လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ
![]() စာအုပ်မျက်နှာဖုံး | |
စာရေးသူ | သာသနာရေးဦးစီးဌာန |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
အမျိုးအစား | ဘာသာရေး |
မီဒီယာ အမျိုးအစား | ပုံနှိပ် |
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်တွင် လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိဝါဒ၊ ရွှေအဘိဓမ္မာဝါဒတို့နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်များအကြား ဝိဝါဒါဓိကရုဏ်း (အငြင်းပွားမှု) ကြီးများ ဖြစ်ပွားလာခဲ့သောကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တာဝန်ပေးချက်အရ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ကို ၁၃၄၃ ခုနှစ်၊ နယုန်လဆုတ် ၉ ရက်နေ့တွင် ဖွဲ့စည်း၍ ယင်းအငြင်းပွားမှုများကို ဖြေရှင်းဆုံးဖြတ်ခဲ့ပါသည်။
ဝိနိစ္ဆယ ဆုံးဖြတ်ခြင်း လုပ်ငန်းစဉ်
[ပြင်ဆင်ရန်]နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)သည် ၁၃၄၃ ခုနှစ်၊ နယုန်လဆုတ် ၁၂ ရက်နေ့တွင် စတင်ရုံးထိုင်၍ စောဒက (တရားစွဲသူ) နှင့် စုဒိတက (တရားခံ) တို့ တင်ပြလျှောက်ထားသော အချက်များကို လေးလကြာမျှ သုံးသပ်စစ်ဆေးခဲ့ပါသည်။ ထို့နောက် ၁၃၄၃ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၁၁ ရက်နေ့မှစ၍ ၆ ရက်တိုင်တိုင် ဆုံးဖြတ်ချက် (ဝိနိစ္ဆယ) ချမှတ်ခဲ့ပါသည်။ ဤဝိနိစ္ဆယသည် ပိဋကတ်သုံးပုံမှ ဗုဒ္ဓဝါဒဆိုင်ရာ အချက်အလက်များ စုံလင်စွာ ပါဝင်သောကြောင့် "ထေရဝါဒ စွယ်စုံကျမ်း" ဟုပင် ခေါ်ဆိုနိုင်ကြောင်း ဖော်ပြထားပါသည်။
ဝိနိစ္ဆယ ပုံနှိပ်ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်များ
[ပြင်ဆင်ရန်]ဤဝိနိစ္ဆယကျမ်းကို ပုံနှိပ်ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်များမှာ-
- ဆုံးဖြတ်ချက်ကို လာရောက်နာယူသူများနှင့် ဖတ်ရှုလိုသူ ဗုဒ္ဓဘာသာဝင်တို့၏ ဆန္ဒကို ဖြည့်ဆည်းရန်။
- ဓမ္မ၊ အဓမ္မ ဝိဝါဒါဓိကရုဏ်းများ နောက်ထပ် မပေါ်ပေါက်စေရန်နှင့် ဖြစ်ပေါ်ပြီးသားများ ငြိမ်းအေးစေရန်။
- ထေရဝါဒပိဋကတ်တော်နှင့် ဆန့်ကျင်သော အယူအဆများ ပပျောက်စေရန်နှင့် ညီညွတ်သော အယူအဆများ ထွန်းကားစေရန်။
- မိစ္ဆာဝါဒများ ကင်းစင်၍ သမ္မာဝါဒများ ထွန်းကားစေရန်။
- ဓမ္မ၊ အဓမ္မ ဝိဝါဒကိစ္စ၌ အတုယူဖွယ် ဖြတ်ထုံးအဖြစ် သမိုင်းတွင် ကျန်ရစ်စေရန်။
အငြင်းပွားမှု (ဓမ္မ အဓမ္မ မှုခင်း အမှတ်-၁)
[ပြင်ဆင်ရန်]ဤအငြင်းပွားမှု၏ စောဒကများမှာ ရဟန်းတော် ၄ ပါး (ဦးစန္ဒိမာ၊ ဦးပညာသီဟ၊ ဦးဝိသုဒ္ဓ၊ ဦးပညာသာမိ) ဖြစ်ပြီး၊ စုဒိတကများမှာ ရဟန်းနှင့် လူပုဂ္ဂိုလ် ၇ ပါး (ဦးဥဇ္ဇောတိက၊ ဦးဇဝန(နေရှင်နယ်)၊ ဦးဇဝန(ငါးဆင့်)၊ ဦးဆန္ဒာဓိက(နတ်မှီ)၊ သခင်မြတ်ဆိုင်၊ ဦးခင်ဟန်(သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်)၊ ဦးရွှေပြည့်) တို့ ဖြစ်ကြပါသည်။ အဓိကအငြင်းပွားသည့် ဝါဒမှာ တောင်တွင်းကြီး ဦးဥက္ကဋ္ဌ စတင်ခဲ့သော လူသေလူဖြစ်ဝါဒနှင့် ယင်းနှင့် ဆက်စပ်သော သမ္မာဒိဋ္ဌိသုတေသန စသည့် ဝါဒများ ဖြစ်ပါသည်။
ဝိနိစ္ဆယ၏ အနှစ်ချုပ် ဆုံးဖြတ်ချက်များ
[ပြင်ဆင်ရန်]နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)မှ ဆရာတော်များသည် လူသေလူဖြစ်ဝါဒနှင့် ဆက်စပ်ဝါဒများကို ထေရဝါဒ ပိဋကတ်တော်လာ အဆုံးအမများနှင့် နှိုင်းယှဉ်စစ်ဆေး၍ အချက် ၂၁ ချက်ဖြင့် ဆုံးဖြတ်တော်မူခဲ့ပါသည်။ အဓိကအားဖြင့်-
- ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ ဝါဒသည် ဗုဒ္ဓ၏ ပရမတ္ထတရားလေးပါး (စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်) ကို အခြေမခံဘဲ ရုပ်တရားကိုသာ အဓိကထားပြီး နာမ်တရားကို အဖြစ်တရားအဖြစ် ရှုမြင်သော ရုပ်ဝါဒ (materialism) ဖြစ်ကြောင်း။
- လူသေလျှင် ဂတိငါးပါးသို့ ကံအားလျော်စွာ ရောက်ရှိခြင်းကို လက်မခံဘဲ လူသာပြန်ဖြစ်သည် သို့မဟုတ် နောက်ထပ်မဖြစ်ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိ၊ သဿတဒိဋ္ဌိ အမြင်များ ပါဝင်ကြောင်း။
- ၃၁ ဘုံ တည်ရှိမှုကို လက်မခံဘဲ လူ့ဘုံနှင့် တိရစ္ဆာန်ဘုံကိုသာ လက်ခံကြောင်း။
- ကံ၊ ကံ၏ အကျိုးကို ပယ်သောဝါဒ (အလှူပေးခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဘာဝနာအားထုတ်ခြင်းတို့ကို အကျိုးမဲ့သည်ဟု ယူဆခြင်း) ဖြစ်ကြောင်း။
- အတိတ်၊ အနာဂတ်ကာလများကို အသိအမြင်ကျဉ်းမြောင်းစွာ ရှုမြင်ကြောင်း။
- အဘိဓမ္မာတရားတော်ကို ဘုရားဟော မဟုတ်ဟု ငြင်းပယ်ကြောင်း။
- ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်ကို ပုတ်ခတ်စော်ကားကြောင်း။
- သမထ၊ ဝိပဿနာ ကမ္မဋ္ဌာန်းလမ်းစဉ်များကို ဖျက်ဆီးသော ဝါဒဖြစ်ကြောင်း။
- ဝိနည်းကျင့်ဝတ်များကို ဥပါဒါန်အစွဲအလမ်းဟု သမုတ်ကာ လိုက်နာမှု မရှိသော အဝိနယဝါဒဖြစ်ကြောင်း။
- ဝိနည်းနှင့်အညီ ကျင့်ကြံသော ရဟန်းသံဃာတော်များကို ဆဲရေးပုတ်ခတ်ကြောင်း (ဝစီဒုစရိုက်များ ရှိကြောင်း)။
- ပရိတ်ရွတ်ဆိုခြင်း၏ အကျိုးကျေးဇူးကို နားမလည်ဘဲ ဖျက်ဆီးသော ဝါဒရှိကြောင်း။
- ဘုရားဓာတ်တော်၊ စေတီ၊ ရုပ်တု ကိုးကွယ်ခြင်းကို ဆန့်ကျင်ရုံမျှမက သင်္ကန်းတော်၊ ဆံတော်ဓာတ်တို့ကို မတန်မရာ ခိုင်းနှိုင်းပြောဆိုသော အရှက်မဲ့ဝါဒဖြစ်ကြောင်း။
- ကံ၊ ကံ၏ အကျိုးနှင့်ပတ်သက်သော ဘုရားရှိခိုးခြင်း၊ ပူဇော်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကို လက်မခံဘဲ ဖျက်ဆီးသော ဝါဒဖြစ်ကြောင်း။
- ဆုပေးခြင်း၊ ဆုတောင်းခြင်း၊ သပိတ်သွတ်ခြင်း စသည့် ကုသိုလ်ဆိုင်ရာ ဓလေ့ကောင်းများကို ပယ်သောဝါဒဖြစ်ကြောင်း။
- ပါဠိတော် အက္ခရာနှင့် အနက်အဓိပ္ပာယ်များကို ၎င်းတို့၏ ရုပ်ဝါဒအမြင်နှင့် ကိုက်ညီအောင် ထင်သလို အနက်ပေးပြီး သာသနဓမ္မ အမှန်တရားကို ဖျက်ဆီးရန် ကြိုးစားသော သာသနပစ္စတ္ထိကဝါဒဖြစ်ကြောင်း။
- အရိယာနှင့် နိဗ္ဗာန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ထေရဝါဒ ပိဋကတ်တော်နှင့် မကိုက်ညီကြောင်း။
- ဓမ္မစကြာတရားတော်ကြီးကိုပင် ဖျက်ဆီးကာ လူသေလူဖြစ် ဓမ္မစကြာအဖြစ် ဖော်ပြဝံ့သော သာသနာသွေဖည်ရေးဝါဒရှိကြောင်း။
- ဘုရားရှင်မဟောသော ပါဠိအတုများကို ဘုရားဟောအဖြစ် လိမ်လည်လှည့်ဖြား ဖော်ပြ၍ သာသနာတော်၌ အဓိကရုဏ်းဖြစ်အောင် ဖန်တီးသော အဖျက်သမားများ ဖြစ်ကြောင်း။
- ဗုဒ္ဓဝင်တော်ကို ရုပ်အမြင်ဖြင့် မတန်မရာ မထီလေးစား စော်ကားသော ယုတ်ညံ့သည့် ဝါဒဖြစ်ကြောင်း။
- သံဂါယနာခြောက်တန်တင် ပိဋကတ်တော်၏ ခိုင်မာမှုကို ပေါ့ပျက်သေးသိမ်အောင် လုပ်သော သာသနာဖျက်ဝါဒဖြစ်ကြောင်း။
- သံဂါယနာတင် ပါဠိတော်များကို မိမိတို့ ရုပ်ဝါဒအမြင်နှင့် မကိုက်ညီသောကြောင့် ဘုရားဟောမဟုတ်၊ ဟိန္ဒူဝါဒ စသည်ဖြင့် သမုတ်ကာ ဘုရားဟောပါဠိတော်များကို ဖြုတ်ထုတ်သတ်သော ဝါဒဖြစ်ကြောင်း။
အထက်ပါ အချက်များအရ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)မှ ဆရာတော်ကြီးများအားလုံးက လူသေလူဖြစ်ဝါဒနှင့် ဆက်စပ်ဝါဒများသည် ထေရဝါဒ ပိဋကတ်တော်နှင့် မလျော်ကန်ဘဲ ဖောက်ပြန်ယွင်းကွက် ဆန့်ကျင်ဘက်ဖြစ်သော အဓမ္မဝါဒသာ ဖြစ်သည်ဟု တညီတညွတ်တည်း ဆုံးဖြတ်တော်မူခဲ့ပါသည်။
ထို့ပြင် ဤဝါဒနှင့် သက်ဆိုင်သော စာအုပ်၊ စာတမ်း၊ တိတ်ခွေ၊ ကျောက်စာ စသည်တို့သည်လည်း အဓမ္မဝါဒကို ဖော်ပြရာဖြစ်သောကြောင့် အဓမ္မပစ္စည်းများ ဖြစ်ကြောင်းနှင့် ထိုဝါဒကို ရေးသားဟောပြော ဖြန့်ဝေသူ၊ လိုက်နာသူ၊ ထောက်ခံအားပေးသူ သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်အားလုံးသည် အဓမ္မဝါဒီများ ဖြစ်ကြောင်းလည်း တညီတညွတ်တည်း ဆုံးဖြတ်တော်မူခဲ့ပါသည်။
ဤဆုံးဖြတ်ချက်ကို ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ (၁၃၄၁ ခု၊ တန်ဆောင်မုန်းလဆန်း ၂ ရက်၊ ကြာသပတေးနေ့) တွင် ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သာသနာရေးဦးစီးဌာန။ လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ။