လုကာဆေးရုံ (ကရင်နီပြည်နယ်)
| လုကာဆေးရုံ | |
|---|---|
| ပထဝီဝင်ဆိုင်ရာ | |
| တည်နေရာ | ကရင်နီပြည်နယ်၊ မြန်မာနိုင်ငံ |
| အဖွဲ့အစည်း | |
| ဂရုစိုက်မှုစနစ် | အခမဲ့ |
| ဆေးရုံအမျိုးအစား | အထွေထွေရောဂါကု နှင့် အရေးပေါ် ဆေးရုံ |
| နှီးနွယ် တက္ကသိုလ် | ကရင်နီဆေးကောလိပ် (ပူးပေါင်း) |
| ဝန်ဆောင်မှုများ | |
| အရေးပေါ်ကုသရေးဌာန | ရှိ |
| ကုတင်အရေအတွက် | ၆၀ |
| သမိုင်းကြောင်း | |
| တည်ထောင်ခဲ့ | မေ ၂၀၂၂ |
လုကာဆေးရုံ (အင်္ဂလိပ်: Luke Hospital) သည် မြန်မာနိုင်ငံ၊ ကရင်နီပြည်နယ်ရှိ တောတွင်းတစ်နေရာတွင် လျှို့ဝှက်တည်ဆောက်ထားသည့် အကျိုးအမြတ်မယူသော ပရဟိတဆေးရုံတစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်နီပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာချိန်တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်လာသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အရပ်သားများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ပဋိပက္ခများကြောင့် ဒဏ်ရာရရှိသူများအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရှုပ်ထွေးသော ခွဲစိတ်ကုသမှုများကို အဓိကထား ကုသပေးလျက်ရှိပြီး ကရင်နီပြည်နယ် ကျန်းမာရေးကွန်ရက်၏ အဓိကအချက်အချာ ဆေးရုံအဖြစ် ရပ်တည်လျက်ရှိသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဆေးရုံများ ရပ်ဆိုင်းသွားချိန်တွင် လွိုင်ကော်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် CDM လှုပ်ရှားမှုတွင် ပါဝင်လာခဲ့ပြီး ဆန္ဒပြပွဲများအတွင်း ဒဏ်ရာရရှိသူများကို ကုသပေးရန် ယာယီဆေးရုံတစ်ခုကို ဖွင့်လှစ်ကုသပေးခဲ့သည်။ ဆေးရုံတည်ထောင်သူများအနက် တစ်ဦးဖြစ်သည့် ဒေါက်တာပေါင် (Dr. Paung) သည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ကရင်နီပြည်နယ်အတွင်း ရွေ့လျားဆေးခန်း (Mobile clinics) များကို စတင်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကုတင် (၂၅) ဆံ့ ခွဲစိတ်ခန်းပါဝင်သော ဆေးရုံတစ်ရုံကို ဖွင့်လှစ်နိုင်ခဲ့သည်။ သို့သော် နှစ်လအကြာတွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲဖျက်ဆီးမှုကို ခံခဲ့ရသည်။[၂]
ထို့နောက် ကရင်နီပြည်နယ်အတွင်း လိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ပေးအပ်နိုင်ရန် ရန်ကုန်၊ မန္တလေးနှင့် လွိုင်ကော်မြို့တို့မှ CDM ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ စုပေါင်းကာ လုကာဆေးရုံကို ၂၀၂၂ ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့ပြီး ဇွန်လတွင် တရားဝင် ဖွင့်လှစ်နိုင်ခဲ့သည်။ လုကာဆေးရုံ၏ ပူးတွဲတည်ထောင်သူများတွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန် ဒေါက်တာမျိုးခန့်ကိုကို၊ ဒေါက်တာပေါင်း၊ ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်နည်းပညာရှင် ကိုကင်မ် (Kim) နှင့် 'HOPE for Burma' ကို ပူးတွဲတည်ထောင်သူ နောက်ဆုံးနှစ် ဆေးကျောင်းသူ မလင်းနီဇို (Linn Nizho) တို့ ပါဝင်ကြသည်။[၂]
လုကာဆေးရုံတွင် စေတနာ့ဝန်ထမ်း ၅၀ ခန့်ဖြင့် လည်ပတ်လျက်ရှိပြီး အထွေထွေခွဲစိတ်အထူးကု၊ အရိုးအကြောအထူးကုနှင့် သားဖွားမီးယပ်အထူးကု စသည့် အထူးကုဆရာဝန် ၆ ဦးထက်မနည်း ပါဝင်သည်။ ဆေးရုံ၏ Clinical Director ဖြစ်သူ ဒေါက်တာမျိုးခန့်ကိုကိုသည် ကရင်နီဒေသအတွက် အနာဂတ် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် ကရင်နီဆေးကောလိပ် (Karenni Medical College) ၏ ကျောင်းအုပ်အဖြစ်လည်း တာဝန်ယူထားသည်။[၃]
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]{Reflist}}
- ↑ Falise၊ Thierry။ "Myanmar rebels create jungle medical network" (in en)၊ Nikkei Asia၊ 19 May 2024။[လင့်ခ်သေ]
- 1 2 Ramsay၊ Stuart။ "The secret jungle hospital on the frontline in Myanmar: 'It's a conveyor belt of horror'" (in en)၊ Sky News၊ 18 July 2023။
- ↑ စန်းမော်အောင်။ "ဆေးကောလိပ်ဖွင့်ဖို့ ကြိုးစားနေတဲ့ CDM ခွဲစိတ်ဆရာဝန်" (in my)၊ Radio Free Asia၊ ၁၆ ဩဂုတ် ၂၀၂၄။