လမ်းလယ်ကျစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
| လမ်းလယ်ကျစ်ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု | |
|---|---|
| ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း၊ ပြည်သူ့ခုခံတော်လှန်စစ် နှင့် သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ ၏ တစ်စိတ်တစ်ပိုင်း | |
မန္တလေးတိုင်းဒေသကြီးအတွင်း လမ်းလယ်ကျစ်ကျေးရွာ တည်နေရာ | |
| နေရာ | လမ်းလယ်ကျစ်ကျေးရွာ၊ သပိတ်ကျင်းမြို့နယ် |
| ကိုဩဒိနိတ် | 22°50′32″N 96°00′55″E / 22.8421°N 96.0154°Eကိုဩဒိနိတ်: 22°50′32″N 96°00′55″E / 22.8421°N 96.0154°E |
| ရက်စွဲ | ၈ ဩဂုတ် ၂၀၂၅ နံနက် ၈:၀၀ နာရီ – ၈:၃၀ နာရီ |
| ပစ်မှတ် | နာရေးရက်လည်အခမ်းအနား ပြုလုပ်နေသည့် အရပ်သားပြည်သူများ |
| တိုက်ခိုက်မှု အမျိုးအစား | ဒရုန်းဖြင့် တိုက်ခိုက်ခြင်း နှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း |
| လက်နက်များ | အသေခံဒရုန်း ဗုံးသီး၊ ပေါင် ၅၀၀ ဗုံး (၁) လုံး |
| သေဆုံးသူဦးရေ | ၁၁ ဦး |
ဒဏ်ရာရဦးရေ | ၄၀ ဦးခန့် |
| ပြစ်မှုကျူးလွန်သူများ | |
| |
လမ်းလယ်ကျစ်ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကျေးရွာအတွင်း နေအိမ်တစ်အိမ်၌ တော်လှန်ရေးရဲဘော်တစ်ဦး၏ နာရေးရက်လည်အခမ်းအနား ပြုလုပ်နေစဉ် တပ်မတော်(ကြည်း) နှင့် တပ်မတော်(လေ)တို့က အသေခံဒရုန်းနှင့် ဂျက်တိုက်လေယာဉ်များအသုံးပြု၍ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး ၄၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။[၁]
နောက်ခံကြောင်း
[ပြင်ဆင်ရန်]ဖြစ်စဉ်ဖြစ်ပွားသည့် ကာလအတွင်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခုနစ်မိုင်ချမ်းသာ၊ ခြောက်မိုင်စခန်းသာနှင့် လေးမိုင်ကံသာ ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး တပ်ဆိုင်ထားသည့် အခြေအနေဖြစ်သည်။ လမ်းလယ်ကျစ်ကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ခုနစ်မိုင်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။[၂]
ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ လေးမိုင်ကျေးရွာတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရွာခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ နာရေးရက်လည်ဆွမ်းကျွေးပွဲကို လမ်းလယ်ကျစ်ကျေးရွာရှိ နေအိမ်တစ်အိမ်၌ ပြုလုပ်နေခဲ့သည်။ နာရေးဧည့်ခံကျွေးမွေးချိန် လူစည်ကားနေစဉ်အတွင်း စစ်ကောင်စီတပ်က အသေခံဒရုန်း (Kamikaze Drone) တစ်စီးဖြင့် လူအုပ်တည့်တည့်အတွင်းသို့ ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။အဆိုပါ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် လူအုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံ အရပ်သား ၁၀ ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ထို့ပြင် အဆိုပါ ဒရုန်းတိုက်ခိုက်မှုအပြီး နံနက် ၈ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာတိုက်လေယာဉ် တစ်စီးက ပေါင် ၅၀၀ ပြင်းအားရှိ ဗုံးတစ်လုံးဖြင့် ကျေးရွာအတွင်းသို့ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့သည်။[၃]
နောက်ဆက်တွဲနှင့် ထိခိုက်မှုအခြေအနေ
[ပြင်ဆင်ရန်]ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စုစုပေါင်း လူ ၄၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာပြင်းထန်သူများထဲမှ တစ်ဦးမှာ နောက်တစ်နေ့ဖြစ်သော ဩဂုတ်လ ၉ ရက်နေ့တွင် ထပ်မံသေဆုံးသွားခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၁ ဦးအထိ ရှိလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်နှင့် မြေပြင်ဒေသခံများက အတည်ပြုခဲ့သည်။ တိုက်ပွဲပြင်းထန်နေခြင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် သေဆုံးသူများ၏ အမည်၊ အသက်နှင့် ဒဏ်ရာရသူများ၏ အသေးစိတ်အချက်အလက်များကို ချက်ချင်းသိရှိနိုင်ရန် ကြန့်ကြာမှုများ ရှိခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မိုးဦး (2025-08-09)။ သပိတ်ကျင်းမြို့နယ် နာရေးအိမ်ကို စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက် ၁၁ ဦးသေဆုံး (in en-US)။ 2026-05-30 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ သပိတ်ကျင်းစစ်ရှောင် ထောင်ချီအတွက် စားနပ်ရိက္ခာနှင့် အခြေခံဆေးဝါး အကူအညီ လိုအပ်နေ (in en)။ 2026-05-30 တွင် ပြန်စစ်ပြီး။
- ↑ Agency၊ Yangon Khit Thit News (2025-08-10)။ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာ နာရေးအခမ်းအနားကို စစ်တပ်က အသေခံဒရုန်း၊ ဂျက်ဖိုက်တာတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ခန့် ထိခိုက်ဒဏ်ရာရ (in en-US)။ 7 September 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-30 တွင် ပြန်စစ်ပြီး။
- ↑ ဩဂုတ် ၁၀ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - သပိတ်ကျင်းက PDF နာရေးအိမ်ကို စစ်တပ်ဗုံးကြဲမှု ၁၁ ဦး သေဆုံး (in my) (2025-08-10)။ 2026-05-30 တွင် ပြန်စစ်ပြီး။