လောင်းကစားခြင်း

ဝီကီပီးဒီးယား မှ
(လောင်းကစား မှ ပြန်ညွှန်းထားသည်)
ပီချင်းကိုးရုံ

လောင်းကစားဆိုသည်မှာ "ငွေ ကိုဖြစ်စေ၊ အခြားတစ်ခုခုကို ဖြစ်စေ တန်ဖိုးထပ်၍ မသေချာ မရေရာမှု တစ်ခုကို အရဲစွန့်ပြုလုပ်ခြင်း" ဟု အနောက်နိုင်ငံ စွယ်စုံကျမ်းတစ်ခုတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တစ်နည်း အားဖြင့် ကံကိုယုံပြီး အချို့တစ်ဝက်ကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ ပုံအော လိုက်ရခြင်းဟူ၍လည်း ဆိုနိုင်သည်။

၂၀၁၈-လောင်းကစား ဥပဒေကြမ်းအရ အဓိပ္ပာယ်ဖော်ပြချက်မှာ လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်ူ၊ တစ်ခုခုတွင် ပါဝင်ပြီး ငွေကြေးအတွက်၎င်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော (သို့) ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီး ဖြစ်သော ပစ္စည်းတစ်စုံတစ်ရာအတွက်၎င်း အကောက်အစား ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လောင်းကစားခြင်းကို ဆိုသည်။ [၁]

လောင်းကစားခြင်းသည် လူ့သမိုင်းတွင် ယနေ့တိုင် တရားဝင်စနစ်ဖြင့်ဖြစ်စေ၊ တရားမဝင်ဘဲဖြစ်စေ အောင်ပွဲခံနေဆဲ ဖြစ်သည်။ လူ့ဘောင်လောကတွင် အကျိုးအမြတ်အများဆုံး၊ လူကြိုက် အများဆုံးနှင့် ရေပန်းအစားဆုံး ဖျော်ဖြေပွဲကြီးတစ်ခုလည်း ဖြစ်သည်။

ခေတ်သစ်လောင်းကစားခြင်း (Gambling) ကို Gaming ဟူ၍ လည်း သတ်မှတ်ခေါ်ဆိုလာကြသည်။ အမေရိကန်နိုင်ငံတွင် တရားဝင်လောင်း ကစားမှုသည် နှစ်စဉ် ဒေါ်လာဘီလီယံ ၆၀ ကျော် ရှိသည်။ ပြည်နယ်နှင့် မြို့ကြီးအတော်များများတွင် တရားဝင် လောင်းကစားဒိုင်ကြီးများဖွင့်ကာ ခမ်း နားကြီးကျယ်စွာ လောင်းကစားနေကြ ခြင်းဖြစ်သည်။ ထိုလောင်းကစားခြင်း လုပ်ငန်းအပေါ်ရပ်တည်ပြီး ဆွေစဉ်မျိုး ဆက် ချမ်းသာကြွယ်၀နေကြသည့် အုပ်စုများစွာရှိကြောင်းလည်း သိရ သည်။

လောင်းကစားခြင်းက မြောက် မြားစွာသော မိသားစုနှင့် အိမ်ထောင်စု များစွာကို အလုပ်ပေး ထမင်းကြွေးထား နိုင်သည့်အပြင် နိုင်ငံတော်အတွက် အခွန်ကောက်ခံရရှိနိုင်စေရန် အကောင်း ဆုံး နေရာတစ်ခုလည်း ဖြစ်လာသည်။ အချို့သော လူ့ဘောင်အဖွဲ့အစည်းနှင့် ဘာသာရေးလွှမ်းမိုးသော လူနေမှုတွင် လောင်းကစားခြင်းကို ရာဇဝတ်မှု၊ စာရိတ္တပျက်စီးမှု၊ လူမှုရေးအကျင့်ပျက်မှု တစ်ခုအနေဖြင့် သတ်မှတ်ထားကြ သည်။ ကမ္ဘာ့နိုင်ငံအတော်များများတွင် လောင်းကစားခြင်းကို တရားဝင်လုပ်ငန်း တစ်ခုအနေနှင့် သတ်မှတ်ထားကာ မှီခို အားထားနေကြရသည်လည်း ရှိသည်။ လောင်းကစားနိုင်ရန်အတွက် လောင်း ကစားမည့်အမျိုးအစား၊ လောင်းကစား ပြုလုပ်နိုင်သည့် အသက်အရွယ်အပိုင်း အခြားကိုလည်း သီးခြားသတ်မှတ် ပြဋ္ဌာန်းပေးရသည်များလည်း ရှိသည်။

လောင်းကစားအမျိုးအစားများ[ပြင်ဆင်ရန်]

တရားဝင်နှင့် တရားမဝင်လောင်း ကစားနည်းပေါင်းများစွာ ရှိသည်။ တရားဝင် လောင်းကစားမှုကို အစိုးရ ဌာနများ၊ အကျိုးအမြတ်မယူသည့်အဖွဲ့ အစည်းများနှင့် ကုသိုလ်ဖြစ် အသင်း အဖွဲ့များအတွက် တိုက်ရိုက်လုပ်ဆောင် ခွင့်ပေးထားသည်။ တရားမဝင်လောင်း ကစားခြင်းသည် သီးခြား ပုဂ္ဂလိက သဘောဆောင်ပြီး ဒိုင်များမှတစ်ဆင့် ပြုလုပ်ကြခြင်းဖြစ်သည်။ မြေအောက် အဖွဲ့အစည်းများဦးစီးသည့် တရားမဝင် လောင်းကစားခြင်းတွင် ခေတ်ပေါ် အင် တာနက်မှတစ်ဆင့် ဂိမ်း(Game) ဆော့ ခြင်းအထိ ပါဝင်လာသည်။ လောင်း ကစားခြင်းဆိုသည်မှာ သူငယ်ချင်း အချင်းချင်း ရေပြိုင်ကူးခြင်းမှသည် တစ်နေရာတွင်ထိုင်ပြီး ပိုကာဆွဲခြင်း အထိပါဝင်သည်။ တရားဥပဒေအရ မည်သည့် လောင်းကစားခြင်းသည် တရားဝင်သည် မဝင်သည်မှာ ပြည်နယ် နှင့် ဒေသအခြေအနေကို လိုက်ပြီး အမျိုးမျိုးကွဲပြားနိုင်သောကြောင့် ရှုပ် ထွေးသည်ဟု ဆိုနိုင်သည်။ အချို့သော ပြည်နယ်တိုင်းဒေသများတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များကို မက်လုံးပေး ဆွဲဆောင်နိုင်ရန်အလို့ငှာ တရားမဝင် ဟူ၍ အစိုးရက သတ်မှတ်ထားသည့် လောင်းကစားခြင်းများကို တရားဝင် ကစားခွင့်ပြုကြရသည်ဖြစ်သောကြောင့် လောင်းကစားအတွက် တရားဝင်ခြင်း၊ မဝင်ခြင်းသည် သတ်မှတ်ချက်တစ်ခု အသွင် ဆောင်သွားရပြန်သည်။

ကာစီနိုလောင်းကစားရုံများ[ပြင်ဆင်ရန်]

ယနေ့ခေတ် လောင်းကစားခြင်း အများဆုံးနှင့် အတွင်ကျယ်ဆုံးနေရာ များသည် ကာစီနိုဟုခေါ်သည့် လောင်း ကစားမှု အမျိုးမျိုးကို တစ်မိုးတည်း အောက်တွင် လွတ်လပ်စွာကစားနိုင် သည့်နေရာ (ကစားပွဲရုံ) ကြီးများဖြစ် သည်။ ထို ကာစီနိုခန်းမကြီးများထဲတွင် ပိုကာဖဲ၊ ဘလက် ဂျက်ဖဲ၊ ကင်နို၊ အံစာလှိမ့်၊ စက်ဝိုင်းလှည့်စသည့် လောင်း ကစားခြင်းများ အားလုံးတွေ့နိုင်သည်။ ကာစီနိုဂိမ်းတိုင်းတွင် ကစားသူအတွက် အခွင့်ကောင်းများကို မက်လုံးတစ်ခု အနေဖြင့် ပေးထားတတ်သည်။ အမေ ရိကန်တွင် ပိုကာဖဲပြိုင်ပွဲကို ၂၀၀၀ ပြည့် နှစ်ပိုင်းလောက်မှစပြီး ရုပ်မြင်သံကြား တွင် ပြိုင်ပွဲတစ်ခုအသွင်ဖြင့် လွှင့်ထုတ် ပေးလာခြင်းကြောင့်လည်း ပိုကာကစား သည့်ဓလေ့ အမေရိကန်တွင် ပိုပြီးများ လာသည်။

အမေရိကန် ပြည်နယ်များတွင် ကာစီနိုလောင်းကစားခြင်းကို ပြည်နယ် အတော်များများတွင် တရားဝင်အနေ ဖြင့် ဖွင့်လှစ်ခွင့်ပေးထားသည်။ နီဗားဒါး ပြည်နယ်သည် အမေရိကန်ပြည် ထောင်စုတွင်သာမက ကမ္ဘာ့ လောင်း ကစားဈေးကွက်ကြီးတစ်ခုဖြစ်လာသည်။ အမေရိကန်နိုင်ငံတွင် ဒေသဆိုင်ရာ ဌာနေ လောင်းကစားဝိုင်းများသည် စီးပွားရေးလုပ်ငန်းအသွင်ဖြင့် လောင်း ကစားလောကကို ထိုးဖောက်ဝင်ရောက် လာသည်။ ၁၉၈၈ ခုနှစ်တွင် အမေ ရိကန်ကွန်ဂရက်သည် ဌာနေအင်ဒီးယန်း လောင်းကစားပိုင်ခွင့် အက်ဥပဒေကို သတ်မှတ်ခွင့်ပြုပေးလိုက်ရသည်။ ထို ဥပဒေအရ ဌာနေတိုင်းရင်းသားများ သည် မိမိတို့ပိုင် နယ်မြေများတွင် လောင်းကစားဒိုင်များကို လွတ်လပ်စွာ ဖွင့်ခွင့်ရရှိသွားသည်။ အမေရိကန်နိုင်ငံ တွင် ဒေသခံတိုင်းရင်းသားများအတွက် သီးခြားသတ်မှတ်ပေးထားသည့် နယ် မြေများစွာရှိသည်ဖြစ်ရာ စီးပွားရေး ကျ ဆင်းနေချိန်တွင် ပြန်လည်မြှင့်တင်လို သည့်စိတ်ဖြင့် ဖွင့်ခွင့်ပြုထားခြင်းဖြစ် သည်ဟုဆိုကြသည်။ ၂၀၀၀ ပြည့်နှစ် အလွန်တွင် ပြည်နယ်ထက်ဝက်ကျော် က ဌာနေတိုင်းရင်းသားများကဲ့သို့ လောင်းကစားခွင့် လိုင်စင်များထုတ်ပေး ရန် တောင်းဆိုလာကြသည်။ သို့ဖြစ်ရာ တရားဝင်လောင်းကစားရာ ကာစီနိုဒိုင် များသည် ပြည်နယ်အများတွင် ဒေသခံ တိုင်းရင်းသား ဒိုင်များနှင့်အပြိုင် ပေါ် ထွန်းလာခဲ့သည်။

အားကစားနှင့် လောင်းကစား[ပြင်ဆင်ရန်]

အားကစားကို လောင်းကစား အသွင်ပြောင်းလာခြင်းခြင်းသည် ကမ္ဘာ တွင် ပျံ့နှံ့လာပြီး နှစ်စဉ် ဒေါ်လာ ဘီလီယံနှင့်ချီသည့် လောင်းကစားပွဲ ကြီးဖြစ်လာသည်။ ဘိုးလင်းလှိမ့်ပွဲမှ သည် ကမ္ဘာ့ဘောလုံးပွဲများအထိ ဒေါ် လာဘီလီယံနှင့်ချီပြီး လောင်းကစား မှုပြုလာကြသည်။ တရားဝင်အသွင် သာမက တရားမဝင်သည့် အသွင်များ နှင့်ပါ ကမ္ဘာအနှံ့ လောင်းကစားမှုပြု လာကြခြင်းဖြစ်သည်။ အားစားကို လောင်းကစားအသွင်ဖြင့် မပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်နှိပ်ကွပ်ကြသော် လည်း အချို့သောနိုင်ငံများတွင် အား ကစား လောင်းကြေးကို ကုမ္ပဏီကြီး များအသွင် ဒိုင်ဖွင့်ကာ လုပ်ပိုင်ခွင့်ပေး ထားသည်များလည်းရှိသည်။ အင်တာ နက်တွင် လောင်းကစားနိုင်သည့် Site များ များစွာရှိပြီး ကမ္ဘာပတ်ကာ ကစား နိုင်သည်ဖြစ်သောကြောင့် အားကစား တွင် လောင်းကစားခြင်းသည် ပိုမို ကျယ်ပြန့်လာရသည်။

အမေရိကန်နိုင်ငံတွင် အားကစား ကို တရားဝင်လောင်းကစားခွင့်အား နီဗားဒါးပြည်နယ်တစ်ခုတွင်သာ ခွင့်ပြု ထားသည်။ ထိုသို့ ခွင့်ပြုရခြင်းသည် တရားဝင်လောင်းကစားခွင့်ကို ခွင့်မပြု သည့်အခါ တရားမဝင် ကစားလာကြ ပေလိမ့်မည်။ ထိုအချိန်တွင် လာဘ်ထိုး မှုများ၊ လောင်းကြေး မလျော်သဖြင့် ဖြစ်ပေါ်လာမည့် ပြဿနာများကို ကြို တင် ကာကွယ်တားဆီးသည့် အနေဖြင့် ခွင့်ပြုရခြင်း ဖြစ်သည်ဟုဆိုသည်။ သို့ သော် အားကစားအသင်းအဖွဲ့ကြီးများ အနေဖြင့် မိမိတို့ အားကစားသမားများ ကို လောင်းကစားနှင့် လုံး၀ကင်းရှင်း စေရန် စာချုပ်စာတန်းများဖြင့် စီမံအုပ် ချုပ်ထားလေ့ရှိသည်။

အားကစား လောင်းကစားမှုတွင် လောင်းကြေးကို အကျောပေးကာ လောင်းလေ့ရှိကြသည်။ ဥပမာ တစ် ဒေါ်လာလောင်း၍နိုင်လျှင် ငါးဒေါ်လာ ပေးသည့်သဘောဖြစ်သည်။ အသင်း တစ်သင်းအတွက် ၁၂ မှတ်အကျော ပေးထားသည်ဆိုပါက ၁၂ မှတ်ကျော် မှသာ အနိုင်ရရှိမည့် အမှတ်ကျော ဖြင့်လည်း လောင်းကစားကြသေး သည်။ အကယ်၍ ငွေကျော၊ အမှတ် ကျောမပေးလျှင် တည့်လောင်းသည့် သဘောများလည်းရှိသည်။ ငါးဒေါ်လာ လောင်း၍နိုင်လျှင် ငါးဒေါ်လာသာ ရရှိ မည့် သဘောဖြစ်သည်။ အလောင်း အစားဆိုသည်မှာ နှစ်ဦးသဘောတူ အပေးအယူအမျိုးမျိုးရှိနိုင်ပါလိမ့်မည်။

တရားဝင် အားကစား လောင်း ကစားမှုများထဲမှ ထင်ရှားသည်မှာ မြင်း ပြိုင်ပွဲဖြစ်သည်။ မြို့ကြီးတိုင်းလိုလိုတွင် မြင်းပွဲကို သဲကြီးမဲကြီး လောင်းကစား ကြသည်။ ၂၀၀၀ ပြည့်နှစ်အလွန်အထိ အမေရိကန်နိုင်ငံတွင် မြင်းပြိုင်ကွင်း ပေါင်း ၁၅၀ ကျော်ရှိသည်။ မြင်း လောင်းခြင်းသည် ရရှိသည့်အမြတ်ကို ခွဲဝေပေးသည့်သဘောဖြစ်သည်။ ဥပမာ လောင်းကြေးငွေများကို ရသမျှ အလယ်ပုံထည့်ထားပြီးမှ နိုင်သူများကို ခွဲဝေပေးသည်။ အလေးပေး၊ အကျော ပေးခြင်းသည် လောင်းသည့်မြင်းအပေါ် တွင်မူတည်သည်။ အများဆုံးအလောင်း ခံရသည့်မြင်းသည် အကျောအနည်း ငယ်သာရရှိမည်ဖြစ်သည်။ အကျော နည်းသည့်မြင်းသည် နိုင်လျှင်လည်း လောင်းကြေးအရ နည်းမည်သာ ဖြစ် သည်။ အမေရိကန်နိုင်ငံတွင် နှစ်စဉ် မြင်းလောင်းသည့် ငွေကြေးပမာဏ သည် ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိသည်။

ခွေးပြိုင်ပွဲသည်လည်း မြင်းပြိုင်ပွဲ ကဲ့သို့ နှစ်ဦးသဘောတူ လောင်းကြေး ထပ် ကစားနည်းတစ်မျိုးဖြစ်သည်။ သို့သော် မြင်းပွဲလောက် ကျယ်ပြန့်မှု မရှိပေ။ အခြားတိရစ္ဆာန် ပြိုင်ပွဲများ ဖြစ်သည့် ကြက်တိုက်ပွဲ၊ နွားတိုက်ပွဲ ကဲ့သို့သော ပြိုင်ပွဲများလည်း ရှိသေး သည်။ သို့သော် တိရစ္ဆာန်ညှင်းပမ်း နှိပ်စက်မှုကို တားမြစ်ထားသည့် ဥပဒေ များကြောင့် ထင်ထင်ပေါ်ပေါ် သိပ် မလုပ်ဝံ့သည့် လောင်းကစားပွဲများ အဖြစ်သာရှိနေသည်။ တိရစ္ဆာန်များဖြင့် လောင်းကစားခြင်းကို အမေရိကန်တွင် တားမြစ်ထားသည့် ပြည်နယ်များရှိ သကဲ့သို့ ဘာသာရေးနှင့် ယဉ်ကျေးမှု အရ ခွင့်မပြုသည့် နိုင်ငံအများအပြား ရှိသည်။

ထီ[ပြင်ဆင်ရန်]

ထီဆိုသည်မှာ ဆုငွေအမြောက် အမြားပေးသည့် လောင်းကစားနည်း တစ်မျိုးဖြစ်ပြီး အထူးသဖြင့် ငွေသား ကိုသာ ဆုအဖြစ် ချီးမြှင့်လေ့ရှိသည်။ ကံတရားကို ငွေဖြင့်ဝယ်ကာ ကစားကြ ရခြင်းလည်းဖြစ်သည်။ ထီကိုလည်း လောင်းကစားနည်း တစ်နည်းအနေဖြင့် သာ သတ်မှတ်ရမည်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ဆုတန်ဖိုးသည် ထီ လက်မှတ်ဝယ်ရသည့် တန်ဖိုးထက် အဆပေါင်းများစွာ ရရှိနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ထီပေါက်ရန် မည် သည့် ကြံရည်ဖန်ရည် ဉာဏ်ရည်မှ လည်း မလိုသောကြောင့် ဖြစ်သည်။

ထီသမိုင်း[ပြင်ဆင်ရန်]

ထီကို ရှေးကာလကပင် လောင်း ကစားခဲ့ကြသည်။ ရောမဧကရာဇ်များ နှင့် ဥရောပမြေရှင်ပဒေသရာဇ် မင်းများ က ဖျော်ဖြေရေးအသွင်ဖြင့် ခွင့်ပြုခဲ့ ကြခြင်းဖြစ်သည်။ ပထမဦးဆုံး နိုင်ငံ တော် ထီအဖြစ် ပြင်သစ်နိုင်ငံတွင် ၁၅၂၀ ပြည့်နှစ် လောက်ကတည်းက စတင်ဖွင့်လှစ်ခဲ့သည်။ ထီသည် တော်ဝင် မင်းမျိုးမင်းနွယ်တို့၏ ဝင်ငွေတစ်ခု အနေဖြင့် အရေးပါသည့်အခန်းမှ ရပ် တည်လာခဲ့သည်။ ၁၇၇၆ ခုနှစ်တွင် ပုဂ္ဂလိကထီ ပေါ်ထွန်းခဲ့သေးသော် လည်း တော်ဝင်မိသားစု ထီလုပ်ငန်းက နှိပ်ကွပ်လိုက်သောကြောင့် ကွယ်ပျောက် သွားခဲ့ရသည်။ အီတလီနိုင်ငံတွင် ထီ သည် ပေါ်ပြူလာဖြစ်လာရခြင်းမှာ ၁၅၃၀ နှောင်းပိုင်းမှဖြစ်သည်။ အီတလီ နိုင်ငံ ဖလောရင့်မြို့တွင် ဆုငွေကိုချီးမြှင့် သည်။ အင်္ဂလန်နိုင်ငံတွင် ထီကို ၁၅၆၉ ခုနှစ်တွင် ပထမမြောက်အယ်လီဇဘက် ဘုရင်မကြီးကိုယ်တိုင် ချီးမြှင့်မှုဖြင့် စတင်ခဲ့သည်။ အမေရိကန်နိုင်ငံ ကိုလို နီနယ်များတွင် ကိုလိုနီဥပဒေ ပြဋ္ဌာန်း ချက်ဖြင့် ပြည်နယ်များ ရန်ပုံငွေအတွက် သတ်မှတ်ပြဋ္ဌာန်းကာ ထီလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။ ယေးနှင့် ဟားဗတ် ကောလိပ်များ ထူထောင်ရန် အတွက် ၁၇၅၀ နှင့် ၁၇၇၂ ခုနှစ် တို့တွင် ထီဖွင့်ပွဲများ ကျင်းပခဲ့သည်။ ၁၇၇၇ ခုနှစ်တွင်လည်း တော်လှန်ရေး တပ်ကိုတည်ထောင်ရန် ကွန်ဂရက် သည် ထီဖြင့်ပင် ရန်ပုံငွေရှာခဲ့ရသည်။

၁၉ ရာစုတွင် ထီသည် အတော် လေး ကျဆင်းသွားခဲ့ရသည်။ ထီ၏ ဂယက်သည် ရိုက်ခတ်လွန်းလှသည် ဖြစ်သောကြောင့် နိုင်ငံအတော်များများ တွင် အစိုးရက ထိန်းချုပ်ကာ လုပ် ဆောင်ကြသည်က များသည်။ အစိုးက ချုပ်ကိုင်ထားခြင်း ကြောင့်သာ ပုဂ္ဂလိက ထီလုပ်ငန်းသည် တဖြည်းဖြည်းကျ ဆင်းသွားခဲ့ရသည်။ အစိုးရလုပ်ငန်းများ နှင့် များစွာဆက်စပ်နေသည် ဖြစ်သော ကြောင့် အစိုးရပိုင်းကလည်း ပုဂ္ဂလိက အသွင်မဆောင်စေရန် ကန့်သတ်ထိန်း ချုပ်ထားလေ့ရှိသေးသည်။ ဗြိတိန်သည် ၁၈၂၆ ခုနှစ်ကတည်းက ထီကို ပုဂ္ဂလိကလုပ်ငန်းအသွင်ဖြင့် ခွင့်ပြုခြင်း ကို ဖျက်သိမ်းခဲ့သည်။ ပြင်သစ်သည် ၁၈၃၆ ခုနှစ်တွင် နိုင်ငံတော်ထီကို ဖျက်သိမ်းခဲ့သည်။

ထီသည် နိုင်ငံတော်ဝင်ငွေတိုးရေးလက်နက်လော[ပြင်ဆင်ရန်]

ထီကို ၂၀ ရာစုတွင် အချို့သော အစိုးရပိုင်း၊ အလှူနှင့် ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းများ၏ ရန်ပုံငွေ တိုးတက်ရေးအတွက် အသုံးပြုခဲ့ကြ သည်။ စပိန်၊ အီတလီနှင့် အချို့သော တိုင်းပြည်များက ထီကိုပုဂ္ဂလိကအသွင် ဖြင့် ဖွင့်လှစ်လုပ်ဆောင်ကြသည်။ ပြင်သစ်နိုင်ငံသည် သူ့နိုင်ငံတွင်ကျင်းပ သည့် နိုင်ငံတော်ထီကို ၁၉၃၃ ခုနှစ်တွင် ပြန်လည်ပြုပြင် ပြဋ္ဌာန်းခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဆိုဗီယက် ယူနီယံသည် စာချုပ်များရောင်းချ ခြင်းကို အကြီးအကျယ်တိုးမြှင့်ခဲ့သည်။ ထီလက်မှတ်မရောင်းဘဲ စာချုပ်ဖြင့် ထီကဲ့သို့ ကစားခြင်းမျိုးဖြစ်သည်။

မျက်မှောက်ကာလတွင် ပေါ်ပြူလာ အဖြစ်ဆုံးထီသည် ၁၉၃၀ ပြည့်နှစ် လောက်ကတည်းက ကျင်းပပြုလုပ်ခဲ့ သည့် အိုင်ယာလန်ထီဟူ၍ လူသိများ သော Irish Hospital's Sweepstakes ထီဖြစ်သည်။ ယင်းထီသည် အမေရိကန်နိုင်ငံတွင် မည်သို့တားမြစ် ပိတ်ပင်ထားသည်ဖြစ်စေ စာတိုက်မှပို့ သည့်စနစ်ဖြင့် ထီလက်မှတ်များဝယ်ကာ လောင်းကစားနေကြဆဲ ဖြစ်သည်။ အိုင်ယာလန်ထီကို အမေရိကန်နိုင်ငံ အတွင်း များစွာစိတ်ဝင်စားကာ ထိုးလာ ကြသဖြင့် ပြည်နယ်အတော်များများ တွင် အခွန်လည်းတိုး ပြည်သူတွေ လည်း ဝင်ငွေတိုးလာစေရန် ကြံဖန်လုပ် ဆောင်လာကြသည်။ ၁၉၆၃ ခုနှစ်တွင် နယူးဟန့်ရှိုင်းယားပြည်နယ်က အမေရိ ကန်နိုင်ငံ၏ တရားဝင်ထီကို စတင်ဖွင့် လှစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ပြည်နယ်ပေါင်း ၄၂ ပြည်နယ်နှင့် ကိုလံဘီယာဒေသအတွက် ဒေါ်လာ ဘီလီယံ ၂၀ ကျော် ထီကို စတင်ဖွင့် လှစ်ခဲ့သည်။ ကနေဒါတွင် ပြည်နယ် ဒေသတိုင်း ထီကိုအစိုးရက ကြီးမှူး ကျင်းပသည်။

ခရစ်ယာန် ဘုရားရှိခိုးကျောင်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကုန် သည်အသင်းများ၊ ဆိုရှယ်ကလပ်များ တွင် ထင်ရှားသည့် ထီကစားသည့် နည်းသည် ကံစမ်းမဲဖောက်သည့် စနစ် ဖြစ်သည်။ အခြားသော ထီပုံစံစနစ်မှာ မြေအောက်ဂိုဏ်းများက ကြီးမှူးကျင်းပ သည့် တရားမဝင်ထီဖြစ်သည်။ မိမိ နှစ်သက်ရာ နံပါတ်ကိုရွေးထိုးနိုင်ပြီး နေ့စဉ် ငွေကြေးဈေးကွက် အတက် အကျ သို့မဟုတ် စတော့ရှယ်ယာဈေး အတက်အကျ ဂဏန်းဖြင့် ထီဆုကို ထုတ်ပေးသည့်သဘော ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် နယူးဂျာစီပြည်နယ် သည် တရားမဝင်ထီလောင်းကစားမှု များကို ပပျောက်စေရန်အလို့ငှာ ပြည် နယ်အစိုးရကိုယ်တိုင် နံပါတ်လှည့်စနစ် ဖြင့် ထီဖွင့်ပေးခြင်းကို တရားဝင်ဖွင့်လှစ် လုပ်ဆောင်ပေးခဲ့သည်။

လောင်းကစား အဆိုးလား အကောင်းလား[ပြင်ဆင်ရန်]

လောင်းကစားခြင်းသည် သမိုင်း နှင့်ချီပြီး ရှိခဲ့သည်ဆိုစေ အကောင်း နှင့်အဆိုး ကြောင်းကျိုးပြ ငြင်းခုံစရာ တော့ဖြစ်သည်။ ဥပဒေဖြင့် အကာ အကွယ်ပေးထားသည့် လောင်းကစား ကို နှစ်သက်သူများက မတရားမှု အကြမ်းဖက်မှုများကို ရှောင်လွှဲစေနိုင် သဖြင့် နှစ်သက်သဘောကျသော် လည်း လူတိုင်း ကိုယ်ပိုင်ငွေကို စိတ် တိုင်းကျ လောင်းကစား လိုကြသည် ကတော့ သဘာ၀ဖြစ်သည်။ တရားဝင် လောင်းကစားခွင့်ပြုခြင်းသည် စီးပွား ရေးအရ အစိုးရကို အကျိုးအမြတ်ရှိ စေရုံမျှမက ဆင်းရဲသားများကိုလည်း အလုပ်ပိုလုပ်စေရန် ဆွဲဆောင်မှု ရှိစေ နိုင်သည်ဟုဆိုကြသည်။ ပြည်နယ်နှင့် မြို့တော်အသီးသီးတွင် လောင်းကစား ကိုခွင့်ပြုထားခြင်းဖြင့် အခွန်ငွေကို တိုးပွား ရရှိစေနိုင်သလို ပညာရေး ထောက်ပံ့မှုကို တိုးမြှင့်လုပ်ဆောင်နိုင် စေသည်။ လောင်းကစားသည် နိုင်ငံ ခြားသား ဧည့်သည်များကို ဆွဲဆောင် ရာရောက်သည်ဟူ၍ ပြောကြသည်။ လောင်းကစားကိုခွင့်မပြုလျှင် တရား မဝင်သဘောဖြင့် လောင်းကစားကြ မည်။ သို့ဖြစ်လျှင် နိုင်ငံ၏ဝင်ငွေသာ လျော့နည်းဖွယ်ရှိသောကြောင့် တရား ဝင် လောင်းကစားခွင့်ပြုခြင်းဖြင့် ပြည် သူများလည်း စိတ်ပြေ နိုင်ငံလည်း ဝင်ငွေတိုးစေဆိုသည့်သဘောဖြင့် ခွင့်ပြု လုပ်ဆောင်နေကြသည်က များသည်။

လောင်းကစားမှုသည် အပြိုင် အဆိုင် သဲသဲမဲမဲ စွဲမြဲစွာလုပ်တတ်သည့် သဘောကြောင့် လူမှုရေး အရကြည့်လျှင် လူ့ဘောင်အဖွဲ့အစည်းကြီး တစ်ခုလုံး အတွက် ဆုံးရှုံးနစ်နာဖွယ် ဖြစ်သည်။ စိတ်မထိန်းနိုင်သည်က များသော ကြောင့် ဘဝပျက်ကြရသည်က များ သည်။ အမေရိကန်နိုင်ငံတွင် ၁ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ပြည်သူ များသည် "လောင်းကစားပြဿနာ" နှင့် ရင်ဆိုင်နေကြရသူများ ဖြစ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် ကုန်ထုတ်လုပ်မှု ကျဆင်းစေခြင်း၊ စိတ် ရောဂါဖြစ်ပြီး ကုသမှုခံကြရခြင်းများ အပြင် အခြားလူမှုရေးဆုံးရှုံးမှုများကိုပါ ရင်ဆိုင်နေကြရသည်။

သုတေသနပြုချက်အရ စီးပွားရေး ဖွံ့ဖြိုးမှုအနည်းဆုံး လူ့ဘောင်တွင် လောင်းကစားလိုစိတ် အများဆုံးဖြစ် သည်ဟု ဆိုသည်။ အမေရိကန်ပြည် ထောင်စုရှိ ဒေသခံတိုင်းရင်သားတို့အား လောင်းကစားခွင့်ကို သီးခြားပေးထား ရခြင်းမှာ ယင်းသဘောကြောင့် ဖြစ် သည်။ လောင်းကစားကို ဆင်းရဲလေ စွဲလေဖြစ်သောကြောင့် အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ်ပေါင်း ၃၀ လောက်အထိ လောင်းကစားကို တရား ဝင်ခွင့်ပြုခဲ့ရခြင်းကို သုံးသပ်ကြည့်နိုင် သည်။

လောင်းကစားခြင်း၏ အခြား သော ပြဿနာတစ်ခုမှာ ရာဇဝတ်မှုနှင့် ဆက်စပ်နေခြင်းဖြစ်သည်။ လောင်း ကစားကို တရားဝင်ခွင့်ပြုသည်ဆိုစေ ရာဇဝတ်မှုကတော့ ရှိနေသည်သာ ဖြစ်သည်။ လောင်းကစားသမား တစ်ဦး ချင်းတွင်လည်း ပြဿနာရှာတတ်သူများ ရှိနိုင်သောကြောင့် အကြမ်းဖက်ရာဇဝတ် မှုများ တိုးတက်များပြားဆဲ ဖြစ်နေရ သည်။ လောင်းကစားခြင်းနှင့် အခြား ဆက်စပ်နေသည့် ပြဿနာတစ်ရပ်မှာ ဝန်ထမ်းများ အကျင့်ပျက်ခြစားမှုဖြစ် သည်။ တရားဥပဒေကို ထိန်းသိမ်း လိုက်နာရသည် ဥပဒေဝန်ထမ်းများ၊ ရဲများပါမကျန် လောင်းကစားနှင့် ငွေ ကြေးမက်လုံးကြောင့် အကျင့်ပျက် လာဘ်စားမှုများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ရာ အမေရိကန်နိုင်ငံရေး တိုက်ပွဲ များတွင် လောင်းကစားခြင်းကို အသုံး ချပြီး စည်းရုံးကြရသည့် နိုင်ငံရေးသမား များလည်း ရှိလာသည်။

တိုင်းပြည် စီးပွားတိုးတက်ရေး အတွက် လောင်းကစားဖြင့် နိုင်ငံခြား ဧည့်သည်များလာရောက်ရန် လုပ်ဆောင် နေကြသည့် နိုင်ငံများတွင်လည်း လောင်းကစားဖြင့် မဟုတ်ဘဲ အခြား ဖျော်ဖြေရေးပွဲများဖြင့် စည်းရုံး ဆွဲ ဆောင်ရန် တိုက်တွန်းမှုများရှိပေသည်။ ထို့ပြင် လောင်းကစားမှရသည့် အခွန် အကောက်များဖြင့် တိုင်းပြည်ကြီးပွားရာ ကြီးပွားကြောင်းလုပ်မည့်အစား အခြား နည်းလမ်းများရှာပြီး လောင်းကစားကို လုံး၀ခွင့်မပြုရန် စေတနာထား တင်ပြ ချက်များ ရှိနေကြသော်လည်း လောင်း ကစားခြင်းသည်သာ ငွေရလွယ်သဖြင့် မျက်စိမှိတ်နေကြရသည့် အစိုးရလည်း များစွာရှိသည်။ အခွန်ကိုအခြားနေရာ များတွင် မည်သို့ တိုးမြှင့်ကောက်ခံ သည်ဖြစ်စေ ပြဿနာ ကင်းနိုင်မည် မဟုတ်ပေ။ အခွန်ဆောင်ပြည်သူများ အနေဖြင့် အခွန်တိုးနှုန်းကို ကန့်ကွက် ငြင်းဆန်ကြမည် ဖြစ်သော်လည်း ထီ လက်မှတ်တစ်စောင် ဈေးနှုန်းတက် သွားမှုကို ကန့်ကွက်စရာအကြောင်း မရှိပေ။ ထီကိုအခြေမခံဘဲ အခြား လောင်းကစားမှရသည့်ဝင်ငွေကို အခြေခံ ထား၍လည်းမဖြစ်ပေ။ အခြား လောင်း ကစားများသည် ထီလောင်းကစားရာမှ ရရှိသည့် အခွန်ဝင်ငွေလောက် တည် ငြိမ်မှုမရှိသဖြင့် အစိုးရတိုင်းလိုလို ထီကို မျက်စိကျရသည်မှာ သဘာဝကျပေ သည်။

လောင်းကစားသမိုင်း[ပြင်ဆင်ရန်]

မနုဿဗေဒပညာရှင်များ၏ လေ့ လာတွေ့ရှိချက်အရ လောင်းကစားမှု ဓလေ့သည် နှစ်ထောင်နှင့်ချီပြီး ရှိခဲ့ပြီ ဟုဆိုသည်။ အီဂျစ် ပိရမစ်များအတွင်း အံစာတုံးများကို ရှာဖွေတွေ့ရှိခဲ့ရသဖြင့် နှစ်ပေါင်း ၄၀၀၀ ခန့်ကဟူ၍ ဆိုနိုင် သည်။ မြင်းပြိုင်ပွဲ အလေ့အထသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော် ကတည်းကရှိခဲ့သဖြင့် မြင်းလောင်း ဓလေ့သည်လည်း ထိုစဉ်လောက် ကတည်းက စွဲမြဲခဲ့လိမ့်မည်ဟု ယူဆ ရသည်။ ခရစ်ယာန်သမ္မာကျမ်းစာတွင် လောင်းကစားခြင်းနှင့်ဆိုင်သော အလေ့ အထများကိုတွေ့ရသည်။ ပထမဦးဆုံး ကာစီနိုလောင်းကစားဝိုင်းကို ရောမတို့ အခြေချသွားသည့် ရေပူစမ်းတစ်ခုအနီး တွင် တွေ့ရှိခဲ့ရသည်။ အလယ်ခေတ် တွင် လောင်းကစားမှုသည် စစ်သား များ ကုန်သည်ကြီးများ ခရီးသွားလာ ကြသည့် လမ်းဘေး စားသောက်ဆိုင် ကြီးများတွင် ခေတ်စားလာသည်။

ပထမဦးဆုံး ထီလောင်းကစား ခြင်းနှင့် ထီလက်မှတ်ရောင်းချခြင်းကို ဥရောပတိုက်တွင် ၁၅၀၀ ခုနှစ်လောက် ကတည်းက ပြုလုပ်ခဲ့ကြကြောင်းတွေ့ ရသည်။ ၁၉ ရာစုတွင် ကာစီနို လောင်းကစားဝိုင်းများ ဥရောပအနှံ့ ပျံ့နှံ့ သွားသည်။ အစောပိုင်းကာလကတည်း က ယနေ့တိုင် ထင်ရှားသည့် ကာစီနို ဝိုင်းများမှာ မွန်တီကာလိုနှင့် မိုနာကို ကစားဝိုင်းများ ဖြစ်သည်။ တရားမဝင် လောင်းကစားဝိုင်းများသည်လည်း အမေရိကန်နိုင်ငံ အရှေ့ကမ်းရိုးတန်း ဒေသမြို့ကြီးများတွင် ၁၉ ရာစုအတွင်း လောက်ကတည်းက တစ်ပြိုင်တည်း တိုးတက်ထွန်းကားလာခဲ့သည်။

၂၁ ရာစုလောင်းကစား[ပြင်ဆင်ရန်]

၁၉၃၁ ခုနှစ်တွင် အမေရိကန် နီဗားဒါးပြည်နယ်သည် ပထမဦးဆုံး တရားဝင်လောင်းကစားခွင့်ရရှိသည့် ပြည်နယ်ဖြစ်လာသည်။ လာ့စ်ဗီးဂတ်စ် သည် ၂၀ ရာစုအလယ်လောက်မှ ကမ္ဘာ့လောင်းကစား မြို့ကြီးပမာဖြစ် လာခဲ့သည်။ နီဗားဒါးသည် ကာစီနို လောင်းကစားဝိုင်းများကို ၁၉၇၈ ခုနှစ် အထိ တစ်ဦးတည်း လက်ဝါးကြီးအုပ် ထားရာမှ နောက်ပိုင်း အတ္တလန္တိတ်နှင့် နယူးဂျာစီမြို့များကိုပါ ခွင့်ပြုမိန့်ရရှိ သဖြင့် ပျံ့နှံ့သွားခဲ့ရသည်။ ၁၉၆၃ ခုနှစ်တွင် နယူးဟမ့်ရှိုင်းယားပြည်နယ် တွင် အစိုးရကိုင်သည့်ထီကို တရားဝင် ဖွင့်လှစ်ပေးခဲ့သည်။

၂၀ ရာစုအစောပိုင်းမှသည် အလယ်အထိ အမေရိကန်နိုင်ငံ ရာဇ ဝတ်မှုဌာနသည် လောင်းကစားမှုများကို ထိန်းချုပ်ရသည့် တရားဝင်အဖွဲ့အစည်း တစ်ခုအနေဖြင့် သတ်မှတ်ထားခြင်းခံရ သည်။ ထိုအဖွဲ့သည် တရားမဝင်သည့် လောင်းကစားအဖွဲ့များကိုသာမက တရားဝင်ဖွင့်လှစ်ထားသော နီဗားဒါးရှိ ကာစီနိုလောင်းကစားဝိုင်းများကိုပါ ထိန်းချုပ်ထားကြရသည်။ လောင်း ကစားခြင်းသည် အကျိုးအမြတ်များ စေသည် သာမက ငွေမည်း ငွေဖြူ လျှော်ဖွပ်ရန် အကောင်းဆုံးနေရာဖြစ် လာသည့်အပြင် မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှုများနှင့်ပါ ပတ်သက် လာသောကြောင့် သတိထားလာကြရ ခြင်းဖြစ်သည်။ ရာဇဝတ်မှုများသည် လောင်းကစားဝိုင်းများနှင့် အများဆုံး ပတ်သက်နေပြီး တစ်ပြည်နယ်နှင့် တစ်ပြည်နယ်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပါဝင် ပတ်သက်မှုများရှိလာသည် ဖြစ်သော ကြောင့် ဂိုဏ်းဂဏများနှင့် အင်အားကြီး အဖွဲ့အစည်းကြီးများအဖြစ် တည် ဆောက်လာမှုများ ရှိလာကြသည်။ ရာဇဝတ်မှုဌာနသည် တရားမဝင် လောင်းကစားမှုများကို ထိန်းချုပ်ရန် ဟူ၍ ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ဒေသအလိုက် ပြုပြင် ပြောင်းလဲ ထိန်းချုပ်နှိမ်နင်းရမှုများ ရှိလာသည်။

လောင်းကစားခြင်းဓလေ့ အကြီး အကျယ်တိုးတက်ထွန်းကားမှုသည် ၂၀ ရာစုကုန်ခါနီး နှစ်ပိုင်းများတွင်ဖြစ်သည် ဟု ဆိုနိုင်သည်။ တရားဝင် လောင်း ကစားခွင့်ကို ဌာနေတိုင်းရင်းသားများ အား ၁၉၈၀ ခုနှစ်ပိုင်းတွင် ခွင့်ပြုလိုက် သည်နှင့်အမျှ ၁၉၈၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ လောင်းကစားအတွက် ရင်းနှီးမြှုပ်နှံငွေသည် ဒေါ်လာ ၈ ဘီလီ ယံမှ ဒေါ်လာ ၁၅ ဘီလီယံအထိ ခုန်တက်သွားသည်။ လောင်းကစားဖြင့် အကျိုးများမှုကို ဥပဒေအရခွင့်ပြုပေးရန် လိုသည်ဟု အခြားပြည်နယ်နှင့် စည်ပင် ဒေသများမှ မြင်လာသဖြင့် တရားဝင် လောင်းကစားခွင့်များကို တောင်းဆို လာကြသည်။ ယင်းလောင်းကစားမှု တွင် အထင်ရှားဆုံးမှာ ထီဖြစ်သည်။ ထီကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ လာကြရုံမျှမက ဆုကြေးငွေကိုပါ မက် လောက်အောင် ပေးလာသော်လည်း ထီပေါက်နိုင်ခွင့် အလွန်နည်းကြောင်း ကိုမူ အရူးအမူးဖြစ်နေသူတို့ သိပ်ပြီး သတိမမူခဲ့ကြပေ။ ၁၉၉၀ ပြည့်နှစ်တွင် လာ့စ်ဗီးဂတ်စ်၌ ကြီးမားခမ်းနားသည့် အဆောက်အအုံကြီးတစ်ခုကိုဆောက်လုပ် ခဲ့ကြသည်။ ထိုအဆောက်အအုံတွင် အခန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားပြီး လောင်းကစားလိုသည့် ကစားပွဲမှန်သမျှ တစ်နေရာတည်း တစ်ထိုင်တည်းရစေ ရန် စီစဉ်ပေးကာ အကြီးအကျယ် လောင်းကစားမှုကို တရားဝင်ခွင့်ပြု လိုက်သည်။ ထိုကာလသည်ကား လောင်းကစားအဆောက်အအုံကြီးကို အဖွံ့ဖြိုးအစည်ပင်ဆုံးဖြစ်စေရန် တည် ဆောက်ပေးနေသည့် ကာလဖြစ်သည် ဆိုလျှင် တစ်ဆက်တည်း လူများ၏ စီးပွားရေး အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားသင့်သည့် ကာလများဟု ဆိုနိုင်သည်။

မျက်မှောက်ခေတ်လမ်းကြောင်း[ပြင်ဆင်ရန်]

၂၁ ရာစုအစောပိုင်းကတည်းက လောင်းကစားမှုများတွင် နည်းပညာနှင့် ရင်ဆိုင်ခဲ့ကြရသည်။ လောင်းကစားပွဲ များသည် အင်တာနက်ဆိုသည့် ဝေါ ဟာရ၏ စိန်ခေါ်မှုကိုလည်း ခံလိုက် ကြရသည်။ အင်တာနက်လောင်းကစား မှုများသည် အကြီးအကျယ်ထွန်းကား လာခဲ့သည်။ အင်တာနက်ထဲဝင်ကာ မိမိစိတ်ကြိုက် လောင်းကစားပွဲများကို ဆင်နွှဲနိုင်ခြင်းကို ကာစီနိုဝိုင်းများသို့ သွားရခြင်းထက် လူတွေက ပိုပြီး စိတ်ဝင်စားလာကြသည်။ အားကစားမှ သည် ဖဲဝိုင်းအဆုံး အင်တာနက်ကို ကြိုက်လာရခြင်းသည် အင်တာနက်က ပြည်တွင်းကိုသာမက ပြည်ပနိုင်ငံများ အထိခြေဆန့်ပြီး ကျယ်ပြန့်စွာ လောင်း ကစားနိုင်သောကြောင့် ဖြစ်သည်။ အွန်လိုင်းတွင်ဝင်ပြီး မိမိစိတ်ကြိုက် လောင်းကစားရခြင်းသည် ရရှိလာသည့် အကျိုးအမြတ်ကို အစိုးရထံ အခွန် ဆောင်ရန် မလိုသောကြောင့်လည်း လူတိုင်း စိတ်ဝင်စားစရာဖြစ်လာရခြင်း ဖြစ်သည်။ အွန်လိုင်းဂိမ်းကို မည်သို့မည်ပုံ တားဆီးနှိမ်နင်းမည်ဆိုစေ လက်ရှိ အနေအထားတွင် ထိရောက်စွာ လုပ် ဆောင်နှိမ်နင်းမှု မပြုနိုင်သေးပေ။ ၂၀၀၄ ခုနှစ်တစ်နှစ်တည်းတွင် ကမ္ဘာ တစ်ဝန်း အွန်လိုင်း လောင်းကစားမှု သည် ဒေါ်လာ ၁၁ ဘီလီယံရှိကြောင်း သိရသည်။ အနာဂတ်တွင် ပိုမိုလွတ် လပ်သော အွန်လိုင်းလောင်းကစား သည် ပိုမိုတိုးတက်ကြီးထွားလာစရာ အကြောင်းရှိပေသည်။

လောင်းကစားပွဲတိုင်း ရှင်သန်ခဲ့ သည်တော့ မဟုတ်ပေ။ မြင်းပြိုင်ပွဲ၊ ခွေးပြိုင်ပွဲကဲ့သို့သော လောင်းကစားပွဲ များသည် ကွင်းပိုင်ရှင်နှင့် ကစားသူများ အပြင် အစိုးရပိုင်းနှင့်ပါ ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် တဖြည်းဖြည်း ကွယ်ပျောက်လုနီးပါးဖြစ်လာခဲ့ရသည်။ ပြည်နယ်နှင့်ဒေသအလိုက် ထီဆုငွေ ခွဲဝေပေးခြင်းကို မကျေနပ်ကြခြင်း ကြောင့်လည်း တရားဝင်ထီကို စိတ်ဝင် စားမှု နည်းလာကြပြန်သည်။ တရားဝင် ထီ၏ အားနည်းချက်များကို တရား မဝင်ထီ လောင်းကစားသူများကသိမြင် ပြီး နေ့ချင်းညချင်း သူဌေးဖြစ်မယောင် မက်လုံးတွေပေးလာကြသည်။ အစိုးရ ထီ၏ အားနည်းချက်တစ်ခုတွင် ကာလ ရှည်ကြာစွာ ထီဖွင့်ရက်ကို စောင့်ဆိုင်း ရခြင်းဖြစ်သည်။ လူတွေက တစ်နေ့ရှာ တစ်နေ့သုံး ရရစားစားဘဝကိုသာ နှစ်သက်သဘောကျပြီး ဒီနေ့ရ ဒီနေ့သုံး မနက်ဖြန်ဆိုသည့်အနာဂတ်ကို မျှော် လင့်ရခြင်းကို စိတ်ဘဝင်မကျကြပေ။ သူတို့ မျှော်လင့်ချက်သည် စွန့်စားမှု များနှင့်မကင်းပေ။ ငွေတစ်ထောင်ရလာ လျှင် မိသားစုထံသို့ တစ်ပြားမှ ပြန် မပါလာလျှင်လည်း ဂရုမစိုက်။ အဘယ် ကြောင့်ဆိုသော် မိသားစုအားလုံးလည်း သူ့နည်းတူ မျှော်လင့်ချက်များဖြင့် ရှိသမျှလေးတွေကို စွန့်စားနေကြရ သောကြောင့်ဖြစ်သည်။

လောင်းကစား ဒိုင်များသည် တရားဝင်သည်ဖြစ်စေ တရားမဝင်သည် ဖြစ်စေ ဆက်လက်တည်မြဲနေနိုင်ကြဦး မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတွေ၏စိတ်နှင့် ထွက်ပေါက်ကြောင့် ဖြစ်သည်။ စိတ်ဆိုသည်မှာ လောဘ ကြောင့်ဖြစ်ပြီး ထွက်ပေါက်ရှာခြင်းသည် ထွက်ပေါက်မရှိခြင်းကြောင့်လည်း ဖြစ် နိုင်သလို ထွက်ပေါက် ပိတ်နေခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။ လောဘ စိတ်တွေကို လူသားမှန်လျှင် အတော သတ်နိုင်စိတ်တော့ ထားနိုင်ရန် လွန်စွာ ခက်ခဲပါလိမ့်မည်။ တစ်ရာရင်းပြီး တစ် ထောင်ရမည်ဆိုသည့် မက်လုံးကို လောလောဆယ် တစ်ရာဆုံးရှုံးခံလိုက် ရခြင်းသည် စွန့်စားမှုတစ်ခုဖြစ်သည်ဟု ဆိုဆို၊ လူတွေက ငွေရလို့ ငရဲတွင်း ခုန်ဆင်းရမည်ပြောပြော "အခုလား" ဟူ၍ မေးမည့်သူချည်းသာ ဖြစ်နေပါ လိမ့်မည်။

ကိုးကား[ပြင်ဆင်ရန်]

Ref : Gambling by William N. Thompson How Lotteries Work http://www.howstuffworks.com/lottery.htm http://www.naspl.org/

Maroney, Kevin (2001). "My Entire Waking Life". The Games Journal. Retrieved 17 August 2008.

ကိုးကား[ပြင်ဆင်ရန်]

  1. ကြေးမုံ သတင်းစာ၊ (ဇွန် ၁၀၊ ၂၀၁၈)