မာတိကာသို့ ခုန်သွားရန်

လွန်းကြွယ်

ဝီကီပီးဒီးယား မှ
လွန်းကြွယ်
မွေးဖွား(1930-09-24)၂၄ စက်တင်ဘာ၊ ၁၉၃၀
ရန်ကုန်, ဗြိတိသျှဗမာ
ကွယ်လွန်၂ အောက်တိုဘာ၊ ၂၀၂၅(2025-10-02) (အသက် ၉၅)
ရန်ကုန်, မြန်မာ
နိုင်ငံလူမျိုးမြန်မာ
ကျော်ကြားမှုအရင်းခံပန်းချီ
ရရှိသည့်ဆုများပန်းချီဂုဏ်ထူးဆောင် ပါရဂူဘွဲ့

လွန်းကြွယ် (၂၄ စက်တင်ဘာ ၁၉၃၀ - ၂ အောက်တိုဘာ ၂၀၂၅) သည် ပန်းချီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ ပန်းချီဆရာကြီး တစ်ဦးဖြစ်သည်။[]ဘိလပ်ပြန်ပန်းချီဆရာကြီး ဦးဘဉာဏ် လက်ထွက် ထင်ရှားကျော်ကြားသည့် မြန်မာ့ပန်းချီကျော်များထဲမှ ဆရာကြီးဦးသိန်းဟန် ၏ တပည့်ကျော် တစ်ဦးလည်း ဖြစ်သည်။

ပန်းချီဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ပန်းချီ ဦးလွန်းကြွယ်ကို ၁၉၃၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့၌ ဖခင်ဖြစ်သူ ဘီအိုစီ စာရေးကြီး ဦးဘခိုင် နှင့် မိခင်ဖြစ်သူ ကျောင်းဆရာမ ဒေါ်အုန်းသွယ် တို့မှ မွေးဖွားခဲ့သည်။မွေးချင်း နှစ်ဦးအနက် အငယ်ဆုံးသား ဖြစ်သည်။

ဖခင်ဖြစ်သူသည် ၎င်း အသက် ၅လသားအရွယ်တွင် ကွယ်လွန်ခဲ့၍ မိခင်ဖြစ်သူ၏ အုပ်ထိန်းမှုအောက်တွင်ပင် ရှင်သန်ကြီးပြင်းခဲ့ရသည်။ငယ်စဥ်ဘဝထဲကပင် ပန်းချီကို ဝါသနာထုံခဲ့သည်။၎င်းအသက် ၁၇ နှစ်အရွယ် ၁၉၄၇ ခုနှစ်တွင် မုဒုံမြို့ အလယ်တန်းကျောင်းမှနေ၍ သတ္တမတန်းအောင်မြင်ခဲ့သည်။

ကျောင်းပညာရေးကို ထိုမှာပင် ရပ်နားလိုက်ပြီး၊Commercial Art ကို မော်လမြိုင်ကမြို့မှ ပန်းချီဆရာဦးလှအောင်၊ ပန်းချီဆရာ ဦးသာလွင် တို့ထံမှ စတင်လေ့လာသင်ယူခဲ့သည်။[]

ထို့နောက် ၁၉၅၄ ခုနှစ် မှ ၁၉၅၅ ခုနှစ် အထိ ကန်ဘဲ့ဆရာအတတ်သင်သိပ္ပံကျောင်းတွင် ပန်းချီပညာဆရာအတတ်သင်ဘွဲ့ကို သင်ယူခဲ့သည်။ ဆရာအတတ်သင်ဘွဲ့ရပြီးနောက်  အဆိုပါမုဒုံအလယ်တန်းကျောင်း၌ပင် နည်းပြဆရာတာဝန်ဖြင့် ကလေးပန်းချီပညာရပ်ကို နှစ်နှစ်တိတိ သင်ကြားပို့ချ လုပ်ကိုင်ခဲ့သည်။

ဆက်၍ ရန်ကုန်ယဉ်ကျေးမှုဌာနအောက်ရှိ ပန်းချီပန်းပုကျောင်းတွင် ပန်းချီနည်းပြဆရာအဖြစ် ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ထိုကျောင်း၌ ဘိလပ်ပြန်ပန်းချီဆရာကြီး ဦးဘဉာဏ် လက်ထွက် ထင်ရှားကျော်ကြားသည့် မြန်မာ့ပန်းချီကျော်များထဲမှ ဆရာကြီးဦးသိန်းဟန် []၏ တပည့်အဖြစ် ပန်းချီပညာကို အနီးကပ်လေ့လာသင်ယူခွင့်ရရှိခဲ့သည်။

ထို့ပြင် မြန်မာ့ပန်းချီလောကရှိ လူသိများသည့် ပန်းချီဆရာကြီးများဖြစ်သည့် ဦးသက်၀င်း၊ ဦးချစ်မောင်၊ ဦးစံ၀င်း၊ ဦးသိန်းဟန် နှင့် ဦးငွေကိုင်တို့တွင်လည်း ပညာသင်ကြးခွင့်ရရှိခဲ့သည်။

၁၉၆၄ ခုနှစ် တွင် တရုတ်နိုင်ငံ သို့ တစ်နှစ်ကြာ ပညာတော်သင် စေလွှတ်ခံရသည်။၁၉၇၁ ခုနှစ်တွင် အရှေ့ဂျာမနီနိုင်ငံသို့ ပညာတော်သင်ဆက်လက်စေလွှတ်ခံရပြန်သည်။အရှေ့တိုင်း နှင့် အနောက်တိုင်း ပန်းချီပညာရပ်အစုံသင်ကြားခွင့်ကြုံခဲ့ရသည့် ၎င်းသည် ၁၉၇၇ ခုနှစ်အရောက်၌ ပန်းချီပန်းပုကျောင်း၏ ယာယီကျောင်းအုပ်အဖြစ် တာဝန်အပ်နှင်းခြင်းခံရသည်။ ၁၉၇၉ ခုနှစ်တွင်မူ ၎င်းသည် ထိုကျောင်းမှ အငြိမ်းစားယူခဲ့သည်။

ထိုနောက်ပိုင်းကစ၍ မကွယ်လွန်မီအချိန်အထိ ကိုယ်ပိုင် ပန်းချီများကို ရေးဆွဲခဲ့ပြီး၊ပြပွဲများ ခင်းကျင်းပြသခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဆရာကြီးဦးလွန်းကြွယ် သည် ၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[]၎င်းသည် မကွယ်လွန်မီ ရက်အနည်းငယ်ကပင် ၎င်း၏ ၉၅ နှစ်ပြည့်၊ ၉၆နှစ်အဝင် မွေးနေ့ပွဲကို ပန်းချီပြပွဲ နှင့်အတူ ကိုယ်တိုင် ကျင်းပခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ပန်းချီဆရာကြီး ဦးလွန်းကြွယ်၏ ငယ်ဘဝဖြတ်သန်းရာ Eleven Media Group (၁၀ စက်တင်ဘာ ၂၀၁၅)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. U Lun Gywe Biography PicassoMio 2 Oct 2025 တွင် ပြန်စစ်ပြီး။
  3. ပန်းချီဦးလွန်းကြွယ်၏ ဆရာ Eleven Media Group (၃၁ မေ ၂၀၁၈)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ပန်းချီဆရာကြီး ဦးလွန်းကြွယ် ကွယ်လွန် DVB (၂ အောက်တိုဘာ ၂၀၂၅)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။