မြားပစ်အားကစား

ဝီကီပီးဒီးယား မှ
(လေးအတတ် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

မြားပစ်အားကစား (Archery Sport)သည် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးများ၌ဉီးစားပေးထည့် သွင်းကျင်းပသောအားကစားနည်းတစ်ရပ်ဖြစ်သည်။ ကမာဘ့အိုလံပစ်အားကစားပြိုင်ပွဲ၌မြားပစ်အားကစား နည်းကို ၁၉ဝဝပြည့်နှစ်တွင် စတင်ထည့်သွင်းကျင်းပခဲ့သည်။ ၁၉ဝ၄၊ ၁၉ဝ၈နှင့် ၁၉၂ဝအိုလံပစ်ပြိုင်ပွဲတို့၌ လည်း မြားပစ်အားကစားပါဎင်ခဲ့သည်။ သို့သော် ၁၉၂ဝ နောက်ပိုင်းတွင်မူမြားပစ်အားကစားနည်းသည် အိုလံပစ်ပြိုင်ပွဲ၌နှစ်ပေါင်းအတန်ကြာပျောက်ကွယ်နေခဲ့သည်။ ၁၉၇၂ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ကျင်းပသော မြူးနစ်အိုလံပစ်မှစ၍ ပြီးခဲ့သည့်၂ဝ၁၂လန်ဒန်အိုလံပစ်အထိ အိုလံပစ်အားကစားပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားပါဎင်ခဲ့သည်။ အာရှအားကစားပြိုင်ပွဲ(Asian Games)၌လည်း မြားပစ်အားကစားနည်းကို ၁၉၇၈ခုနှစ်မှစတင်ထည့်သွင်းကျင်းပခဲ့သည်။အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(Sea Games)၌ ၁၉၇၇ ခုနှစ်တွင် မြားပစ်အားကစားနည်း စတင်ထည့်သွင်းခဲ့သည်။ယင်းနောက် ၁၉၉၉ခုနှစ်မှလွဲ၍ ဆီးဂိမ်းစ်ပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားနည်းပါဝင်ခဲ့သည်။

လေးနှင့်မြား[ပြင်ဆင်ရန်]

မြားပစ်အားကစားနည်း(Archery Sport) သည် "လေးနှင့်မြား" မှစသည်ဟုယူဆရသည်။ "လေးနှင့်မြား" ကိုမည်သည့်လူမျိုးများက မည်သည့်အချိန်တွင် စတင်သုံးစွဲခဲ့သည်ကို ခန့်မှန်းဖို့ခက်သည်။သို့သော် သမိုင်းမတင်မီ ကျောက်ခေတ်နှောင်းပိုင်းမှစ၍"လေးနှင့်မြား" ကိုလူသားတို့ သုံးစွဲခဲ့သောအထောက်အထားများတွေ့ရသည်။ "လေးနှင့်မြား" ကို အမဲလိုက်ရန်နှင့်စစ်တိုက်ရာ၌ အဓိလက်နက်အဖြစ် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ အာရှ၊ ဥရောပ၊ အမေရိကနှင့် လက်တင်အမေရိက၌သာမကအာဖရိကမျိုးနွယ်ဎင်များလည်း "လေးနှင့်မြား" ကို အသုံးပြုခဲ့ကြသည်။"လေး၊မြား" နှင့်ပတ်သက်၍ ဗုဒဓဎင်ပါ "လေးတင်ခန်း" သည် ထင်ရှားသည်။ ရာမ မင်းသားနှင့်အတူတွဲ၍ လေးနှင့်မြားကို လူသိများခဲ့သည်။ ဒဏာရီလာ လေးသည်တော်သူရဲကောင်းများကို လည်း ကြားဖူးကြမည်ထင်သည်။ပျူစောထီး၊ ရော်ဘင်ဟုဒ်နှင့် ဂရိသူရဲကောင်း နီကိုလပ်တို့မှာ လေးမြား အတတ်တွင် တစ်ဘက်ကမ်းခတ်ကျွမ်းကျင်သူများဟုသတ်မှတ်ခံခဲ့ရသည်။

အာရုံစူးစိုက်မှု၊ခွန်အားနှင့်သက်လုံ[ပြင်ဆင်ရန်]

မြားပစ်အားကစားနည်းသည် သတ်မှတ်ထားသောပစ်မှတ်အား ထိချက်မှန်ကန်စွာယှဉ်ပြိုင်ရသည့် အားကစားဖြစ်သည်နှင့်အညီ အာရုံစူးစိုက်မှုနှင့်နည်းစနစ်ပိုင်းကောင်းမွန်ရန်လိုအပ်လှသည်။အာရုံစူးစိုက်မှု (Concentration)နှင့် နည်းစနစ်(Technique)တို့သည် အဓိကအရေးကြီးသောအရာများဖြစ်သည်။ သို့သော် ခွန်အား(Strength)နှင့် သက်လုံ(Stamina)တို့လည်း မရှိမဖြစ်လိုအပ်သောအရာများဖြစ်သည်။ မျက်မှောက် ကာလမြားပစ်ပြိုင်ပွဲများတွင် အသုံးပြုသောလေး(Bow)သည်မြား(Arrow)ကို တစ်နာရီ ကီလိုမီတာ (၂၄ဝ)နှုန်းဖြင့် ပစ်မှတ်ဆီပျံသန်းရောက်ရှိစေသည်။ ဆိုလိုသည်မှာပြိုင်ပွဲဎင် လေးနှင့်မြားကိုအောင်မြင်စွာ ဆွဲငင်ရန်နှင့်ချိန်သားကိုက်ပစ်လွတ်နိုင်ရန်အတွက် ခွန်အားမရှိလှျင်မဖြစ်သလို ရေရှည်ယှဉ်ပြိုင်ရသော အားကစားနည်းဖြစ်၍ သက်လုံကောင်းရန်လည်းလိုအပ်ပေသည်။

ပြိုင်ပွဲအမျိုးအစားများ[ပြင်ဆင်ရန်]

မြားပစ်ပြိုင်ပွဲတွင် အဓိကအားဖြင့် RECURVE ပွဲစဉ်နှင့် COMPOUND ပွဲစဉ်ဟူ၍ ခွဲခြား နိုင်သည်။ယင်းသို့ ကွဲပြားနေခြင်းမှာ အသုံးပြုသည့် လေး (Bow )အမျိုးအစားခြားနားသောကြောင့်ဖြစ် သည်။ COMPOUND အမျိုးအစားပွဲစဉ်တွင် အသုံးပြုသည့် လေး၏လေးကိုင်းထိပ်ဖျားတွင် Eccentric Pulley ဟုခေါ်သော စက်သီးကိုတပ်ထားသည်။ ယင်းသို့တပ်ဆင်ထားခြင်းက မြားကိုဆွဲငင်ရာတွင် ပိုမိုလွယ်ကူစေပြီး သတ်မှတ်ထားသောနေရာသို့ရောက်ရှိသောအခါ မြားပစ်သူ၏ခွန်အားစိုက်ထုတ်မှုမလို တော့ဘဲ အလိုအလျောက်မြားကို ရပ်တန့်ထိန်းထားစေရန် စီစဉ်ထားခြင်းဖြစ်သည်။ သဘောတရားအားဖြင့် ဒူးလေး(Cross Bow)နှင့်တူသည်ဟု ဆိုနိုင်သည်။ထို့ကြောင့် မြားပစ်သူအနေဖြင့် ပစ်မှတ်အား ချိန်ရွယ်ရာတွင် ပိုမို၍ သက်တောင့်သက်သာချိန်ရွယ်နိုင်သည်။ RECURVE ပွဲစဉ်တွင် အသုံးပြုသောလေးမှာ မြားပစ်သူ၏ ကျွမ်းကျင်မှု၊ ခွန်အားရှိမှုနှင့် သက်လုံကောင်းမှုတို့အပေါ်တွင် အလုံးစုံမှီခိုလျက် ရှိသည်။ မြားကိုကြိုးတွင်တပ်ဆင်ချိန်မှစ၍ ပစ်လွတ်သည့်အချိန်အထိ မြားပစ်သမားက ထိန်းချုပ်ထားရန်လိုအပ် သည်။ယေဘုယျအားဖြင့် RECURVE ပွဲစဉ်များ၏ ရမှတ်အနေအထားသည် COMPOUND ပွဲစဉ်များထက် ပိုမိုသာလွန်ကောင်းမွန်နေခြင်းမှာ အသုံးပြုသော လေးကွာခြားမှုကြောင့် ဖြစ်နိုင်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊အာရှတံခွန်စိုက်၊ ကမာဘ့တံခွန်စိုက် စသည့်ပြိုင်ပွဲများတွင် RECURVE နှင့် COMPOUND အ မျိုးအစား (၂) ခုစလုံးကို ထည့်သွင်းကျင်းပသော်လည်း အာရှအားကစားပြိုင်ပွဲနှင့် အိုလံပစ်အားကစားပြိုင်ပွဲ တို့တွင်မူ RECURVE အမျိုးအစားပွဲစဉ်များကိုသာ ထည့်သွင်းကျင်းပသည်။

ပစ်မှတ်နှင့် အကွာအဝေး[ပြင်ဆင်ရန်]

မြားပစ်ပြိုင်ပွဲများတွင် အမျိုးသားတစ်ဦးချင်း (Man Individual ) ၊အမျိုးသမီးတစ်ဦးချင်း( Women Individual ) ၊ အမျိုးသားအသင်းလိုက် ( Men Team ) ၊ အမျိုးသမီးအသင်းလိုက် (Women Team ) ၊ အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်တွဲ ( Mi× Double ) ပွဲစဉ်များပါဝင်သည်။ ပွဲစဉ်အမျိုးအစားအလိုက် ယှဉ်ပြိုင်ရသည့် အကွာအဝေးကွဲပြားပြီး ကျင်းပသောအားကစားပြိုင်ပွဲအလိုက် ထည့်သွင်းကျင်းပသည့် ပွဲစဉ်များလည်း ကွဲပြားမှုရှိနိုင်သည်။ နိုင်ငံတကာပြိုင်ပွဲများတွင် သတ်မှတ်ထားသောအကွာအဝေးမှာ မီတာ (၉ဝ)၊မီတာ(၇ဝ)၊မီတာ(၆ဝ)၊မီတာ(၅ဝ)နှင့် မီတာ (၃ဝ) ပွဲစဉ်များဖြစ်သည်။ ပြိုင်ပွဲယှဉ်ပြိုင်ပုံမှာ ရှုံးထွက်ပြိုင် ပွဲနှင့် အမှတ်ပေးပြိုင်ပွဲဟူ၍ ကွဲပြားမှုရှိသည်။ ကွဲပြားမှုရှိသည်။ မြားပစ်အားကစားနည်း သီးသန့်ကျင်းပသောတံခွန်စိုက် ပြိုင်ပွဲ များမှလွဲ၍ အားကစားပြိုင်ပွဲကြီးများတွင် အမှတ်ပေးပြိုင်ပွဲကို အဆင့်သတ်မှတ်မှုအတွက်သာ ထည့်သွင်းပြီး ဆုချီးမြျင့်ခြင်းမရှိပေ။ ရှုံးထွက်ပွဲစဉ်များမှသာ ဆုတံဆိပ်များ ချီးမြှင့်သည်။ မြားပစ်ပြိုင်ပွဲတွင်အသုံးပြုသော ပစ်မှတ်(Target ) ၏ အရွယ်အစားသည် ပြိုင်ပွဲအမျိုးအစားပေါ်မူတည်၍ ကွဲပြားမှုရှိသည်။ မီတာ(၉ဝ၊၇ဝ၊၆ဝ ) ပွဲစဉ်များအတွက် ပစ်မှတ်၏ မျက်နှာပြင်အကျယ်သည် (၁၂၂) စင်တီမီတာသတ်မှတ် ထားသည်။ မီတာ (၅ဝ)နှင့် မီတာ(၃ဝ) ပွဲစဉ်များအတွက် မျက်နှာပြင်သည် (၈ဝ) စင်တီမီတာသာ ကျယ်ဝန်းသည်။ ပစ်မှတ်၏ မျက်နှာပြင်တွင် သတ်မှတ်ဧရိယာအလိုက် အမှတ်ရရှိမှုကွဲပြားခြားနားသည်။ အမှတ်ပေးမှုကို အရောင်များဖြင့် ခွဲခြားထားခြင်းဖြစ်သည်။ ပစ်မှတ်၏အလယ်ဗဟိုကို အဝါရောင်သတ်မှတ် ထားပြီး ယင်းအဝါရောင်၌ပင် စက်ဝိုင်းငယ်တစ်ခုထပ်မံပါရှိသည်။ စက်ဝိုင်းငယ်အတွင်းထိမှန်အောင်ပစ်နိုင် ပါက (၁ဝ)မှတ်သတ်မှတ်ထားပြီး ယင်းစက်ဝိုင်းအပြင်ဘက်အဝါရောင်ဧရိယာကို (၉) မှတ်သတ်မှတ်သည်။ အဝါရောင်ဧရိယာပြီးနောက် အနီရောင်ဧရိယာသတ်မှတ်ထားသည်။ အနီရောင်အတွင်းဘက်ကို (၈)မှတ်၊ အပြင်ဘက်ကို (၇)မှတ်သတ်မှတ်သည်။ ယင်းနောက်တွင် အပြာရောင်၊ အနက်ရောင်နှင့် အဖြူရောင်များသတ်မှတ်ထားသည်။ အဖြူရောင်ဧရိယာအပြင်ဘက်တွင် အနိမ့်ဆုံးရမှတ်(၁) မှတ်အဖြစ် သတ်မှတ်သည်။ စက်ဝိုင်း၏ ဗဟိုချက်နှင့် မြေပြင်အကွာအဝေးသည် (၁၃၅)စင်တီမီတာဖြစ်ပြီး မြေပြင်အနေအထားပေါ်မူတည်၍(၅) စင်တီမီတာခန့် အတိုးအလှေျာ့ပြုလုပ်နိုင်သည်။

ပြိုင်ပွဲကျင်းပပုံ[ပြင်ဆင်ရန်]

နိုင်ငံတကာမြားပစ်ပြိုင်ပွဲများတွင် ပွဲစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်သူများ၏ အဆင့်သတ်မှတ်သောပွဲစဉ်ကို စတင်ကျင်းပသည်။ ( မှတ်ချက် တံခွန်စိုက်မြားပစ်ပြိုင်ပွဲများ၌ အဆင့်သတ်မှတ်မှုမှ ရမှတ်များအပေါ် ရွေ၊ငွေ၊ကြေး ဆုတံဆိပ်ချီးမြှင့်သော်လည်း အိုလံပစ်နှင့် ဆီးဂိမ်းစ်ပြိုင်ပွဲတို့တွင်မူ ဆုချီးမြှင့်မှုမရှိပေ။) ယင်းပွဲ စဉ်မှာ ပါဝင်ယှဉ်ပြိုင်သူ ပြိုင်ပွဲဝင်များအနေဖြင့် မြား(၇၂) ချောင်းစီယှဉ်ပြိုင်ရပြီး ရရှိသော ရမှတ်အလိုက်အဆင့်သတ်မှတ်သည်။ ပေါ်ထွက်လာသော အဆင့်သတ်မှတ်ချက်များအရ အကောင်းဆုံးရ မှတ်ရရှိသူနှင့် အနိမ့်ဆုံးရမှတ်ရရှိသူတို့ကို အတွဲများတွဲပေးကာ ရှုံးထွက်စနစ်ဖြင့်ပြိုင်ပွဲကို ဆက်လက်ကျင်း ပသည်။ အိုလံပစ်ပြိုင်ပွဲများတွင် ပွဲစဉ်တစ်ခု၌ ပြိုင်ပွဲဝင် (၆၄) ဦးသတ်မှတ်ထားပြီး ယင်း (၆၄) ဦးကို အဆင့် သတ်မှတ်မှုယှဉ်ပြိုင်စေပြီးနောက် အဆင့် (၁) ရရှိသူကို အဆင့် (၆၄ )နှင့်လည်းကောင်း၊ အဆင့် (၂) ရရှိသူ ကို အဆင့် (၆၃)ဖြင့်လည်းကောင်း စသည်ဖြင့် အတွဲများတွဲကာ ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ရှုံးထွက် အဆင့် ပွဲစဉ်များတွင်ပြိုင်ပွဲဝင်တစ်ဦးသည် တစ်ကြိမ်လှျင် မြား(၃)ချောင်းဖြင့် ပွဲငယ် (၆) ပွဲ(6 Ends ) ယှဉ်ပြိုင်ရသည်။ ပွဲငယ်အများဆုံးအနိုင်ရရှိသူမှာ နောက်တစ်ဆင့်သို့တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ် သည်။ ပွဲငယ်အနိုင်၊ အရှုံးရလဒ်တူညီနေပါက အရှုံး၊အနိုင်ပေါ်သည်အထိ မြားပိုတစ်ချောင်းစီထပ်မံယှဉ် ပြိုင်ရသည်။ မြား(၃)ချောင်းအတွက် သတ်မှတ်ခွင့်ပြုချိန်မှာ စကကန့်(၁၂ဝ) ဖြစ်သည်။ ကမာဘ့မြှားပစ်ပြိုင်ပွဲများ တွင် လွမ်းမိုးထားနိုင်သူများမှာ တောင်ကိုရီးယား မြားပစ်မောင်/မယ် တို့ဖြစ်သည်။ အရှေ့တောင်အာရှ အဆင့်တွင်မူ အင်ဒိုနီးရှား၊မြန်မာနှင့် ဗီယက်နမ်တို့က ထိပ်တန်းအဆင့်တွင်ရပ်တည်လျက်ရှိသည်။ လာမည့် ၂ဝ၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြားပစ်အားကစားနည်းပါဝင်မည်ဖြစ်ကာ စုစုပေါင်းရွေ့တံဆိပ် (၁ဝ)ခု ချီးမြှင့်ရန်စီစဉ်ထားကြောင်း သိရှိရသည်။

အဋ္ဌာရသတဆယ့်ရှစ်ရပ်ဝင် အတတ်တစ်မျိုး ရှေးအခါက စစ်တိုက်၊ တောကစားထွက် စသည်တို့၌အလွန်အရေးပါခဲ့သော လေးအတတ်သည် ယမ်းနှင့် သတ္တုလက်နက်များပေါ်သည့် အချိန်မှစ၍ အပျင်းပြေလေ့ကျင့်သော အတတ်မျှသာ ဖြစ်နေလေသည်။

လေးအတတ်[ပြင်ဆင်ရန်]

လေးအတတ်သည် ရှေးအခါက စစ်တိုက်ရာတွင် လည်းကောင်း၊ အသက် အိုးအိမ် စည်းစိမ်ကာကွယ်ရာတွင်လည်းကောင်း၊ တောကစားထွက်ရာတွင်လည်းကောင်း အလွန်အရေးပါအရာရောက်ခဲ့သည် အားလျော်စွာ ယောကျာ်းတိုင်းတတ်အပ်သော အတတ်ဖြစ်ခဲ့၍ အလွန်လည်း ခေတ်စားခဲ့သည်။ သို့သော် ၁၄ ရာစုနှစ်သို့ရောက်၍ ယမ်းနှင့် သတ္တုလက် နက်များ ပေါ်ပေါက်လာသောအခါ လေးအတတ်သည် တဖြည်းဖြည်း တိမ် ကောပပျောက်လာရာ နောက်ဆုံး ယခုခေတ်တွင်ကား အပျင်းပြေပျော်ပွဲ လောက်အတွက်သာ ထိုအတတ်ကို လေ့ကျင့်ကြတော့သည်။ လေးအတတ် သည် ကျင့်သားများ၍ ကျွမ်းကျင်မှုရှိမှသာ လက်ဖြောင့်နိုင်သည်။ အချို့ လေးသမားတို့သည် လေးပစ်ရာ၌ အလွန်ကျင်လျင်ရကား မြားများကို အမျိုး မျိုးပစ်ပြနိုင်ကြသည်။ ယခုခေတ်တွင် လေးပစ်ရာ၌ မြားများကို ကောက်ရိုးဖြင့် လုပ် ထားသော ပစ်ကွင်းများသို့ ပစ်၍ကျင့်ကြသည်။ ဤပစ်ကွင်းများသည် အချင်းလေးပေရှိ၍ ယင်းတို့အပေါ် အရောင်အမျိုးမျိုးရှိသော စက်ဝိုင်းများ ရေးဆွဲထားသည်။ ထိုစက်ဝိုင်းများကာ လေးပစ်သူအတွက် အမှတ်တန်ဖိုး အမျိုးမျိုးရှိသော စက်ဝိုင်းများဖြစ်ကြသည်။ ပစ်လိုက်သောမြားသည် အပြင် ဆုံးဖြစ်သည့် အဖြူစက်ဝိုင်းကိုသာမှန်လျှင် ပစ်သူအတွက် တစ်မှတ်သာရ၏။ အဖြူအတွင်းဘက်ရှိ အမည်းစက်ဝိုင်းကို မှန်လျှင် သုံးမှတ်ရ၏။ တစ်ဖန် အမည်းအတွင်းဘက်ရှိ အပြာစက်ဝိုင်းကိုမှန်လျှင် ငါးမှတ်ရ၏။ အပြာစက် ဝိုင်းအတွင်းဖက်ရှိ နီနီစက်ဝိုင်းကိုမှန်လျှင် ခုနစ်မှတ်ရ၏။ ရွှေရောင်ရှိသော အလယ်ဗဟိုချက်ကို မှန်လျှင်ကား ပစ်သူအတွက် ကိုးမှတ်ရတော့၏။ အကယ်၍ မြားသည် အရောင်နှစ်ခုစပ်ကြားတွင်မှန်လျှင် အတွင်းစက်ဝိုင်း ကိုမှန်သည်ဟု ယူဆရလေသည်။ လေးသမားများသည် များသောအားဖြင့် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ပစ်ကြသည်။ ပစ်ကြရာ၌ အင်္ဂလန်ပြည်တွင် လေးသမားတစ် ယောက်သည် စုစုပေါင်းမြားအစင်း ၁၄၄ စင်း ပစ်ခွင့်ရသည်။ ပထမ မြား ၇၂ စင်းဖြင့် ပစ်ကွင်းကို ကိုက် ၁ဝဝ အကွာမှလည်းကောင်း၊ ဒုတိယမြား ၄၈ စင်းဖြင့် ၈ဝ အကွာမှလည်းကောင်း၊ တတိယမြား ၂၄ စင်းဖြင့်ကိုက် ၆ဝ အကွာမှလည်းကောင်း ပစ်ရသည်။ အမေရိကန်နိုင်ငံ၌မူ လေးသမားတစ် ယောက်သည် တစ်ချီလျှင် စုစုပေါင်း မြားအစင်း ၉ဝ ပစ်ခွင့်ရ၍ ပထမ မြားအစင်း ၃ဝ ဖြင့် ပစ်ကွင်းကို ကိုက် ၄ဝ ကွာမှလည်းကောင်း၊ ဒုတိယ မြားအစင်း ၃ဝ ဖြင့် ကိုက် ၅ဝ အကွာမှလည်းကောင်း၊ တတိယမြားအစင်း ၃ဝ ဖြင့် ကိုက် ၆ဝ အကွာမှလည်းကောင်း အသီးအသီးပစ်ရသည်။ မြို့ တော်ပြိုင်ပွဲတွင်ကား လေးသမားတစ်ယောက်သည် တစ်ချီလျှင် မြားအစင်း စုစုပေါင်း ၁၅ဝ ပစ်ခွင့်ရရာ ပစ်ကွင်းကို ကိုက် ၁ဝဝ၊ ကိုက် ၈ဝ၊ ကိုက် ၆ဝ၊ ကိုက် ၅ဝ၊ ကိုက် ၄ဝ အကွာမှ မြားအစင်း ၃ဝ စီဖြင့် ပစ်ရလေ သည်။ လေးပစ်ပြိုင်ပွဲတွင် အသုံးပြုသောလေးများသည် ငါးပေမှ ခြောက် ပေအထိရှည်၍ ရှောက်သား၊ လိမ္မော်သား၊ ကျောက်ထင်းရှူးသား စသည့် မာကျော ပျော့ပျောင်းသော သစ်သားများဖြင့် ပြုလုပ်ထားကြသည်။ အချို့ လေးများကိုမူ သံမဏိဖြင့် ပြုလုပ်ကြသည်။ လေးကြိုးများကို အလွန်ခိုင်မာ သော လျှော်မျှင်များကို ကျစ်၍ပြုလုပ်သည်။ မြားတံများကို သစ်သားအမျိုး မျိုးဖြင့် ပြုလုပ်ပြီးလျှင် မြားထိပ် များကိုမူ သံမဏိချွန်များဖြင့် တပ်ထားကြ သည်။ အချို့သော မြားများသည် ပေါ့ပါးသော ခေါင်းပွသံ များဖြစ်ကြ သည်။ ပစ်လိုက်သည့် မြားသည် ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်ရန် အမြီး ဖျားတွင် ငှက်မွေးများတပ်ထားသည်။ မြားပစ်သည့်အခါ မြားသည် လေး ကြိုးထဲ၌ အံကျရှိနေစေရန် ငှက်မွေးတပ်ထားသော အမြီးဖျားပိုင်း၌ အနည်း ငယ်ဟိုက်ထားသည်။ မြားများထည့်သည့် မြားအိမ်ကား ရှည်ရှည်လုံးလုံး ဖြစ်၍ ပခုံးတွင် ကြိုးတပ်၍ လွယ်ထားရသည်။ လေးပစ်ခြင်းကို 0x100သစတြေး လီးယားတိုက်မှတစ်ပါး ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအသီးအသီးတို့တွင် တွေ့ရ သည်။ အချို့သော ဂူနံရံများတွင် ရှေးလေးသမားများ၏ပုံများကို တွေ့ရ သည်။ ၁၅ ရာစုနှစ်နောက်ပိုင်းတွင်မှ စစ်တိုက်ကြရာတွင် လေးနှင့်မြား အစား မီးပေါက်လက်နက်များကို အသုံးပြုလာကြသည်။ သို့ရာတွင် ပြိုင်ပွဲ၌ ပစ်ကွင်းဖြင့် ယှဉ်ပြိုင်ပစ်ခြင်းနှင့် တိရစ္ဆာန်ငယ်ကလေးများအား အမဲလိုက် ခြင်းတို့၌ လေးနှင့်မြားကို ယခုတိုင်အောင် အသုံးပြုလျက်ရှိရာ လူကြိုက် များသော ဖျော်ဖြေမှုတစ်ရပ်ဖြစ်နေပေသေးသည်။ အမေရိကန် အင်ဒီးယန်း တို့သည် စစ်တိုက်ရာ၌လည်းကောင်း၊ အမဲလိုက်ရာ၌လည်းကောင်း လေးနှင့် မြားကို အထူးအားကိုးအားထားပြုကြသည်။ တာတိုပစ်ရာ၌ ယင်းတို့သည် အထူးလက်ဖြောင့်ကြသော်လည်း သိပ္ပံနည်း မကျမှုကြောင့် ယခုခေတ် လေး သမားများ၏ လက်စွမ်းမှုကို လိုက်မမီနိုင်ကြချေ။ လေးအတတ်သည် သာသနာတော်ကျမ်းဂန်၊ လောကီကျမ်းဂန်တို့ ၌လာသော တစ်ဆယ့်ရှစ်ရပ်သော ပညာမျိုးတွင် အပါအဝင်ဖြစ်၍ ထိုထို ကျမ်းဂန်တို့ အလိုအားဖြင့် လေးအပြားသုံးပါးရှိ၏။ ယင်းတို့မှာ (၁) ပိုလ် နှစ်ထောင်နိုင်သော ဒဠ|ဓနုခေါ် လေးတစ်မျိုး။ ကျမ်းဂန်တို့တွင် ပိုလ်နှစ် ထောင်နိုင်သော ဒဠ|ဓနုလေးဟူသည်ကား ထန်းပင်အပေါ်သားကို လုပ်သော လေးတည်း။ ထိုလေးကို ညို့တင်ပြီးလျှင် ညို့အလယ်၌ ပိုလ်နှစ်ထောင်ရှိ သော (တပိုလ်လျှင် လေးကျပ်သားမျှရှိ၏။) ဝန်ကိုချည်၍လေးကိုင်းကို ကိုင်ပြီး ချီကြွသောအခါ ပိုလ်နှစ်ထောင်ထုပ်မြေမှ လွတ်သည့်ကာလ လေး ကိုင်းနှင့် လေးညို့မြား တစ်ပြန်ခန့်ကွာလျှင် ပိုလ်နှစ်ထောင်နိုင်သော လေး မည်၏။ မြားတစ်ပြန်ထက်ကျယ်လျှင် လေးပျော့သည်။ ပိုလ်နှစ်ထောင်မနိုင်။ မြားတစ်ပြန်ရှိအောင်မကျယ်လျှင် လေးမာသည်ဟုသိရ၏။ (ဤထန်းသား လေးကား အနောက်တိုင်းပြည် မဇ္ဈိမဒေသများတွင် ရှေးအခါက အများသုံးစွဲ ကိုင်ဆောင်သော လေးဟုဆို၏။) (၂) ဗိုလ်တစ်ထောင်တင်လေးခေါ် သဟဿထာမ လေးတစ်မျိုး။ ဇနကမင်းသား၊ သိဒ္ဓတ္ထမင်းသားတို့တင်၍ပစ် သော လေးမူကားလက်နက်ကိုင် ဗိုလ်ခြေယောက်ျားတစ်ထောင်တင်မှ ချမှရ သည်။ ထိုဗိုလ်တစ်ထောင်တင်မှ ရသောလေးဟုသိရာသည်။ (၃) သဟဿ ဗာဟု လေးခေါ် လက်မောင်းတစ်ထောင်၊ လက်နက်ကိုင်ငါးရာတင်လေး တစ်မျိုး။ ပဏ္ဍုမည်သော အိမ်ရှေ့မင်း၏ သားတော်ငါးယောက်တို့တွင် လေး အတတ်၌ ကမ်းတစ်ဖက်သို့ရောက်သော အဇ္ဇုနမင်းသားကိုင်သော လေးကား လက်နက်ကိုင် လူငါးရာ လက်မောင်းတစ်ထောင်တင်မှ ချမှရသော သဟ ဿဗာဟု လေးဟူ၍ ဘူရိဒတ်ဇာတ်တော်တွင်ဆိုသည်။ ထို့ပြင် လေးပစ်အတတ် (ဝါ) မြားရေးတို့ကိုလည်း (၁) လျှပ် တစ်ပြက်ကို အချက်အသောင်း အသိန်းပစ်ခြင်းတည်းဟူသော အက္ခဏဝေဓိ အတတ်၊ (၂) ခါးရမ်သီးစသော အမှတ်ကို ချက်ရာမစပ်မှန်အောင်ပစ်ခြင်း၊ သားမြီးမွေးမျှင်ကိုလျက် ထက်ဝက်ထွင်းအောင် ပစ်ခြင်းတည်းဟူသော ဝါလ ဝေဓိအတတ်၊ (၃) ရှေ့ပစ်လိုက်သောမြားကို နောက်မြားဖြင့် မှန်အောင်ပစ် ခြင်းတည်းဟူသော သရဝေဓိအတတ်၊ (၄) မျက်စိဖြင့်မမြင်ဘဲ အသံကိုနား ထောင်၍ မှန်အောင်ပစ်ခြင်းတည်းဟူသော သဒ္ဒဝေဓိအတတ်ဟူ၍ မြားရေး ကြီးလေးပါး။ နွယ်တန်းကဲ့သို့ မြားတန်းမပြတ်အောင် ပစ်ခြင်းတည်းဟူသော သရလဋ္ဌိအတတ်၊ ကြိုးအစဉ်ကဲ့သို့ ပစ်ခြင်းတည်းဟူသော သရရဇ္ဇုအတတ်၊ မြားပြာသာဒ်ဆင့် တက်အောင်ပစ်ခြင်းတည်းဟူသော သရပါသာဒအတတ်၊ မြားစောင်းတန်းဆင့် တက်အောင်ပစ်ခြင်းတည်းဟူသော သရသောပါန အတတ်၊ မြားကို မြားဖြင့်ဆီးကာအောင် ပစ်ခြင်းတည်းဟူသော သရပ္ပဋိ ဗာဟနအတတ်၊ မဏ္ဍပ်အုပ်သကဲ့သို့ ပစ်ခြင်းတည်းဟူသော သရမဏ္ဍပ အတတ်၊ မြားတန်တိုင်းဝိုင်းအောင် ပစ်ခြင်းတည်းဟူသော သရပါကာရ အတတ်၊ လေးထောင့်ကန်ကဲ့သို့ တည်အောင်ပစ်ခြင်းတည်းဟူသော သရ ပေါက္ခရဏီအတတ်၊ ပဒုမာပွင့်ချပ်ကဲ့သို့ မြားထပ်အဆိုင်ဆိုင်တက်အောင်ပစ် ခြင်းတည်းဟူသော သရပဒုမအတတ်၊ မြားမိုးရွာစေခြင်းတည်းဟူသော သရ ဝဿအတတ်၊ မြားစက်ဝန်းသွားအောင် ပစ်ခြင်းတည်းဟူသော စက္ကဝိဓံသန အတတ်၊ မြားရဟတ်လည်အောင် ပစ်ခြင်းတည်းဟူသော သရအဝဓအတတ် ဟူ၍ မြားရေးငယ် တစ်ဆယ့်နှစ်ပါး စသည်ဖြင့်ဖော်ပြထားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)