လိပ်ပြာနှင့် ပိုးဖလံများ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
လိပ်ပြာနှင့် ပိုးဖလံများ
Temporal range: Early JurassicPresent, 200–0 Ma
Peacock butterfly (Aglais io) 2.jpg
ဒေါင်းလိပ်ပြာ (Aglais io)
Sphinx moth (Adhemarius gannascus).jpg
Adhemarius gannascus, a species of sphinx moth
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
(unranked): Amphiesmenoptera
မျိုးစဉ်: Lepidoptera
လင်းနီးယပ်၊ ၁၇၅၈
မျိုးစဉ်ခွဲများ

Aglossata
Glossata
Heterobathmiina
Zeugloptera

ပျံတတ်သော အင်းဆက်ပိုးကောင်များအနက် အတောင်ရှိသော ပန်းများဟု တင်စားလေ့ရှိကြသော လိပ်ပြာ နှင့် ပိုးဖလံတို့၏ ဇီဝစက်ဝန်းလည်ပတ်ပုံသည် အလွန်အံ့ဩစိတ်ဝင်စားဖွယ်ဖြစ်သည်။ ယင်းတို့၏ အံ့ဩဖွယ်များကို အောက်တွင်ဖော်ပြထားသည်။

ပိုးကောင်များတွင် လိပ်ပြာ နှင့် ပိုးဖလံများလည်း အပါအဝင်ဖြစ်၏။ အချို့သော ကဗျာဆရာများက လိပ်ပြာများကို “အတောင်ရှိပန်းများ” ဟုပင် တင်စား၍ စာဆိုလေ့ရှိကြသည်။ ထိုသို့စာဆိုကြခြင်းမှာ လိပ်ပြာ၏ အတောင်များသည် လွန်စွာလှပသော ပန်းများနှင့်တူခြင်းကြောင့်ဖြစ်သည်။ လိပ်ပြာ၏ အတောင်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့တွင် မြူမှုန်များရှိသည်ကို တွေ့ရပြီးလျှင် ထိုမြူမှုန်များကို အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်လျှင် အကြေးခွံလေးများ ဖြစ်နေကြသည်ကို တွေ့ရလေသည်။ ထိုသို့ အကြေးခွံလေးများ ရှိနေခြင်းကြောင့်လည်း သိပ္ပံပညာရှင်များက ယင်းကို 'လက်ပီဒေါ့တာရာ' မျိုးစဉ်တွင် ပါဝင်သည်ဟု သတ်မှတ်ခြင်းဖြစ်သည်။ “လက်ပီဒေါ့တာရာ” ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်မှာ အကြေးခွံရှိသော တောင်ပံများဖြစ်သည်။

လိပ်ပြာ နှင့် ပိုးဖလံတို့၏ ကွဲပြားသော အချက်များ[ပြင်ဆင်ရန်]

လိပ်ပြာ နှင့် ပိုးဖလံကို ခွဲခြားရာတွင် အကောင်းဆုံးသောနည်းလမ်းမှာ အာရုံမှင်များ၏ ပုံသဏ္ဌာန်ကိုကြည့်ခြင်းပင်ဖြစ်သည်။ ထိုသို့ကြည့်လျှင် လိပ်ပြာ၏ အာရုံမှင်များမှာသေး၍ အဖျားတွင် အဖုကလေးများရှိနေသည်ကို တွေ့ရပေလိမ့်မည်။ ပိုးဖလံ၏ အာရုံမှင်အဖျားတွင်မူ အဖုကလေးကိုတွေ့ရမည် မဟုတ်ချေ။ ထို့ပြင် လိပ်ပြာအများစုသည် နေ့ခင်းဖက်တွင် ပျံသန်းကြပြီး ညဉ့်အချိန်တွင် အိပ်စက်ကြသည်။ ပိုးဖလံများမှာမူ လိပ်ပြာများနှင့် ဆန့်ကျင်ကာ ညဉ့်ဖက်တွင် ပျံသန်းကြ၍ နေ့ခင်းဖက်တွင် အိပ်စက်ကြလေသည်။ တစ်ဖန် လိပ်ပြာသည် နားနေသောအခါ၌ အတောင်များကို ယင်း၏ ကိုယ်ပေါ်တွင် ထောင်၍ထားလေ့ရှိပြီး ပိုးဖလံကမူ ယင်းအတောင်များကို ဖြန့်၍ထားလေ့ရှိကြလေသည်။ ထို့ပြင် လိပ်ပြာ၏ ခန္ဓာကိုယ်သည် သေးသေးသွယ်သွယ်ဖြစ်၍ ပိုးဖလံ၏ ခန္ဓာကိုယ်မှာမူ ကြီး၍ ဆူဖြိုးလေသည်။ ထိုမျှမကသေး ပိုးဖလံ အကောင်လောင်းကလေးများသည် အတောင်များမစုံမီတွင် ပိုးအိမ်အတွင်း၌နေကြပြီး လိပ်ပြာ အကောင်လောင်း ကလေးများမှာမူ အပေါ်ယံ အရေခွံမရှိသော ပိုးတုံးလုံးအဖြစ်ဖြင့်သာ နေကြလေသည်။

ပုံပန်းသဏ္ဍာန်[ပြင်ဆင်ရန်]

လိပ်ပြာ၏ ခန္ဓာကိုယ်တွင် အခြားပိုးကောင်များမှာကဲ့သို့ အဓိကအားဖြင့် အစိတ်အပိုင်း (၃) ပိုင်းရှိသည်။ ယင်းတို့မှာ -

  1. ဦးခေါင်းပိုင်း
  2. ဝမ်းဗိုက်ပိုင်း နှင့်
  3. ခန္ဓာကိုယ် အနောက်ပိုင်း

တို့ဖြစ်သည်။ ဦးခေါင်းအရှေ့ဘက်တွင် အပ်ချည်မျှင်ကဲ့သို့သော အာရုံမျှင်နှစ်ခုရှိသည်။ ထိုအကြေးများကြောင့် လိပ်ပြာ ၏ အတောင်ဖျားတွင် အရောင်များရှိနေခြင်းဖြစ်သည်။ ရှေ့ဘက်ရှိ အတောင် တစ်စုံသည် ယေဘုယျအားဖြင့် နောက်ဘက်ရှိအတောင်တစ်စုံထက် ကြီးလေ့ရှိသည်။

လိပ်ပြာ၏ပါးစပ်တွင် ပြွန်ရှည်တစ်ချောင်းပါရှိ၏။ ထိုပြွန်သည် အသုံးမပြုသောအခါ၌ နာရီသံပတ်ကဲ့သို့ ခွေလျက်ရှိ၏။ အသုံးပြုလိုသော အခါတွင်မူပန်းများ၏ အတွင်းဘက်ရှိ ဝတ်ရည်အိတ်များအတွင်းသို့ပင် ထိုး သွင်းနိုင်လေသည်။ ထိုနည်းဖြင့် ဝတ်ရည်ကိုစုတ်ယူလေသည်။ လိပ်ပြာတွင် မျက်စိကြီးနှစ်လုံးရှိသည်။ ထိုမျက်စိကြီးများသည် မျက်စိထပ်များဖြစ်ကြ၏။ မျက်စိထပ်များဟုခေါ်ခြင်းမှာ ယင်းတို့၌ မျက်စိ ကလေး အမြောက်အမြားရှိနေကြခြင်းကြောင့်ဖြစ်သည်။ အရွယ်ရောက်သည့် အခါမှသာ မျက်စိထပ်များရှိကြလေသည်။

လိပ်ပြာဖို၏ အတောင်များရှိ အချို့သော အကြေးများမှ လိပ်ပြာမများကို သွေးဆောင်နိုင်သော နှစ်သက်ဖွယ်ကောင်းသည့်ရနံ့များကို ထုတ်လွှတ်ပေးကြလေသည်။ လိပ်ပြာမျိုးစိတ်အချို့၏ လိပ်ပြာဖိုများမှ ထုတ်လွှတ်သော ရနံ့သည် အဖိုးတန်ရေမွှေးနံ့များနှင့်ပင် တူလေသည်။ လိပ်ပြာ အမ ကမူ နှစ်သက်ဖွယ်ကောင်းသည့် ရနံ့ကို မထုတ်လွှတ်နိုင်ကြချေ။ နှစ်သက်ဖွယ်ကောင်းသည့် ရနံ့ အစား မနှစ်မြို့ဖွယ်သော အနံ့များကိုသာ ထုတ်လွှတ်လေသည်။ ထိုသို့ အနံ့ဆိုးများကို ထုတ်လွှတ်သဖြင့် ငှက်နှင့် အခြားရန်ပြုနိုင်သော တိရစ္ဆာန်များက လိပ်ပြာ အမများကို မစားလိုကြဟု ယူဆကြသည်။

ဇီဝစက်ဝန်းလည်ပတ်ပုံ[ပြင်ဆင်ရန်]

ဖလံဥ

လိပ်ပြာ နှင့် ပိုးဖလံသည် ဇီဝစက်ဝန်းလည်ရာ၌ အတူတူပင်ဖြစ်သည်။ လိပ်ပြာ နှင့် ပိုးဖလံများဖြစ်မလာမီ ဘဝအဆင့် (၄) ဆင့်ကိုဖြတ်ကျော်လာကြရသည်။ ထိုအဆင့်များမှာ -

  1. ဥ ဘဝ
  2. ပိုးလောင်း ဘဝ
  3. ပိုးတုံးလုံး ဘဝ
  4. အရွယ်ရောက်ပြီး လိပ်ပြာ (သို့) ပိုးဖလံ ဘဝ

တို့ဖြစ်သည်။

လိပ်ပြာသည် တစ်ကောင်ချင်းဖြစ်စေ၊ အုပ်ဖွဲ့၍ဖြစ်စေ ဥများကို အုလေ့ရှိ၏။ အုသောအခါ ဥမှ ပေါက်ဖွားလာမည့် အကောင်ငယ်ကလေများ စားသောက်မည့် အပင်တွင်ဖြစ်စေ၊ သို့မဟုတ် ထိုအပင်၏ အနီးအနားတွင် ဖြစ်စေ အုလေ့ရှိသည်။ ဥအမြောက်အမြားမှ အနည်းငယ်မျှသော ဥများကသာ ပေါက်ဖွားကြလေသည်။ ထိုသို့ဖြစ်ရသည်မှာ လိပ်ပြာ၏ ရန်သူ ပိုးကောင်ငယ်ကလေးများကြောင့်ဖြစ်သည်။ ထိုရန်သူပိုးကောင်ငယ်ကလေများ က လိပ်ပြာ၏ ဥများကိုရှာပြီးလျှင် ထိုဥများအတွင်း၌ ယင်းတို့က တစ်ဖန် ဥများကို အုကြပြန်သည်။ ထိုဥကလေးများမှ အကောင်ငယ်ကလေးများ ပေါက်လာကြသောအခါတွင် လိပ်ပြာဥများကို စားသောက်ပစ်ကြသည်။ ပုရွက်ဆိတ်အချို့နှင့် ပင့်ကူများကလည်း လိပ်ပြာဥများကို စားသောက်ကြကုန်သည်။ လိပ်ပြာသည်ယင်း၏ ဥများအား အနှောင့်အယှက်များမှကင်းလွတ်ကြစေရန် ဥ အုသည့် နည်းလမ်းအမျိုးမျိုးကို တီထွင်ကြံဆကြလေသည်။ အချို့ကလည်း နေရာအမျိုးမျိုးတွင် အုကြလေသည်။

လိပ်ပြာဥများသည် အရွယ်ပုံသဏ္ဌာန်နှင့်အရောင်များတွင်ကွဲလွဲကြသည်။ လိပ်ပြာအချို့၏ဥများသည် ရက်အနည်းငယ်သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်အတွင်း၌ပေါက်ကြ၍ အချို့လိပ်ပြာများ၏ဥများကမူ လပိုင်း အထိကြာတတ်သည်။ ရာသီဥတုအေးသောဒေသများရှိ လိပ်ပြာများ၏ ဆောင်းကူးရာသီ၌ အုသောဥများသည် နွေကူးရာသီမတိုင်မီ ဥများမှ ပေါက် လေ့မရှိကြချေ။

လိပ်ပြာဥမှ ပေါက်လာသော ပေါက်ဖတ်၊ သို့မဟုတ် အကောင် လောင်းသည် လိပ်ပြာမိဘများနှင့်လုံးဝမတူချေ။ အချို့ပေါက်ဖတ်တွင် အမွေး အမှင်လုံးဝမရှိဘဲ စင်းလုံးချောအရေပြားသာရှိ၍ အချို့တွင်မူ အမွေးထူများ ရှိကြလေသည်။

လိပ်ပြာ ဘဝသံသရာလည်ပုံ

လိပ်ပြာမသည် မိတ်လိုက်ပြီးမကြာမီအတွင်း၌ ဥများကို အုလေသည်။ ဥမှ ပေါက်စ ပေါက်ဖတ်သည်သေးငယ်သော်လည်း လွန်စွာဆာလောင် မွတ်သိပ်သဖြင့် လောဘတကြီးအစာစားပြီးလျှင် အလွန်လျင်မြန်စွာကြီးထွား လာလေသည်။ မကြာမီအတွင်း၌ ယင်း၏အရေပြားသည်ခန္ဓာကိုယ်၏ ကြီး ထွားလာမှုဒဏ်ကို မခံနိုင်အောင်ဖြစ်လာသဖြင့် ပေါက်ပြဲသွားလေသည်။ ရုန်းကန် ရှိသော အရေပြားအသစ်ရှိသည့်ပေါက်ဖတ်သည် ယင်း၏အရေပြား ဟောင်းမှထွက်လာပြီးလျှင် တစ်ဖန်အစာများကိုစား၍ ကြီးထွားလာပြန်သည်။ ထိုသို့ အရေပြားခွာချခြင်းကို အရေလဲခြင်းဟုခေါ်သည်။ ပေါက်ဖတ်သည် အရွယ်ရောက်မလာမီ လေးငါးကြိမ် အရေပြားမျာကိုလဲရလေသည်။ ထို့ နောက်တွင် ပိုးတုံးလုံးအဖြစ်ဖြင့် ငြိမ်သက်စွာနေထိုင်ရန်အဆင်သင့် ဖြစ်လာ တော့သည်။

နောက်ဆုံးအကြိမ် အရေခွံလဲပြီးသော ပေါက်ဖတ် ဘဝ၌ ထူးခြားသော ပုံသဏ္ဌာန်ရှိသည့် အရေပြားအမာတစ်ခုရှိလာသည်။ ထိုအချိန်တွင် မျက်စိသော်လည်းကောင်း၊ အာရုံမှင်သော်လည်းကောင်း၊ ပါးစပ်သော်လည်းကောင်း၊ အတောင်များသော်လည်းကောင်း၊ ခြေထောက်များသော်လည်းကောင်း မရှိသေးချေ။ လှုပ်လည်းမလှုပ်ရှားနိုင်ကြချေ။ ထိုအချိန်၌ ပြောင်းလဲမှုများဖြစ်ပေါ်လာကြသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် အရည်အဖြစ်သို့ ပြောင်းလဲသွားပြီးလျှင် ထိုအရည်မှ အတောင်များ၊ ခြေထောက်များနှင့် အရွယ်ရောက်ချိန်တွင်ရှိမည့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများပါ တဖြည်းဖြည်း ဖြစ်ပေါ်လာကြသည်။ လိပ်ပြာ အကောင်လောင်းအမြောက်အမြားသည် ပိုးတုံးလုံးဘဝတွင်နေထိုင်ရန် ပိုးအိမ်များကိုမပြုလုပ်ဘဲ ပိုးမျှင်များဖြင့် သစ်ခက်၊ သို့မဟုတ် သစ်ရွက်ရှိအဖုကလေးတွင် တွယ်ကပ်၍နေထိုင်ကြလေသည်။ လိပ်ပြာ ပိုးတုံးလုံးမျိုးအများစု၏ အရေပြားအရောင်များသည် မွဲခြောက်ခြောက်ဖြစ်ကြသဖြင့် ယင်းတို့ကိုမြင်နိုင်ရန်မှာ မလွယ်ကူလှချေ။ လိပ်ပြာ ပိုးတုံးလုံးသည် လိပ်ပြာမျိုးစိတ်နှင့် အချိန်ကာလကိုလိုက်ကာ ပိုးတုံးလုံးဘဝတွင် ရက်သတ္တပတ်အနည်းငယ်ခန့်မှ လအတော်ကြာသည်အထိ နေတတ်၏။ အရွယ်ရောက်လာသောအခါတွင် အရေပြားအမာသည် အလင်းပေါက်ဖြစ်လာပြီးလျှင် အတွင်းဘက်ရှိ တွန့်ခေါက်လျှက်ရှိသော အတောင်၏ ပုံသဏ္ဌာန်ကိုပင်မြင်နိုင်လေသည်။ နောက်ဆုံးတွင် ပေါက်ဖတ်၏အရေပြားများပေါက်ပြဲ၍ သွားကြသကဲ့သို့ ပိုးတုံးလုံး၏အရေပြားသည်လည်း ပေါက်ပြဲ၍သွားပြီးလျှင် အရွယ် ရောက်ပြီးဖြစ်သောလိပ်ပြာသည် အားနည်းပြီးလျှင် ရေငွေ့များဖြင့် စိုစွတ်ကာ ပြူထွက်လာပြီးနောက် လေထဲသို့ထွက်လာတော့သည်။ ထိုသို့ထွက်လာသော လိပ်ပြာ၏ဝမ်းဗိုက်သည် ကြီးမား၍ အတောင်များမှာလည်း စိုထိုင်းပြီးလျှင် တွန့်ခေါက်နေကြလေသည်။ ထိုလိပ်ပြာသည် သစ်ခက် တစ်ခုသို့ ဖြစ်စေ၊ အခြားနားစရာ တစ်ခုခုသို့ဖြစ်စေ တွားသွားပြီးလျှင် ခေါင်းကိုငိုက်စိုက်ချကာ အတောင်များကို လျင်မြန်စွာ ခါချလေသည်။ ထိုအခါ အတောင်များသည် တဖြည်းဖြည်း သေးသေးသွယ်သွယ်ဖြစ်သွားလေသည်။ အချို့လိပ်ပြာမျိုး၏ ခန္ဓာကိုယ်မှ ထွက်လာသောအရည်သည် အနီရောင်ရှိလေသည်။ ထိုလိပ်ပြာ မျိုးတစ်နေရာတည်းနှင့် တစ်ချိန်းတည်းတွင်အမြောက်အမြား လိပ်ပြာအဖြစ် သို့ ကူးပြောင်းသောအခါတွင် မြက်နှင့် ကျောက်တုံးများတွင် တောက်ပသော အစက်အမြောက်အမြား ကျန်ရှိနေတတ်သည်။ ဥရောပတိုက်တွင် ထိုသို့ဖြစ်သည်မှာ ကြိမ်ဖန်များစွာဖြစ်သည်။ ထိုဒေသများတွင် အနီစက်ကလေးများကို သွေးမိုးဟု ခေါ်ကြပြီးလျှင် အယူသည်းသူများအား ကြောက်ရွံ့ထိတ်လန့်စေသည်။

အပူပိုင်းဒေသရှိ လိပ်ပြာ နှင့် ပိုးဖလံအမြောက်အမြားတွင် တောက်ပသော အတောင်များရှိကြပြီးလျှင် အရွယ်အစားလည်းကြီးမားကြသည်။ အချို့သည် အတောင်စွန်းတစ်ခုမှတစ်ခုသို့ ၁ဝ လက်မ မှ ၁ဝ လက်မကျော်ကျော်အထိ ရှိကြလေသည်။

မဲဒရိုး အတ်ခ်ခေါ် လိပ်ပြာ

အချို့လိပ်ပြာ၏ ပုံသဏ္ဌာန်နှင့်အရောင်များသည် ယင်းတို့ ကျက်စားရာဒေသရှိ အပင်များ၏ အစိတ်အပိုင်းများနှင့် လွန်စွာတူကြသည်။ ထိုသို့ ဖြစ်ခြင်းကြောင့် ရန်သူများ၏ဘေးမှ လွတ်ကင်းနိုင်ကြလေသည်။ ပိုးဖလံ၏ ပေါက်ဖတ်များအနက် လူသိများသော ပိုးဖလံမှာ ပိုးမျှင်များကို ဖြစ်ပေါ်စေသောပိုးကောင်သည်။ ထိုကြောင့် ထိုပိုးကောင်မျိုး သည် လူတို့အဖို့အသုံးဝင်လေသည်။ အချို့ပိုးဖလံများ၏ ပေါက်ဖတ်များကမူ သားမွေးများ၊ သိုးမွေးထည်များနှင့် သိုးမွေးချည်မျှင်များကို ဖျက်ဆီးတတ်ကြ သည်။ အကောင်လောင်း အမြောက်အမြားကမူ သီးနှံပင်များကို ဖျက်ဆီးလေ့ရှိကြသဖြင့် နှစ်စဉ်များစွားဆုံးရှုံးကြရလေသည်။

လိပ်ပြာမသည် လုံးဝမကိုက်နိုင်ချေ။ အနှောင့်အယှက်လည်း မပေးတတ်ချေ။ သိမ်မွေ့ပုံလည်းရသည်။ သို့သော်လိပ်ပြာမျိုး အမြောက်အမြား၏ လိပ်ပြာ အဖိုများကမူ မနာလိုကြသသည့်အပြင် တိုက်လည်းတိုက်ခိုက်လိုကြသည်။ ပိုးကောင်များ၊ ငှက်များနှင့် တိရစ္ဆာန်ကြီးများကိုပင် သူတို့ ၏နယ်ပယ်ဟု သူတို့ကသတ်မှတ်ထားသောနေရာများသို့ ဝင်ရောက်လာကြလျှင် ပြင်းထန်စွာ တိုက်ခိုက်တတ်ကြလေသည်။ သို့သော် လိပ်ပြာဖိုချင်း တိုက်ခိုက်ကြသည်ကပို၍များသည်။ ကမ္ဘာအနှံ့အပြားတွင် လိပ်ပြာများကို တွေ့နိုင်၍ လိပ်ပြာမျိုးစိတ်ပေါင်း ၂ဝဝဝဝ ခန့်ရှိသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြလေသည်။ [၁]

အလေ့အထ[ပြင်ဆင်ရန်]

လိပ်ပြာများသည် အခြေခံအားဖြင့် ပန်းတို့၏ ဝတ်ရည်ကို စားသုံးသည်။ အချို့မှာ ပန်းဝတ်မှုန်၊ ပုပ်သိုးနေသောအသီး၊ ဆွေးမြေ့သော အသားတို့မှ အာဟာရကို စုတ်ယူစားသောက်ပြန်သည်။ ထို့ပြင် ၎င်းတို့သည် အကွာအဝေး အတော်အတန်ထိ ပန်းဝတ်မှုန်များအား သယ်ဆောင်နိုင်စွမ်းလည်း ရှိပေသည်။ မရှိပေ။

မိမိကိုယ်ကို ကာကွယ်မှု[ပြင်ဆင်ရန်]

လိပ်ပြာများသည် ၎င်းတို့၏ အစောပိုင်းဖြစ်တည်မှုတွင် ကပ်ပါးကောင်များ၏ အန္တရာယ်ပြုခြင်းကို ခံရပြီး ဘ၀သက်တမ်းတလျှောက်လုံးတွင်မူ အသားစားသတ္တဝါများ၏ အန္တရာယ် ရှိနေပြန်သည်။ သို့ရာတွင် ၎င်းတို့၏ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံအရ ကိုယ့်ကိုကိုယ်ကာကွယ်ရန် နည်းလမ်းမျိုးစုံကို ပိုင်ဆိုင်ထားပေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)