လမုပင်
| Red mangrove | |
|---|---|
| 1796 Plate by Johannes Zorn | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Rosids |
| မျိုးစဉ်: | Malpighiales |
| မျိုးရင်း: | Rhizophoraceae |
| မျိုးစု: | Rhizophora |
| မျိုးစိတ်: | R. mangle |
| ဒွိနာမ | |
| Rhizophora mangle | |
လမုပင်သည် ရိုင်ဇိုဖော်ရေးစီအီး (Rhizophoraceae) မျိုးရင်းတွင် ရိုင်ဇိုဖောရ (Rhizophora) မျိုးစု၌ ပါဝင်၍ ယင်း၏ရုက္ခဗေဒ အမည်မှာ ရိုင်ဇိုဖောရမင်းဂဲ (Rhizophora mangle) ဖြစ်သည်။ လမုပင် သည် အမြင့် ပေ ၂ဝ မှ ၂၅ ပေအထိ ရှိ၍ အသားမှာ ကျစ်၍ လေးသည်။ အခေါက်ကို သားရေနယ် လုပ်ငန်းတွင် အသုံးပြုသည်။ လမုသီး၏ အရသာမှာ ချဉ်၍ လူများ တစ်ခါတစ်ရံ စားသောက်ကြသည်။ လမုပင်များ ပေါက် လေ့ရှိသော အရပ်များမှာ အပူပိုင်းဒေသရှိ ပင်လယ်ကမ်းစပ်များပင် ဖြစ်သည်။ ယင်းအပင်များသည် ဆားငန်ရေကို နှစ်သက်ရကား ဆားငန်ရေရှိသောအရပ်များတွင် ထူထပ်စွာ ပေါက်ရောက်ကြသည်။ ထိုသို့ ထူထပ်စွာ ပေါက်ရောက်ကြခြင်းကြောင့် ပင်လယ်ကမ်းတစ်လျှောက်သို့ လူများ ဖြတ်သန်း သွားလာရန် အလွန်ခဲယဉ်းပေသည်။ ယင်းသို့ ဖြတ်သန်း မသွားနိုင်လောက်အောင် ထူထပ်ခြင်းမှာ ယင်းတို့၏ အမြစ်များကြောင့်သာ ဖြစ်သည်။ အမြစ်များသည် အကိုင်းမှလည်း ထွက်၍ ပေါက်ကြသည့်ပြင် ပင်စည်မှလည်း ထွက်၍ ပေါက်ကြသည်။ အမြစ်များသည် တစ်ခုနှင့်တစ်ခု ရှုပ်ထွေးစွာ လိမ်ပတ်လျက် ရှိပြီးလျှင် ရွှံ့နွံများဖြင့် ရောနှော ပိတ်ဆို့နေကြသည်။ အမြစ်များသည် တဖြည်းဖြည်း တိုးပွာလာပြီး နောက်ဆုံးတွင် မြေကွက်လပ် ဧကပေါင်း မြောက်မြားစွာကို ဖုံးလွှမ်းအုပ်ဆိုင်းသွားလေသည်။ ပုံစံအားဖြင့် မလ္လာယုကျွန်းဆွယ်နှင့် ဖလော်ရီဒါပြည်နယ်တို့တွင် ပေါက်ရောက်သော လမုပင်များကို ကြည့်က ဖြတ်သန်းသွားလာရန် မည်မျှခက်ခဲသည်ကို တွေ့ရပေမည်။
လမုပင်များ၏ ထူးခြားချက်တစ်ရပ်မှာ လေရှူမြစ်များ ရှိခြင်းပင် ဖြစ်သည်။ ထိုလေရှူမြစ်များသည် ရေအောက်သို့ တိုးဝှေ့ ဝင်ရောက်ပြီး တစ်ဖန် ရေပေါ်သို့ ပေါ်၍လာကြသည်။ လမုပင်များ၏ ဘေးပတ်လည်တွင် ရေအောက်မှ ထွက်ပေါ်လာကြသော ငုံးတိတိ လေရှူမြစ်များ ပြည့်နှက်နေသည်ကို တွေ့ရှိကြရသည်။ ယင်းလေရှူမြစ်များကြောင့်သာ လမုပင်မှာ အသက် ရှင်နေနိုင်ခြင်း ဖြစ်သည်။ အကြောင်းကား လေထဲတွင် ပါဝင်သော အောက်စီဂျင်ဓာတ်ငွေ့ကို ထိုလေရှူမြစ်များက ရှူရိုက်၍ သစ်ပင်တစ်ပင်လုံးရှိ အစိတ်အပိုင်းများသို့ ဖြန့်ဖြူးပေးလေသည်။
လမုပင်များ မျိုးပြန့်ပွားပုံမှာလည်း အံ့ဩဖွယ်တစ်ရပ် ဖြစ်လေသည်။ လမုပင်၏ အစေ့များသည် အပင်ပေါ်၌ အပင် အညှောက် ပေါက်ကြ၍ ထိုအညှောက်များမှာ တဖြည်းဖြည်း ရှည်လာပြီးလျှင် အမြစ်ဖြစ်လာသည်။ အမြစ်များ သုံးပေမှ လေးပေခန့် ရှည်သည့်အခါမှသာ အပင်အောက်သို့ ကြွေကျ သည်။ ကြွေကျပြီးသည်နှင့် တစ်ပြိုင်နက် အမြစ်များသည် ရွှံ့နွံထဲတွင် စွဲမြဲပြီး အပင်ပေါက်ကလေးများ ဖြစ်လာကြသည်။ လမုပင်၏ အမြစ်များသည် ပင်စည်လုံးပတ်မှလည်းကောင်း၊ အကိုင်း များမှလည်းကောင်း ထွက်ကြပြီးလျှင် အပင်အောက်သို့ တွဲလွဲဆွဲ၍ အမြစ်တွယ်ကြခြင်းကြောင့် ရုတ်တရက်ကြည့်လျှင် သစ်ပင်ကို ထောက်များဖြင့် ထောက်ထားသည်ဟု ထင်ရလေသည်။
မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းစပ် ဒေသမျိုးနှင့် မြစ်ဝကျွန်းပေါ်သို့ ဒေသမျိုးများ၌ လမုပင်များနှင့် ကနစိုပင်များ ထူထပ်စွာ ပေါက်ရောက်ကြသည်။ ကနစိုတောကို ကုန်းပိုင်း၌ တွေ့ရ၍ လမုတောများကို ပင်လယ်ကမ်းစပ်တစ်လျှောက်၌ တွေ့ရသည်။ ရေတက်သောအခါ လမုမြစ်များကို ရေဖုံးနေသော်လည်း ရေကျချိန်၌ ပေါ်နေတတ်ကြသည်။[၂]
ရုပ်ပုံများ
[ပြင်ဆင်ရန်]- A free-standing red mangrove tree growing in shallow water in the backcountry of the Cape Sable area of Everglades National Park.
- Propagules growing before dropping from the parent plant in the Puerto Mosquito Bio Bay, Vieques.
- A red mangrove forest in Fajardo, Puerto Rico.
- Root structure above and below water.
- An ecotourist on a kayak tunnel through red mangrove trees and roots at Lido Key.
- Rhizophora mangle - Museum specimen - wood
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Rhizophora mangle" (2015). IUCN Red List of Threatened Species 2015. IUCN. doi:.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)