လူနေမှု တိုးတက်လာခြင်း

ဝီကီပီးဒီးယား မှ

လူနေမှု တိုးတက်လာခြင်းဟူသည်မှာ လူနေမှုအဆင့်အတန်းသည် တဖြည်းဖြည်းနှင့် တစ်ဆင်ပြီးတစ်ဆင့် တိုးတက်လာပြီးလျှင် အမြင့်ဆုံးအဆင့်သို့ရောက်ခြင်းကို ဆိုလိုသည်။ သမိုင်းမ တင်မီခေတ်ကဆိုလျှင် လူသားတို့သည် သဘာဝ၏ ပြုပြင်မှု ှုအတိုင်းသာ နေထိုင်စားသောက် နေကြရသည်။ သဘာဝ အလျောက်ပေါက်သည့် သစ်ဥသစ်ဖုများ၊ အသီးအနှံများနှင့် တောတွင်းတိရစ္ဆာန်များကိုသာ ရသမျှစားသောက်၍ အသက်ရှင် နေကြရသည်။ သဘာဝဓာတ်ကြီးများ ဖြစ်ကြသော လေဒဏ်၊ ရေဒဏ်၊ မီးဒဏ်နှင့် မိုးဒဏ်များကို အားကိုးရာမဲ့ဖြစ်ကာ အလူးအလိမ့် ခံကြရပြီး အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ကြ ရသည်။။ တစ်ခါတစ်ရံ သဘာဝအစားအစားများ ကုန်ခန်းသွားသည့်အခါလည်း ရှိခဲ့၏။ ထိုအခါမျိုးတွင် လူပေါင်းများစွာ စိုက်ပျိုးခြင်း၊ တိရစ္ဆာန်များ မွေးမြူခြင်း၊ အိမ်ရာဆောက်လုပ်ခြင်း၊ အနာဂတ်အတွက် ကြံစည်အားထုတ်ခြင်း များကို စတင်ပြုလုပ်သည့်အခါ ထိုအချိန်သည် လူနေမှုတိုးတက် ်လာခြင်း၏ အခြေခံအရိပ်အရောင်များပင် ဖြစ်သည်ဟု ဆိုရပေသည်။ အမေရိကန်လူမျိုး မနုဿဗေဒ ပညာရှင်တစ်ဦးဖြစ်သည့် လူးဝစ် အိပ်မော်ဂန် ဆိုသူက လူ့အဖွဲ့အစည်းသမိုင်းကို (၁) ကြမ်းကြုတ်သည့်အဆင့်၊ (၂) ရိုင်းစိုင်းသည့်အဆင့်နှင့် (၃) လူနေမှု တိုးတက်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထား သည်။

ကြမ်းကြုတ်သည့် အောက်ဆုံးအဆင့်။ ။ ဤအဆင့်တွင် လူတို့၌ ပစ္စည်းတန်ဆာပလာ လက်နက်နှင့် မီးဟူ၍ဘာမျှမရှိကြချေ။ မျှတသောရာသီဥတုရှိသည့်နေရာများ၌ နေထိုင်၍ ပေါက်ရောက်သောစားပင်၊အသီးအရွက်များကိုသာ စားသောက်ကြရသည်။ အနီးအနားရှိတောကြီးများ၊ ဂူများတွင် ဓားကောက်သွား ကျားများ၊ ကြံများ၊ဆင်များ၊ ဝက်ဝံများ၊ ဝံပုလွေများစသောကြမ်းကြုတ်သည့် တိရစ္ဆာန်များရှိကြ၏။ ထိုတိရစ္ဆာန်များသည် လူထက်သန်စွမ်းသဖြင့် ဘဝမြဲမှု လုံးပန်းရေးတွင် လူထက် များစွာသာပေသည်။ ထို့ကြောင့် ထိုခေတ်တွင် လူများသည် အသက်အန္တရာယ်များစွာရှိရာ လုံခြုံမှုအတွက် မြင့်မားသော သစ်ပင်၏အကိုင်းများတွင်သာ ခိုလှုံနေကြရသည်။ ဤသို့နေခဲ့ရာမှ လျှပ်စစ်ပြက်ခြင်းကြောင့် တောမီးများလောင်သည်ကို တွေ့ကြရ၏။ ထိုသူတို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော သားရဲတိရစ္ဆာန်တို့ကို ကိုးကွယ်သည့်နည်းတူ မီးကိုလည်း ကိုးကွယ်ကြ၏။ အချို့က သစ်ပင်ရင်းရှိ မီးကြောင့် ထိုနေရာသို့ တိရစ္ဆာန်ရိုင်းများ မကပ်ဝံ့သည်ကို မြင်တန်ရာ၏။ သို့ဖြင့် သစ်ပင်မှ ဆင်းလာပြီး လျှင် မြေပေါ်တွင် အိမ်ဆောက်၍နေ၏။ အခြားသစ်ပင်နေ လူများလည်း ဤအခြင်းအရာကိုမြင်သည်နှင့် အလားတူ သစ်ပင်များမှဆင်း၍ နေအိမ်များဆောက်လုပ်ကြ၏။ ဤသို့ဖြင့် တဖြည်းဖြည်း မီးကိုချက်ပြုတ်ရာ၌လည်းကောင်း၊ အမဲလိုက်ရာ၌ လည်းကောင်း၊ လက်နက်များပြုလပ်ရာ၌လည်းကောင်း အသုံးပြုလာနိုင်ကြသည်။ မီးကို အသုံးပြုလာနိုင်သည်နှင့် ကြမ်းကြုတ်သည့် အောက်ဆုံးအဆင့်မှ အလယ်ဆင့်သို့ ရောက်လာ ကြလေသည်။ ကြမ်းကြုတ်သည့် အလယ်ဆင့်တွင် မှတ်သားဖွယ်ရာကား လူတို့သည် မီးကို အသုံးပြုလာတတ်သဖြင့် ့်သားရဲတိရစ္ဆာန်များကို ရှေးကကဲ့သို့ မကြောက်ကြတော့ချေ။ ဂူများမှ တိရစ္ဆာန်များကို မောင်းထုတ်ကာ ဝင်ရောက်နေထိုင်ကြ၏။ အတော်အသင့်ကောင်းသော လက်နက်များကို ပြုလုပ်လာနိုင်ကြ၏။ တောဆင်ရိုင်းကြီးများကိုပင် ရှိသောလက်နက်များနှင့် စုပေါင်းဝိုင်းဝန်း သတ်ဖြတ်ပြီးလျှင် စားသောက်ကြ၏။ အချို့လည်း မြစ်နား၊ ချောင်းနားသို့သွားပြီးလျှင် ငါးများကို လှံနှင့်ထိုး၍ ဖမ်းယူကြ၏။ ဤခေတ်ကို ကျောက်တုံးကျောက်ပြား များနှင့် လက်နက်လုပ်ကြသောကြောင့် ကျောက်ခေတ်ဟုခေါ်သည်။ ကြမ်းကြုတ်သည့် အထက်အဆင့်သို့ရောက်သောအခါ လူသည် လေးနှင်မြားကို တီထွင်လုပ်ကိုင်လာနိုင်ခဲ့သည်။ဤလက်နက် ်ကြောင့်တိရစ္ဆာန်များသည် လူကိုကြောက်ရွံ့လာကြ၏။ ထိုမှ ှတစ်ဆင့်ဓား၊ တံစဉ်း၊ လွှ၊ အပ် စသော ကိရိယာ တန်ဆာပလာများကိုလုပ်လာနိုင်ကြ၏။ ထိုတန်ဆာပလာများဖြင့် အရိုး၊ ဦးချိုနှင့် ဆင်စွယ်စသော ပစ္စည်းရိုင်းများမှ လက်နက်များကို ိုတီထွင်ပြုလုပ်လာနိုင်ကြပြန်သည်။ တစ်ဖန် ခွေးများကို ပထမဆုံး အိမ်မွေးတိရစ္ဆာန်အဖြစ် ယဉ်ပါးအောင် မွေးမြူလာတတ်ကြသည်။ ခွေများသည် အမဲလိုက်ရာတွင်သာမက မြက်စားတိရစ္ဆာန်များကို ယဉ်ပါးအောင် လေ့ကျင့်ပေးရာ၌လည်း အထောက်အကူရကြောင်း သိရှိလာကြသည်။

ရိုင်းစိုင်းသည့် အောက်ဆုံးအဆင့်။ ။ ကြမ်းကြုတ်သည့်အဆင့်မှ ရိုင်းစိုင်းသည့် အောက်ဆုံးအဆင့် သို့ရောက်လာသည့်အခါလူသည် အိုးခွက်ဖုတ်လုပ်ခြင်း အတတ်ကို သိလာရာ အပူဒဏ်ခံနိုင်သည့် ချက်ပြုတ် ်အိုးခွက်များပြုလုပ်လာနိုင်လေသည်။ ထိုခေတ်မတိုင်မီကဆို ိုလျှင်အစားအစာများကို အစိမ်းလိုက်စားကြသည်။ အိုးခွက်များပြုလုပ်တတ်လာသည့် အချိန်မှစ၍ချက်ပြုတ် ်စားကြသည်။ မိန်းမများသည် ခြံဥယျာဉ်များပြုလုပ်၍ စားပင်သီးပင်များ စိုက်ပျိုးစပြုလာကြ၏။ အမဲလိုက်ရာမှ မိလာသော တိရစ္ဆာန်ငယ်ကလေးများကို မွေးမြူတတ် ်လာကြသည်။ ရိုင်းစိုင်းသည့် အလယ်ဆင့်သို့ ရောက်သည့် ်အခါ စိုက်ပျိုးရေးကို မိန်းမများသာမက စစ်သုံ့ပန်း ကျွန်ယောက်ျားများကပါ ပို၍လုပ်ကိုင်လာကြသည်။ နောက်တွင် မိန်းမရောယောက်ျားများပါ တိရစ္ဆာန်မွေးမြူရေးတွင် ပိုမိုလုပ်ကိုင်လာကြရာ တိရစ္ဆာန်အုပ်ကြီးများ လျင်မြန်စွာတိုးပွားလာသည်ကို တွေ့ကြရသည်။ ထိုခေတ်တွင် မွေးမြူထားသော တိရစ္ဆာန်များကို ဝန်တင်ဆွဲရန် ပထမဆုံး အသုံးပြုလာကြသည်။ ထို့ပြင် နေလှန်းအုတ်များဖြင့် နေအိမ်များကို ဆောက်လုပ်နေထိုင် ်လာကြသည်။ ရိုင်းစိုင်းသည့် အထက်ဆင့်သို့ ရောက်လာသည့်အခါ လူတို့သည် သတ္တုရိုင်းများကို အရည် ်ကျိုတတ်လာပြီးလျှင် ကိရိယာတန်ဆာပလာနှင့် လက်နက်များကို ပြုလုပ်လာနိုင်ကြသည်။ ထိုတန်ဆာပလာများနှင့် သစ်တောများကိုရှင်း၍ မြို့ရွာများ တည်ထောင်ကြ၏။ မြို့ကို မြို့ရိုးနှင့် ကျုံးကာရံ၍ ဘုရင်များနေထိုင်ပြီးလျှင် မြို့ပြင်တွင် ကျွန်များနေထိုင်ကာ မြေများကိုထွန်ယက်စိုက်ပျိုးကြရသည်။

လူနေမှု တိုးတက်သည့် အောက်အဆင့်။ ။ ရှေးအခါက အသိပညာကို ဆွေစဉ်မျိုးဆက်ယူလာရသည်မှာ မလွယ်ကူချေ။ ကြမ်းကြုတ်ခေတ်နှင့် အရိုင်းခေတ်က ထားရှိခဲ့သော နံရံဆွဲရုပ်ပုံများမှာလည်း တီထွင်လာနိုင်သည်နှင့် အသိပညာတိုးတက်လာ၏။ တစ်ဆက်မှတစ်ဆက်သို့ လွယ်ကူစွာ ယူဆောင်လာနိုင်ကြ၏။ အက္ခရာများ တီထွင်နိုင်ခြင်းသည် လူနေမှု တိုးတက်သည့်အဆင့်နှင့် ကြမ်းကြုတ်ရိုင်းစိုင်းသည့်အဆင့်တို့၏ ခြားနားသည့် အချက်ပင်တည်း။ လူနေမှုတိုးတက်လာသည့် အောက်အဆင့်သည် ဘီစီ ၅ဝဝဝ ခန့်မှ အေဒီ ၁၄ဝဝ အထိ ကြာခဲ့သည်။ ဤခေတ်တွင် ဘုရင်များသည် စစ်သုံ့ပန်း ကျေးကျွန်များကို အမြောက်အမြားဖမ်း၍ အလုပ်လုပ်ကိုင်စေသသည်။

လူနေမှု တိုးတက်သည့် အလယ်ဆင့်သို့ ရောက်လာသည့်အခါ လူတို့သည် ယမ်းမှုန့်များကို တီထွင်ပြုလုပ်လာနိုင်ကြ၏။ ယမ်းမှုန့်ဖြင့် အရိုင်းအစိုင်းများကို တိုက်ထုတ်နိုင်ခဲ့၏။ နောက်တွင် ယမ်းမှုန့်ကြောင့် အထက်တန်းစားများတန်ခိုး လျှောကျခဲ့လေသည်။ ဤကဲ့သို့ တန်ခိုးလျှောကျခဲ့စဉ် ပုံနှိပ်စက်များကို စတင် တီထွင်လာနိုင်ခဲ့ရာ လူအများကို အသိပညာများစွာ ပေးနိုင်ခဲ့လေ သည်။ အသိပညာများစွာ ရရှိခဲ့သည့်အလျောက် အခြား နိုင်ငံများနှင့် လူများကိုရှာဖွေရန် ဆန္ဒပြင်းပြခဲ့လေသည်။ ကိုလံဗပ်သည် ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိခဲ့၏။ သိပ္ပံပညာလည်း စတင်အခြေခံ ရရှိခဲ့ရာမှ ကော့ပါနီကပ်နှင့် ဂယ်လီလေအို စသည့်သိပ္ပံပညာရှင်များ စတင်ပေါ်ထွန်းလာခဲ့လေသည်။ ဤလူနေမှုတိုးတက်သည့် အလယ်ဆင့်သည် အေဒီ ၁၄ဝဝ မှ စတင်ခဲ့ရာ အေဒီ ၁၇ဝဝ နောက်ဆုံးနှစ်များတွင် အဆုံးသတ်ခဲ့၍ ထိုအချိန်တွင် ဝါဂွမ်းထည်များလုပ်ကိုင်သည့် ရေနွေးငွေ့စက်များ စတင်ပေါ်ထွက်လာခဲ့လေသည်။ လူနေမှုတိုးတက်သည့် အထက်ဆင့်သို့ရောက်သည့်အခါ လူတို့သည် ရေနွေးငွေ့၊ လျှပ်စစ်ဓာတ်နှင့် အနုမြူဓာတ်အား များကို အသုံးပြုလာနိုင်သဖြင့် သဘာဝကို တော်လှန်နိုင်ခဲ့သည်အလျောက် ဘာမဆို အလိုရှိသလို ဖြစ်နိုင်မလောက်ရှိခဲ့လေသည်။ ကမ္ဘာပေါ်တွင် ရေ၊ လေ၊ ကုန်းလမ်းခရီးတို့ဖြင့် အမြန်ဆုံးသွားနိုင်၏။ သိပ္ပံပညာတိုးတက်လာမှုကြောင့် လူနေမှုအဆင့်အတန်း အလွန်မြင့်လာပြီးလျှင် လူ့အသက်တမ်းလည်း ရှည်လာသည်။ အနုမြူဓာတ်အားကို နိုင်နိုင်နင်းနင်း အသုံးပြုလာနိုင်သဖြင့် သဘာဝ တော်လှန်ရေးတွင်များစွာ လုပ်ကိုင်နိုင်၏။ ယခုအခါတွင် လူနေမှုတိုးတက်ရေးသည် အဆင့်အတန်း အလွန်မြင့်လာရကား လကမ္ဘာဆီသို့ပင် သွား ရောက်နိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိကြပေသည်။ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့တွင် လမျက်နှာပြင်ပေါ်သို့ လူသားတို့အောင်မြင်စွာ ပထမဆုံး ခြေချနိုင်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)