင်ဆင်ရန်]ရှစ်လေးလုံး အရေးတော်ပုံအတွင်း အနုပညာရှင်ပေါင်းစုံတို့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် ကြေညာချက် ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားကြသည့်အခါ ဆရာမောင်သော်က (စစ်အစိုးရ၏ မတရားဖမ်းဆီးနှိပ်စက်မှုများကြောင့် အကျဉ်းထောင်တွင်း၌ ကွယ်လွန်ခဲ့ရသူ) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဦးဝင်းတင်က ဒု-ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ကျောင်းသားသမဂ္ဂမှ ရှစ်စောင်တိတိ ထုတ်ဝေခဲ့သည့် 'သမဂ္ဂ' သတင်းစာတွင် အင်တိုက်အားတိုက် ပါဝင်ရေးသားခဲ့သလို ၁၉၈၈ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် 'ဆန္ဒဖော်သံ' သတင်းစာကို ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။[၁၀]
စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု၌လည်း ဒေါ်မြင့်မြင့်ခင်နှင့်အတူ နာယကအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် ဦးအောင်ကြီး နုတ်ထွက်သွားပြီးနောက် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် အတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူခဲ့သည်။[၁၁]
နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်စည်းရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ရန် ရည်ရွယ်၍ စစ်အစိုးရက ၁၉၈၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ကြေညာချက်အမှတ် (၃၈) ကို ထုတ်ပြန်ခဲ့ရာ အဖွဲ့ချုပ်က ဦးဆောင်၍ ထိုအမိန့်ကို ဆန့်ကျင်ခဲ့သည်။ ထိုသို့ဆန့်ကျင်ရာတွင် အသုံးပြုခဲ့သည့် 'အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ' ဟူသော ဆောင်ပုဒ်ကို ဦးဝင်းတင်က ရေးသားခဲ့ခြင်းဖြစ်သည်။
ထောင်သွင်းအကျဉ်းချခံရခြင်း
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ပြစ်မှုမှရှောင်တိမ်းနေသည့် တရားခံ (ထိုစဉ်က အဖွဲ့ချုပ်လူငယ် စိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်းဆက်သွယ်စကားပြောဆိုသည်ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဦးဝင်းတင် ဖမ်းဆီးခံခဲ့ရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။ လွတ်ရက်စေ့ကာနီးတွင် ၎င်းအား နိုင်ငံရေးကိုစွန့်၍ စစ်အုပ်စုနှင့်လက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သန်းထွန်းက စည်းရုံးခဲ့သော်လည်း ဦးဝင်းတင်က "စစ်လွှမ်းမိုးရေးဒဿန" ကို သူအသက်ရှင်နေသရွေ့ အမြစ်ပြတ်အောင်တိုက်မည်ဟု တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ၁၉၉၂ ခုနှစ် ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင်လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင်အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန်ထောင်ထဲမှာပင် ထောင်ဒဏ် ၁၁ နှစ် ထပ်မံချမှတ်ခံခဲ့ရသည်။[၁၂]
ဦးဝင်းတင်အား ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ဖမ်းဆီးချိန်မှစ၍ အင်းစိန်ထောင် အထူးတိုက်ဝင်းအတွင်း ထားရှိကာ ပတ်ဝန်းကျင်နှင့် လုံးဝအဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အထူးတိုက်မှ အမှတ် (၃) တိုက်သို့ ပြောင်းရွှေ့ထားခဲ့သည်။ အကျဉ်းထောင်တွင်း အာဏာပိုင်များ၏ မတရားပြုမူမှုများကို ဆန့်ကျင်သည့်တိုက်ပွဲများတွင် အကြံဉာဏ်များပေးခဲ့သလို ၁၉၉၀ ပြည့်နှစ်တွင် အင်းစိန်ထောင်တွင်း အစာငတ်ခံတိုက်ပွဲကို ဦးဆောင်ဆင်နွှဲခဲ့သည်။ ထောင်တွင်းလွတ်လပ်မှုအတွက် တိုက်ပွဲဝင်ရင်း အပတ်စဉ်မှတ်တမ်းလွှာတစ်ခုကိုလည်း တိုက်အတွင်း ထုတ်ဝေနိုင်ခဲ့သည်။[၁၃]
၁၉၉၂ ခုနှစ်တွင် Su-SLORC Dialogue Policy ကို ရေးသားထုတ်ဝေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန်၊ အမျိုးသားညီလာခံကို ဖျက်သိမ်းပေးရန်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ စတင်ရန် သဘောထားစာတမ်းကို ရေးသားခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၊ နဝတနှင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ ပါဝင်သည့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှသာ မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပေါ်လစီတစ်ရပ် ချမှတ်ထုတ်ပြန်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်အမတ် ရစ်ချဒ်ဆန်သည် အကျဉ်းထောင်အတွင်းသို့ ဝင်ရောက်၍ ဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာသော်လည်း စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာခြင်းမရှိသဖြင့် "Appeal to the World" (ကမ္ဘာကြီးသို့ ပန်ကြားချက်) ကို ရေးသားထုတ်ဝေခဲ့သည်။[၁၄]
ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ်များသည် မှန်ကန်မှုမရှိသဖြင့် နိုင်ငံတကာအနေဖြင့် စစ်အာဏာရှင်များအပေါ် ပိတ်ဆို့အရေးယူပေးရန် တောင်းဆိုခဲ့သည်။ ယင်းနောက် ရက်ပိုင်းအတွင်းမှာပင် "Appeal to the Public" (ကမ္ဘာ့ပြည်သူများသို့ ပန်ကြားချက်) ကို ထပ်မံထုတ်ဝေခဲ့ပြီး စစ်အာဏာရှင်များသည် ကမ္ဘာ့ပြည်သူများကို အဆိုးဝါးဆုံး လိမ်လည်လှည့်ဖြားနေသည့်အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်ကြရန် တိုက်တွန်းခဲ့သည်။
ထိုသို့လုပ်ဆောင်မှုများကြောင့် ၁၉၉၅ ခုနှစ်တွင် ထောင်ဒဏ် ၅ နှစ် ထပ်တိုးခံရကာ စစ်ခွေးတိုက်သို့ အပို့ခံခဲ့ရသလို အာဏာပိုင်များ၏ ရိုက်နှက်ညှဉ်းပန်းခြင်းကိုလည်း ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမျိုးသားညီလာခံမှ နုတ်ထွက်သင့်ကြောင်း အကြံပြုချက်ကို ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများက လက်မှတ်ရေးထိုး၍ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့သည်။ ထိုစဉ်က အရေးကြီးဆုံးလုပ်ဆောင်ရမည့် အချက်နှစ်ချက်အဖြစ် ပါတီပြုပြင်ပြောင်းလဲရေး (Party Reform) နှင့် ညီလာခံပြုပြင်ပြောင်းလဲရေး (NC Reform) တို့ကို တိုက်တွန်းခဲ့သည်။
၁၉၉၅ ခုနှစ်အတွင်းမှာပင် ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖိနှိပ်ညှဉ်းပန်းမှုများ၊ ရဲဘက်စခန်းများ၏ အခြေအနေနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ ပါဝင်သည့် ၈၃ မျက်နှာပါ 'ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ အစီရင်ခံစာ' ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ အထူးကိုယ်စားလှယ် ယိုဇိုယိုကိုတာထံသို့ လျှို့ဝှက်စာရေးသားပေးပို့ခဲ့သည်။ ထိုသို့ ပေးပို့ခဲ့မှုကြောင့် ၁၉၉၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်ခံခဲ့ရပြန်သည်။
ဦးဝင်းတင်သည် ထောင်တွင်း၌ 'ထ' လေးလုံး ပေါ်လစီဖြစ်သည့် 'ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်' ဆိုသည့် လမ်းညွှန်မှုကို ချမှတ်ပေးခဲ့သည်။၎င်းသည် အကျဉ်းကျနေစဉ်အတွင်း ၂၀၀၁ ခုနှစ်တွင် ယူနက်စကို၏ ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆု (UNESCO/Guillermo Cano World Press Freedom Award) ကို ချီးမြှင့်ခံခဲ့ရသည်။ ထိုနှစ်တွင်ပင် ကမ္ဘာ့သတင်းစာများအသင်း (WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှု ရွှေကလောင်ဆု (Golden Pen of Freedom Award) ကိုလည်း သာယာဝတီ စမ်းစမ်းနွဲ့နှင့်အတူ ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဦးဝင်းတင်၏ ဆုငွေများကို မတည်၍ မြန်မာ့သတင်းသမဂ္ဂမှ 'ဥဒါန်းမဂ္ဂဇင်း' ကို ထုတ်ဝေခဲ့သည်။ ထို့ပြင် ဦးဝင်းတင်ကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်နိုင်ငံရှိ လမ်းတစ်လမ်းကို "ဝင်းတင်လမ်း" ဟု အမည်ပေးထားသည်။
၁၉၉၆ ခုနှစ် အင်းစိန်ထောင် စစ်ခွေးတိုက်အတွင်း ချုပ်နှောင်ခံထားရစဉ် ဘဝတူနိုင်ငံရေးအကျဉ်းသားများကို ၎င်း၏ခံယူချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည် -
"မြန်မာပြည်မှာ နိုင်ငံရေးလုပ်တော့မယ်ဆိုကတည်းက စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့ ကြိုတင်တွက်ဆထားရမယ်။ အာဏာရှင်ကို ပလ္လင်ပေါ်က ဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင်ပေးချင်ပေးရလိမ့်မယ်ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့လိုပါတယ်။ ကျနော်တို့ခေတ်မှာ ကျနော်တို့ တာဝန်မကျေရင် နောက်လာမယ့်မျိုးဆက်တွေက ကျနော်တို့ကို အပြစ်တင်စရာဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက်လာမယ့် လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် ဘယ်လမ်းကိုလျှောက်ရမယ်ဆိုတာလောက်တော့ စံနမူနာပြနိုင်ရမယ်။ ကျနော်တို့ကိုယ်တိုင် အလံမလှဲစတမ်း စွန့်လွှတ်စွန့်စားပြနိုင်မှ နောက်လူငယ်မျိုးဆက်ကလည်း ဒီအလံကို ဆက်လက်စွဲကိုင်ချီတက်ကြမှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ စစ်လွှမ်းမိုးရေးဒဿနကို အမြစ်ကလှန်နိုင်ဖို့ ဒီပွဲမှာ အလံမလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ထားကြဖို့ လိုပါတယ်"။
ဦးဝင်းတင်နှင့် ၂၀၀၃ ခုနှစ် နိုဝင်ဘာလအတွင်းက အကျဉ်းထောင်အတွင်း တွေ့ဆုံခွင့်ရခဲ့သူ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးက "ဦးဝင်းတင်ကဲ့သို့ တိုင်းပြည်၏ နားမျက်စိဖြစ်သော သတင်းစာဆရာကြီးတစ်ဦးကို ဆယ်စုနှစ်တစ်ခုခွဲကြာသည်အထိ စစ်အာဏာပိုင်တို့က အငြိုးတကြီး ထောင်သွင်းချုပ်နှောင်ထားသည်ကို နားမလည်နိုင်အောင် ဖြစ်ရကြောင်း၊ ဦးဝင်းတင်တစ်ဦးတည်း တိုက်ပိတ်ခံထားရသဖြင့် ၎င်း၏မှတ်ဉာဏ်များ ချွတ်ယွင်းမသွားစေရန် သမံတလင်းနှင့် နံရံများပေါ်တွင် စာများရေးလိုက် ဖတ်လိုက်လုပ်နေရသည်ကို တွေ့ရှိခဲ့ရ၍ လွန်စွာစိတ်ထိခိုက်ခဲ့ရကြောင်း" ဘန်ကောက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် နအဖ ထောက်လှမ်းရေးက မှားယွင်းဖမ်းဆီးထားသော အကျဉ်းသားများကို ပြန်လည်လွှတ်ပေးစဉ်က ဦးဝင်းတင် ပြန်လည်လွတ်မြောက်လာလိမ့်မည်ဟု လူထုက မျှော်လင့်ခဲ့ကြသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ လူထုဒေါ်အမာက "အမေကလေ ကိုဝင်းတင်လဲ လွတ်လာတယ် ကြားတော့ ဝမ်းသာပြီး မျှော်နေတာပေါ့။ နောက်တော့ မပါဘူး ဆိုတော့လဲ အရင်ကတည်းက တွက်ထားပြီးသားပဲလို့ အောက်မေ့ပြီး နေလိုက်တာပါပဲ။ နောက်တော့ ဒုဝန်ကြီးကိုယ်တိုင်က လွှတ်ပေးမယ့်လူတွေရဲ့ စာရင်းထဲမှာ ဦးဝင်းတင်ပါတယ်လို့ ပြောတော့လဲ ပြန်ပြီး မျှော်နေမိတာပေါ့ကွယ်။ ဟုတ်တယ်မို့လား။ ဒုဝန်ကြီးကိုယ်တိုင်က ပြောနေတာကိုး။ နောက်ဆုံးကျတော့လည်း လွတ်မလာဘူး။ အမေ့စိတ်ထဲ ၂ ရက်လောက် စိတ်မကောင်းဖြစ်သွားတယ်။ စားလို့လဲမကောင်း အိပ်လို့လဲမကောင်းနဲ့ အတော်နေမကောင်းဖြစ်သွားရတယ်" ဟု ပြောပြခဲ့သည်။
၂၀၀၇ ခုနှစ် မတ်လ ၁၂ ရက်တွင် အသက် (၇၇) နှစ် ပြည့်မြောက်ခဲ့သည့် ဦးဝင်းတင်က ၎င်း၏ နိုင်ငံရေးခံယူချက်များ ပြောင်းလဲခြင်းမရှိကြောင်း ၎င်းအား ထောင်ဝင်စာသွားတွေ့သူ ဦးမောင်မောင်ခင်မှတစ်ဆင့် "သူဟာ ၁၂ ရက်နေ့ဆိုရင် (၇၇) နှစ် ပြည့်ပြီတဲ့၊ အဲဒီ (၇၇) နှစ် ပြည့်တဲ့အချိန်မှာ ငါ့သဘောထားကို ပြောပြချင်တယ်ကွာတဲ့၊ လူတွေကလည်း သိချင်မှာပေါ့တဲ့၊ အဲဒါဘာလဲဆိုတော့ သူဟာ တလျှောက်လုံး သူရပ်တည်ခဲ့တဲ့ သဘောထားကနေပြီး ရွေ့မသွားပါဘူး၊ ဒီအတိုင်းပါပဲတဲ့။ အဲဒါကတော့ သုံးခုပေါ့ဗျာ၊ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး၊ နှစ်က လွှတ်တော်ခေါ်ပေးရေး၊ သုံးက တွေ့ဆုံဆွေးနွေးရေး၊ ဒီဟာကလွဲလို့ ငါဘာမှ ကိုင်စွဲထားတာ မရှိပါဘူးတဲ့၊ ဒီဟာတွေ ကိုင်စွဲထားတဲ့အတွက် ငါ့ကို မလွှတ်လည်း အရေးမကြီးပါဘူးတဲ့" ဟု ပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်အာဏာပိုင်များက အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပြီး ဦးဝင်းတင်၏ အဆိုအရ ၎င်းကို နေအိမ်သို့ ထောင်အာဏာပိုင်များက အတင်းအကြပ် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။[၁၅]
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် အသက် ၈၅ နှစ်အရွယ် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ဦးဝင်းတင်သည် ကျန်းမာရေးချွတ်ယွင်းလာမှုကြောင့် ၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းရှိ Green Cross ဆေးရုံ၌ ၁၅ ရက်ကြာ တက်ရောက်ကုသခဲ့ပြီးနောက် ဝိတိုရိယဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထို့နောက် ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံပြောင်းရွှေ့ခဲ့ရကာ ဆေးရုံတက်ရောက်ကုသချိန် စုစုပေါင်း တစ်လကျော် ကြာမြင့်ခဲ့သည်။[၁၆]ထို့နောက် ၂၀၁၄ ခုနှစ် ဧပြီ ၂၁ ရက် တွင် ကွယ်လွန်ခဲ့သည်။[၁၇]
ရေးသားပြုစုခဲ့သော စာအုပ်များ
[ပြင်ဆင်ရန်]- ကွိ (ဘာသာပြန်)၊ ၁၉၇၅ မတ်လ။
- ဥတ္တရ အလင်း (ဘာသာပြန်)
- ကမ္ဘာနီတွင် တဒင်္ဂ (ကွန်မြူနစ် နိုင်ငံများသို့ ခရီးသွား မှတ်တမ်း)
- အလှ ရှာပုံတော် (ပန်းချီ အကြောင်း)
- ခြေတွင် စကား လက်ဖျား ကဗျာ၊ မျက်နှာ ဇာတ်လမ်း (မြန်မာ ဇာတ်သဘင် ဥရောပ ခရီး)
- တိုက်သုံးဟန်
- ဘာလဲဟဲ့ လူ့ငရဲ
ကိုးကား
[ပြင်ဆင်ရန်]- ↑ Mahtani၊ Shibani။ "Myanmar Dissident Journalist Win Tin Dies" (in en-US)၊ Wall Street Journal၊ 2014-04-21။
- ↑ "ဦးဝင်းတင်ရဲ့ နိုင်ငံရေးအမွေ" (in my)၊ BBC News မြန်မာ။
- ↑ ဆရာ ဟံသာဝတီဦးဝင်းတင်နှင့် ပုံနှိပ်သတင်းစာပညာ (in my)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ ဟံသာဝတီဦးဝင်းတင် ကွယ်လွန် (in my) (2014-04-21)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ သတင်းစာဆရာကြီး ဦးဝင်းတင်ကွယ်လွန် (in my) (2014-04-21)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ Calamur၊ Krishnadev။ "Win Tin, Myanmar's Longest-Serving Political Prisoner, Dies" (in en)၊ NPR၊ 2014-04-21။
- ↑ "Win Tin, Myanmar democracy veteran, mourned by thousands" (in en-GB)၊ BBC News၊ 2014-04-23။
- ↑ Chan၊ Wilfred (2014-04-21)။ Myanmar opposition leader Win Tin dies at 85 (in en)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ ဟံသာဝတီဦးဝင်းတင်နှင့် မောင်မိုးသူ (in my)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ Calamur၊ Krishnadev။ "Win Tin, Myanmar's Longest-Serving Political Prisoner, Dies" (in en)၊ NPR၊ 2014-04-21။
- ↑ ဦးဝင်းတင် ကွယ်လွန် တာ ၂ နှစ်ပြည့်ပြီ (in my) (2016-04-21)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ Jagan၊ Larry။ "Win Tin obituary" (in en-GB)၊ The Guardian၊ 2014-05-01။
- ↑ Myanmar Opposition Party Co-Founder Win Tin Dies at 85 (in en) (2014-04-21)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ Calamur၊ Krishnadev။ "Win Tin, Myanmar's Longest-Serving Political Prisoner, Dies" (in en)၊ NPR၊ 2014-04-21။
- ↑ "Myanmar democracy veteran Win Tin dies at 85" (in en-GB)၊ BBC News၊ 2014-04-21။
- ↑ ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိုးရိမ်ရ။ 21 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 April 2014 တွင် ပြန်စစ်ပြီး။
- ↑ News၊ V. O. A. (2014-04-21)။ Veteran Burmese Pro-Democracy Campaigner Dies (in en)။ 2026-05-04 တွင် ပြန်စစ်ပြီး။