လုံး၊ ဦး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဆရာကြီး ဦးလုံး[ပြင်ဆင်ရန်]

ဆရာကြီး ဦးလုံး
U Lone.jpg
အမည်ရင်းဦးလုံး
မွေးဖွား၁၉၂၀
မာန်အောင်
ကလောင်အမည်မေဃမောင်
အလုပ်အကိုင်ယဉ်ကျေးမှုရေးရာ ဥက္ကဋ္ဌ
ပညာရေးမက်ထရစ်
စာပေအမျိုးအစားရခိုင်စာပေ၊ ယဉ်ကျေးမှု
ဂရုထားမှတ်သားစရာ လုပ်ဆောင်မှုရထားပန်းယိုင်
ရရှိသည့်ဆုများလူမှု ထူးချွန်
မိဘဦးစိန်လုံး + ဒေါ်ဝါနု
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ဆရာကြီး ဦးလုံးသည် တိမ်မြုပ်နေသော ရခိုင်ရိုးရာ ယဉ်ကျေးမှု များကို စတင် ဖော်ထုတ်ပေးခဲ့သူ တစ်ဦး ဖြစ်သည်။ ၁၉၆၈ မှ ၁၉၈၆ အထိ ပြည်ထောင်စုနေ့ အခမ်းအနား ယဉ်ကျေးမှု ကပွဲများတွင် တင်ဆက်ခဲ့သော ရခိုင်ပြည်နယ် ကိုယ်စားပြု တေးသီချင်းများမှာ ဆရာကြီး ဦးလုံး၏ လက်ရာများပင် ဖြစ်သည်။ ကျောက်ဖြူမြို့ မှ ဆရာကြီး ဦးလုံး ဟု လူသိများသည်။

ဆရာကြီးဦးလုံးကို ၁၉၂ဝ ခုနှစ်တွင် ရခိုင်ပြည်နယ်မာန်အောင်မြို့၊ ကုန်းတန်းရွာတွင် အဖ ဦးစိန်လုံး၊ အမိ ဒေါ်ဝါနုတို့မှ မွေးဖွားသည်။ သံတွဲမြို့ ဆရာကြီး ဦးရွှေကြိုင် အလွတ်ပညာသင် ကျောင်းမှ ဆယ်တန်း (ဟိုက်ယား ဂရိတ်) နှင့် မက်ထရစ် စာမေးပွဲများကို အောင်မြင်ပြီး၊ စစ်တွေမြို့ ဆရာဖြစ်သင် နော်မန်ကျောင်းမှ အထက်တန်းပြ ဆရာဖြစ် လက်မှတ်ရရှိခဲ့သည်။ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့တို့တွင် ပညာရေး ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ အလယ်တန်းကျောင်းအုပ် ဆရာကြီး အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ရခိုင် စာပေ၊ အနုပညာ များကို ငယ်စဉ်ကပင် ဝါသနာပါခဲ့ပြီး ရခိုင်စာပေ၊ ယဉ်ကျေးမှုရေးရာ ဆောင်းပါး၊ စာတမ်း များစွာကို ရေးသားခဲ့သည်။

ဆရာကြီး၏ ပြည်ထောင်စုပွဲဝင် ဂန္ထဝင်မြောက် ပထမဆုံး ရိုးရာ ရခိုင် တေးသီချင်းမှာ ရထားပန်းယိုင် ယိမ်း (ပန်းရထားဆွဲပွဲ- ရှု) ဖြစ်ပြီး၊ ၁၉၆၈ ခုနှစ် ပြည်ထောင်စုနေ့ တွင် ရခိုင်ပြည်နယ် ကိုယ်စားပြု တင်ဆက်ခဲ့သည်။ ဆရာကြီး၏ ပြည်ထောင်စုပွဲဝင် နောက်ဆုံး လက်ရာ ရိုးရာ ရခိုင်သီချင်းမှာ စည်ကြီးဗြိန်းစောင် (၁၉၈၆) ဖြစ်သည်။ ဆရာကြီး ဦးလုံးသည် ပထမဆုံးသော ရခိုင်ပြည်နယ်နေ့ အခမ်းအနား အဖွင့်သီချင်းဖြစ်သည့် မိုးယံလွင့်ပျံ ရခိုင့်အလံ သီချင်း ကို ရေးစပ်ခဲ့သည်။ ထိုသီချင်းသည် ရခိုင်ပြည်နယ်၊ မြို့နယ် အသီးသီးတွင် နှစ်စဉ် ကျင်းပသော ရခိုင်ပြည်နယ်နေ့ အခမ်းအနားများ၏ အဖွင့် တေးသီချင်း ဖြစ်ခဲ့သည်။ ဆရာကြီး၏ ထင်ရှားသော လက်ရာ အချို့မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

ရထားပန်းယိုင် (၁၉၆၈)

ကင်းယိမ်း (၁၉၆၉)

ဇမ်းယိမ်း (၁၉၆၉)

ရခိုင်ကျင် ယိမ်း (၁၉၇၉) (ရခိုင် ကျင် - ရှု)

ဇီသှျင် (၁၉၇၉)

အခါတော် (၁၉၈၀)

ရခိုင်မြေမှ ကဿက (၁၉၈၁)

စက္ကရေကိုင် ရခိုင် လယ်သမား (၁၉၈၂)

ရခိုင့်တန်ဆောင် (၁၉၈၃)

ရိုးရာထုံးဖွဲ့မှု (၁၉၈၄)

ရွေ့ခြင်းသံသာ (၁၉၈၅)

နန်းတွင်းမိညို (၁၉၈၅)

စည်ကြီးဗြိန်းစောင် (၁၉၈၆)

ပတ္တမြားဒေဝီ စောမဲကျီ (၁၉၈၆)

ဆရာကြီးသည် ရခိုင်ပြည်နယ် ယဉ်ကျေးမှု ရေးရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး၊ ရခိုင် ဝေါဟာရ အဘိဓာန် ပြုစုရေး အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ရခိုင့်ယဉ်ကျေးမှု မဂ္ဂဇင်း အတိုင်ပင်ခံစာတည်း အဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ် သမိုင်း- ငါးတွဲ (သမိုင်းကဏ္ဍ၊ ယဉ်ကျေးမှုှု ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နိုင်ငံရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍ) ပြုစု တည်းဖြတ်ရေး အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ တာဝန်ယူခဲ့သည်။ မြန်မာစာအဖွဲ့မှ မြန်မာအဘိဓာန် ပြုစု ရာတွင်လည်း ရခိုင်ဝေါဟာရများအတွက် ကူညီပံ့ပိုးခဲ့သည်။ ထို့ပြင် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု ဖော်ထုတ်ရေး ဗဟို ကော်မတီဝင် အဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ တာဝန်ယူခဲ့ပြီး၊ ရခိုင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လူနည်းစုများဖြစ်ကြသော သက်၊ ဒိုင်းနက်၊ မြို၊ ခမီး၊ ချောင်းသား၊ ကောက်ကတန်း စသည့် တိမ်မြုပ်နေသော တိုင်းရင်းသား မျိုးနွယ်စုများ၏ သမိုင်းနှင့် ယဉ်ကျေးမှုများကို ဖော်ထုတ် မှတ်တမ်းတင်ခဲ့သည်။ ၁၉၈၆ တွင် နိုင်ငံတော်မှ ချီးမြှင့်သည့် လူမှုထူးချွန် ဆုတံဆိပ်ကို ရရှိခဲ့သည်။ ဆရာကြီးသည် ၁၉၉၈ တွင် ကျောက်ဖြူမြို့ ၌ ကွယ်လွန်သည်။ ကွန်လွန်ချိန်တွင် သမီးနှစ်ယောက် ကျန်ရစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

၁။ စာတည်းအဖွဲ့ဝင် တစ်ဦး၊ ဦးလုံး သို့မဟုတ် ရိုးရာတေးဖြင့် ပြည်ထောင်စုကို အလှဆင်သူ၊ သန္တာမြေ မဂ္ဂဇင်း၊ ၁၉၉၃

၂။ အမ်တီတီ၊ ကြိုးပြတ်သွားသော ရထားပန်းယိုင်၊ ရွှေကျွန်သန္တာ မဂ္ဂဇင်း၊ ၂၀၀၁