လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်[ပြင်ဆင်ရန်]

ကမ္ဘာလုံးမြေပုံကိုကြည့်လျှင် အီကွေတာမှ မြောက်နှင့် တောင်ဘက်များသို့ မျဉ်းပြိုင်များဆွဲထားသည်ကို တွေ့ရပေလိမ့်မည်။ အဆိုပါ မျဉ်းပြိုင်များသည် အမှန်ရှိသော မျဉ်းပြိုင်များ ကား မဟုတ်ချေ။ ကမ္ဘာပေါ်တွင် တစ်နေရာနှင့် တစ်နေရာ၏ အကွာအဝေး ကို တိုင်းတာနိုင်ရန် ပထဝီဝင်ဆရာများက စုပေါင်း၍အကြံထုတ်ကာ ရေးဆွဲ ထားခြင်းမျှသာဖြစ်သည်။ ထိုမျဉ်းပြိုင်များကို လတ္တီတွဒ်များဟုခေါ်သည်။ လတ္တီတွဒ်မျဉ်းတစ်ကြောင်းနှင့်တစ်ကြောင်းကို များသောအားဖြင့် ၁ဝ. (၁ဝ ဒီဂရီ) စီခြား၍ ဆွဲထားကြသည်။ အီကွေတာ၏မြောက်ဘက်ရှိ လတ္တီတွဒ်များကို မြောက်လတ္တီတွဒ်များဟုခေါ်၍ အီကွေတာ၏ တောင်ဘက် ရှိ လတ္တီတွဒ်များကို တောင်လတ္တီတွဒ်ဟုခေါ်သည်။ ကမ္ဘာကြီးသာ တိကျစွာ လုံးဝန်းလျက်ရှိလျှင် ဒီဂရီတိုင်းသည် ကမ္ဘာပေါ်တွင် အကွာအဝေးချင်း အတူတူ ဖြစ်ရပေမည်။ သို့သော် ကမ္ဘာကြီးသည် မြောက်နှင့်တောင် ဝင်းရိုး စွန်းနေရာများတွင် ပြားလျက်ရှိသဖြင့် ဝင်ရိုးဒေသများနှင့် အီကွေတာအနီးရှိ ဒေသများတွင် တစ်ဒီဂရီ၏ အကွာအဝေးသည် အနည်းငယ်ကွာခြားလေ သည်။ အီကွေတာမှ မြောက်ဝင်ရိုးစွန်းအထိကိုလည်းကောင်း၊ တောင်ဝင်ရိုး စွန်းအထိကိုလည်းကောင်း ၉ဝ. စီခွဲခြားထားသည်။ အကွာအဝေးကိုတွက်ရာ တွင် အီကွေတာမှစ၍တွက်သဖြင့် အီကွေတာကို ဝ.(သုညဒီဂရီ) ဟု မှတ် သားထားကြသည်။ ကမ္ဘာပေါ်တွင် အရှေ့နှင့်အနောက်ကိုလည်း တိုင်းတာရန်လိုသေး သည်။ ထို့ကြောင့် ပထဝီဝင်ဆရာများက ကြံစည်ကြရာ ဗြိတိန်နိုင်ငံ၊ လန် ဒန်မြို့အနီးတွင် ၁၆၇၅ ခုနှစ်မှ စတင်၍ တည်ထောင်ခဲ့သော ဗြိတိသျှ တော်ဝင်နက္ခတ်မျှော်စင်ထားရှိရာ ဂရင်းနစ်အရပ်ကို ဖြတ်၍ဆွဲထားသော မွန်းတည့်မျဉ်းမှ အစပြုကြရန် သဘောတူခဲ့ကြသည်။ ထို့ကြောင့် လတ္တီတွဒ် တိုင်းတာရာတွင် အီကွေတာကို သုညဒီဂရီဟု သတ်မှတ်ခဲ့ကြသကဲ့သို့ ဂရင်းနစ် လောင်ဂျီတွဒ်ကိုလည်း သုညဒီဂရီအဖြစ် သတ်မှတ်ကြရန် သဘော တူကြသည်။ ဂရင်းနစ် မွန်းတည့်မျဉ်း၏ အရှေ့ဘက်ရှိ လောင်ဂျီတွဒ်များကို အရှေ့လောင်ဂျီတွဒ်များဟုခေါ်၍ အနောက်ဖက်ရှိ လောင်ဂျီတွဒ်များကို အနောက်လောင်ဂျီတွဒ်များဟုခေါ်ရန် သတ်မှတ်ကြသည်။ ထိုလောင်ဂျီတွဒ် များကို မြောက်နှင့်တောင် ဝင်ရိုးစွန်းများအား ဖြတ်၍ဆွဲထားကြသဖြင့် အီကွေတာဒေသရှိ လောင်ဂျီတွဒ် တစ်ခုနှင့်တစ်ခု၏ အကွာအဝေးသည် ကျယ်ဝန်း၍ မြောက်နှင့်တောင်ဘက်များရှိ နေရာများသည် ဝင်ရိုးစွန်းများနှင့် နီးကပ်သွားလေလေ တစ်ခုနှင့်တစ်ခုပို၍ နီးကပ်သွားလေလေဖြစ်သည်။ လောင်ဂျီတွဒ် တစ်ခုနှစ်တစ်ခု၏ အကွာအဝေးကို တစ်ဒီဂရီစီ ခြားထားသဖြင့် ရင်းနစ် မွန်းတည့်မျဉ်း၏ အရှေ့ဖက်တွင် ကပ်လျက်ရှိသော လောင်ဂျီ တွဒ်သည် အရှေ့လောင်ဂျီတွဒ် တစ်ဒီဂရီဖြစ်၍ မွန်းတည့်မျဉ်း၏ အနောက် ဘက်တွင် ကပ်လျက်ရှိသော လောင်ဂျီတွဒ်သည် အနောက်လောင်ဂျီတွဒ် တစ်ဒီဂရီဖြစ်လေသည်။ ကမ္ဘာကြီးသည် ၂၄ နာရီတွင် တစ်ပတ်၊ သို့မဟုတ် ၃၆ဝ. ပတ် လျက်ရှိသဖြင့် တစ်နာရီတွင်(၃၆ဝ/၂၄) = ၁၅. ဖြတ်သန်းသွားလာလျက် ရှိလေသည်။ ကမ္ဘာပေါ်ရှိ လူတစ်ဦးကမူ နေက ဖြတ်သွားသည်ဟု ထင်မြင် ပေလိမ့်မည်။ ထိုကြောင့် ၁ နာရီသည် ၁၅. လောင်ဂျီတွဒ်နှင့် တူညီသည်ဟု ဆိုနိုင်ပေသည်။ တစ်ဖန် တစ်ဒီဂရီကို မိနစ် ၆ဝ(၆ဝ) အဖြစ်လည်းကောင်း၊ တစ်မိနစ်ကို စက္ကန့်၆ဝ(၆ဝ)အဖြစ်လည်းကောင်း ခွဲခြားထားကြပြန်သည်။ ထို မိနစ်နှင့် စက္ကန့်တို့မှာ အကွာအဝေးများသာဖြစ်ကြ၍ အချိန်များ မဟုတ်ကြ ချေ။ အချိန်တစ်မိနစ်နှင့် တစ်စက္ကန့်ကိုလည်း လောင်ဂျီတွဒ် မိနစ်နှင့် စက္ကန့်တို့နှင့် မည်သို့ဆက်သွယ်တူညီပုံကို ပြနိုင်ပေသည်။ ၂၄ နာရီအချိန်သည် ၃၆ဝ. လောင်ဂျီတွဒ်နှင့် တူညီသဖြင့်
တစ်နာရီအချိန်သည် = ၁၅. လောင်ဂျီတွဒ်
လေးမိနစ်သည် = ၁. ။
တစ်မိနစ်သည် = ၁၅. ။
တစ်စက္ကန့်သည် = ၁၅. ။ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)