အဲရစ် လူဒင်ဒေါ့

ဝီကီပီးဒီးယား မှ
(လူဒင်ဒေါ့၊ အီ မှ ပြန်ညွှန်းထားသည်)
အဲရစ် လူဒင်ဒေါ့

ဂျာမနီနိုင်ငံ၏ သမိုင်းတွင်စစ်မက်ရေး၌သာမက နိုင်ငံရေး၌လည်း ထင်ရှားခဲ့သူစစ်ဗိုလ်ချုပ်ကြီး အဲရစ်ဖွန်လူဒင်ဒေါ့သည် ပရပ်ရှားပြည် ပိုဇန်နယ် ကရုဇီဝီနားအရပ်၌ ၁၈၆၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ဖွားမြင်လေသည်။ ဖခင် ဖြစ်သူမှာ ပရပ်ရှာအရာရှိကြီးတစ်ဦးဖြစ်သည်။ လူဒင်ဒေါ့သည် ငယ်စဉ်ကပင် စစ်စိတ်စစ်သွေးပါခဲ့သူဖြစ်၍ အသက် ၁၇နှစ်အရွယ်မှ အစပြုကာ စစ်ထဲ၌ ဝင်ရောက်အမှုထမ်းခဲ့လေသည်။၁၈၉၈ခုနှစ် (အသက် ၃၃ နှစ်အရွယ်)တွင် စစ်ဦးစီးအဖွဲ့ရုံးသို့ ဝင်ရောက်အမှုထမ်းနေစဉ် ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ် ဖြစ်ပွားသောအခါလူဒင်ဒေါ့သည် အမှတ် ၂ တပ်မတော်၏ တပ်ထောက်ချုပ်ရာထူးဖြင့် စစ်မြေပြင်သို့ ထွက်ရလေသည်။ စစ်ပွဲတွင် ထူးချွန်သော ရဲစွမ်းသတ္တိရှိရုံမက အစီအမံလည်းကောင်းသူဖြစ်ကြောင်း ထင်ရှားစေခဲ့လေသည်။

ထို့နောက် များမကြာမီ သူ၏စွန့်စားမှုများကိုယုံကြည်သော စစ်အာဏာပိုင်တို့သည် လူဒင်ဒေါ့အား တပ်မှူးကြီး ဟင်ဒင်ဗတ်၏ လက်အောက်တွင် ဦးစီးမှူးအဖြစ် ရုရားစစ်မျက်နှာဘက်သို့ စေလွှတ်လိုက် ၏။ ထိုစစ်မျက်နှာ၌ တန်နင်ဗတ်တွင် အောင်ပွဲရခဲ့လေသည်။ ၁၉၁၆ခုနှစ်တွင်တပ်မှူးကြီးဟင်ဒင်ဗတ်သည် စစ်သေနာပတိဖြစ်လာသောအခါ လူဒင် ဒေါ့သည် ပထမ ဦးစီးချုပ်ဖြစ်လာလေသည်။ လူဒင်ဒေါ့ကား စစ်အတတ်၌ ကျွမ်းကျင်သူဖြစ်၍ တိုက်နည်းခိုက် နည်းအမျိုးမျိုး၊ လက်နက်အမျိုးမျိုးကိုကြံစည်တီထွင်ခဲ့သူဖြစ်သည်။ စစ်ပွဲ များတွင် အဆိပ်ငွေ့ဗုံးများကို အများအပြား သုံးခဲ့သဖြင့် မဟာမိတ်များ ဘက်၌ အပျက်အစီး အဆုံးအရှုံးများခဲ့၏။ သို့ရာတွင် ၁၉၁၈ ခုနှစ်လောက် ရောက်သောအခါ ဂျာမန်တို့ တဖြည်းဖြည်း အရေးနိမ့်လာလေရာ တိုင်းပြည် လူထုနှင့်တကွ ခေါင်းဆောင်ကြီးများက ရသမျှအခွင့်အရေးနှင့်ပင် စစ်ပြေငြိမ်းလိုကြသည်။ လူဒင်ဒေါ့ကမူ ဂုဏ်ယူလောက်သော စစ်ပြေငြိမ်းမှုကိုသာ လိုချင်သည်ဖြစ်သောကြောင့် ထိုခေါင်းဆောင်တို့နှင့် မညီမညွတ်ဖြစ်ကာ ရာထူးမှ ထုတ်ပယ်ခြင်းခံရလေသည်။

စစ်ပြေငြိမ်းပြီးသောအခါ လူဒင်ဒေါ့ သည် ဆွီဒင်နိုင်ငံသို့ တိမ်းရှောင်နေပြီးနောက် ငါးလခန့်ကြာသောအခါ ဂျာမနီသို့ပြန်လာကာ နိုင်ငံရေးတွင် အပါဝင်ဆောင်ရွက်သည်။ ဟစ်တလာ တို့ဦးစီးသည့် ၁၉၂၃ ခုနှစ် ဗီယာအဆောင် ပုန်ကန်မှုတွင် ပါဝင်ခဲ့သဖြင့် ထောင်နန်းစံရမည့် အရေးမှ စစ်မှုထမ်းသက်ကြောင့် လွတ်ခဲ့ရ၏။ သို့ရာ တွင် မကြာမြင့်မီ ဟစ်တလာ၏ဝါဒများကို မနှစ်သက်သဖြင့် ဂိုဏ်းခွဲ လိုက်၏။ အယူဝါဒဆိုင်ရာတွင် စိတ်ဝင်စားကာ ဂျာမန်လူထုအား အယူဝါဒ ဆိုင်ရာတွင်စိတ်ဝင်စားကာ ဂျာမန်လူထုအား အယူဝါဒဖြင့်မျှား၍ ကမ္ဘာ ပေါ်တွင်တစ်ဖန်ခေါင်းထောင်လာနိုင်ရန် အားထုတ်လေသည်။ သူဦးစီးထုတ်ဝေသော သတင်းစာကို နာဇီတို့က မကြာခဏ ပိတ်ပင်ချုပ်ချယ်သော်လည်း နာဇီခေါင်းဆောင် ဟစ်တလာမူကား လူဒင်ဒေါ့အား သူနှင့် ဂိုဏ်းကွဲသည့်တိုင်အောင်ပင် ကြည်ညိုမြဲ ကြည်ညိုနေသည့်အလျောက် ဖီး လော့ဘွဲ့ပေးရုံမက သူ၏ အနှစ် ၇ဝ မြောက် မွေးနေ့ကိုပင် ကျင်းပပြီး ချီးကျူးခဲ့ဖူးလေသည်။ လူဒင်ဒေါ့သည် ဒုတိယ ကမ္ဘာစစ်မဖြစ်မီ ၁၉၃၇ ခုနှစ်၊ ဒီဇင်ဘာလ၂ဝရက်နေ့တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)