လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး

ဝီကီပီးဒီးယား မှ

လူတွင်ငွေပေး၍ဝယ်လို့မရသော အရာနှစ်ခုရှိသည်။ အသက်နှင့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတို့ဖြစ်၏။ လက်ပြတ်သွား ပါက လက်အတုတပ်လို့ရသည်ဖြစ်စေ။ မိမွေးတိုင်းဖမွေးတိုင်း လက်လောက်တော့ ကောင်းနိုင်စရာမရှိ။ ထို့ကြောင့် မိမိတို့၏ အသက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို မဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရအောင် အတတ်နိုင်ဆုံးထိန်းသိမ်းထားရန် အရေးကြီးသည်။ ကျွန်ုပ်တို့သည်နေ့စဉ်နှင့်အမျှ အလုပ်လုပ်နေကြရ၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ တစ်နေ့တာအချိန်များကို လုပ်ငန်းခွင် အတွင်း၌သာ ကုန်ဆုံးကြရသည်။ ထို့ကြောင့် မတော်တဆမှုဖြစ်မည်ဆိုလျှင် လုပ်ငန်းခွင်အတွင်း၌ဖြစ်ဖို့ ပိုများသည်။ နိုင်ငံတည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်း အများအပြား လုပ်ကြရသည်။ ထိုဆောက်လုပ်ရေးလုပ်ငန်းများတွင် များစွာသော လူအပေါင်းတို့ ဝင်ရောက်လုပ်ကိုင်နေကြ၏။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဟူသည် လူအများ၊ စက်ယန္တရားများ လှုပ်ရှားသွားလာ လုပ်ကိုင်နေကြသည်ဖြစ်ရာ အန္တရာယ်များဖြင့် ပြည့်နှက်လျက်ရှိ၏။ ထိုအန္တရာယ်များသည် တစ်စုံတစ်ဦးထံ အချိန်မရွေး ကျရောက်လာနိုင်သည်။ အကယ်၍ လူတစ်ဦးသည် လုပ်ငန်းခွင် အတွင်း ထိခိုက်ရှာနာမှု တစ်ခုခုဖြစ်အံ့။ သို့မဟုတ် မတော်တဆမှုတစ်ခုခုကြောင့် အသက်သေဆုံးခဲ့သည် ဖြစ်အံ့။ သူနှင့် ထိုသူ၏ မိသားစုအတွက် ကြီးမားလှစွာသော ဆုံးရှုံးမှုဖြစ်သည်။ ထို့ကြောင့် လူအများ၏ အသက်နှင့်ခန္ဓာကိုယ် အိုးစားမကွဲစေရေးအတွက်၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ မဆုံးရှုံးရစေရေးအတွက် ဥပဒေ၊ စည်းကမ်း၊ နည်းလမ်းများ ချမှတ်ကျင့်သုံးရေးမှာ အလွန်အရေးကြီး လှပေသည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဟူသည် တစ်စုံတစ်ယောက်တည်းတွင်သာ တာဝန်ရှိခြင်းမဟုတ်မူ၍ အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုသည့်အရာဖြစ်၏။ အစိုးရအနေနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးရန်၊ အလုပ်ရှင် အနေနှင့် ထိုချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိလုပ်ငန်းခွင်ကို ထိန်းသိမ်းထားရန်၊ အလုပ်သမားများ ဘက်ကလည်း မိမိတို့လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝလိုက်နာရန် လိုပေသည်။ ချမှတ်ထားသော ဥပဒေများ မည်မျှ ပြည့်စုံကောင်းမွန်နေစေကာမူ အောက်ခြေပိုင်း အကောင်အထည်ဖော်မှု အားနည်းနေလျှင်လည်း ထိရောက်အကျိုးရှိမည် မဟုတ်ပေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးအေးငြိမ်း(လေးမျက်နှာ) ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး)စာအုပ်မှ