လက္ခဏာတော်ကြီးငယ်

ဝီကီပီးဒီးယား မှ

မဟာပုရိသလက္ခဏာ[ပြင်ဆင်ရန်]

ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီးများဖြစ်ကြသော စကြာဝတေးမင်း၊ ဗုဒ္ဓဘုရားတို့၌ ခန္ဓာကိုယ် တစ်ခုလုံးရှိ အမှတ်အသား၊ အကြောင်းနိမိတ်၊ အစိတ်အပိုင်း အင်္ဂါတို့သည် အများတကာတို့နှင့်မတူ ထူးကဲသောလက္ခဏာ တော်များရှိလေသည်။ အထူးကဲဆုံးကား မြတ်စွာဘုရားရှင်၏ လက္ခဏာ တော်များဖြစ်လေသည်။

လက္ခဏာတော်ကြီးငယ်[ပြင်ဆင်ရန်]

လက္ခဏာတော်ကြီးငယ်ဟူသည် သုံး ဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သောလက္ခဏာတော်ငယ်၊ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာများဖြစ်သည်။ ယင်းလက္ခဏာတို့ကား စကြာ ဝတေးမင်း၊ ဗုဒ္ဓဘုရားတို့နှင့်သာ သက်ဆိုင်သော မဟာပုရိသလက္ခဏာတို့ ဖြစ်သည်။ ထိုလက္ခဏာတို့ကို မဟာပုရိသလက္ခဏာကျမ်းတို့၌ ကျွမ်းကျင် လိမ္မာသော ပညာရှိတို့သည် ဗုဒ္ဓဘုရားမပွင့်မီကပင် သိရှိနားလည်ကြသည်။ ထိုကြောင့် သုဒ္ဓေါဒနမင်းကြီးနှင့်မယ်တော်မာယာတို့မှ ဖွားမြင်သော သိဒ္ဓတ္ထ မင်းသားကို ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ပုဏ္ဏားတို့က ဟောပြောနိုင်ခြင်း ဖြစ်သည်။ လက္ခဏာခေါ်ဆိုရာ၌လည်း ခန္ဓာကိုယ်တစ်ခုလုံးရှိ အမှတ်အသား တို့ကိုလည်းကောင်း၊ အကြောင်းနိမိတ်တို့ကိုလည်းကောင်း၊ အစိတ်အပိုင်း အင်္ဂါတို့ကိုလည်းကောင်း ခေါ်ဆိုခြင်းဖြစ်သည်။ အကြောင်းကား ထိုအမှတ် အသား၊ အကြောင်းနိမိတ်၊ အစိတ်အပိုင်း အင်္ဂါတို့ကို မြင်သဖြင့် ဤသူ ကား စကြာဝတေးမင်းဖြစ်လိမ့်မည်။ ဗုဒ္ဓဘုရားဖြစ်လိမ့်မည်။ မင်းဖြစ်လိမ့် မည်။ အမတ်ဖြစ်လိမ့်မည်။ သူဌေးဖြစ်လိမ့်မည်။ သူကြွယ်ဖြစ်လိမ့်မည်။ သူဆင်းရဲဖြစ်လိမ့်မည်။ အသက်ရှည်လိမ့်မည်၊ တိုလိမ့်မည်။ ဘယ်အခါ သေဆုံးလိမ့်မည် စသည်ဖြင့် ကောင်းကျိုး၊ မကောင်းကျိုးတို့ကို သိရှိ နားလည်သောကြောင့်တည်း။ ထို့ပြင် ကြန်စုံသည်။ ကြန်၊ အင်္ဂါ၊ လက္ခဏာနှင့်ပြည့်စုံသည်။ ဆင်ကြန်၊ မြင်းကြန် စသော စကားတို့၌လည်း လက္ခဏာကိုပင် ကြန်ဟု ခေါ်ဆိုကြသေးသည်။ ယခုအခါ တွေ့မြင်နေရသော လက္ခဏာဆရာတို့သည် လူခန္ဓာ ကိုယ်တစ်ခုလုံးရှိ အမှတ်အသားလက္ခဏာတို့ကို ကြည့်ရှုစစ်ဆေး၍ ကောင်း ကျိုး၊ မကောင်းကျိုးကို ဟောပြောကြသည်မဟုတ်၊ လက်ဖဝါးနှစ်ဖက်ရှိ အမှတ်အသား လက္ခဏာတို့ကိုသာ ကြည့်ရှုစစ်ဆေး၍ ဟောပြောနေကြ သဖြင့် မပြည့်စုံ၊ သဘာဝမကျ။ အကြောင်းကား ဒီဃနိကာယ် ပါထိကဝဂ် လက္ခဏာသုတ် အစရှိသော ထိုထို ပါဠိအဋ္ဌကထာဋီကာ ဂဏ္ဌိနိဿယ ဂန္တရ လက္ခဏာခန်းပျို့၊ မဟာပုရိသ လက္ခဏာပျို့၊ စည့်ပါဆရာတော်ရေး သာမု ဒြိကပျို့၊ နဝဒေးရေး သာမုဒြိက မော်ကွန်းတို့မှာ မဟာပုရိသလက္ခဏာနှင့် တစ်ပါးသော မိန်းမ ယောက်ျားတို့ လက္ခဏာတို့ကို ပြဆိုရာ၌ လက်ဖဝါး နှစ်ဖက်ရှိ အမှတ်အသား လက္ခဏာတို့ကိုသာ ပြဆိုသည်မဟုတ်၊ ခန္ဓာကိုယ် တစ်ခုလုံးရှိ အမှတ်အသား လက္ခဏာတို့ကိုပါ ပြဆိုထားသောကြောင့်ဖြစ် သည်။ ထိုလက္ခဏာ ခေါ်ဆိုသော စကားမှာ သက်ရှိသက်မဲ့ အလုံးစုံနှင့် သက်ဆိုင်နေသော်လည်း ဤနေရာကား အလုံးစုံကို ပြဆိုရေးသားနေရန် မဟုတ်၊ မဟာပုရိသ လက္ခဏာကိုသာ ပြဆိုရေးသားရန်ဖြစ်သည်။

သုံးဆယ့် နှစ်ပါးသော လက္ခဏာတော်ကြီး[ပြင်ဆင်ရန်]

(၁) သုပ္ပတိဋ္ဌိတပါဒ- ရွှေခြေနင်းကဲ့သို့ ညီညွှတ်စွာ မြေ၌တည် သော ခြေဖဝါးရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူမဖြစ်စဉ်အခါ ကုသိုလ်ကောင်းမှုတို့ကို မတွန့်မဆုတ် မြဲမြံစွာဆောက်တည်၍ ပြုခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုး ကား သူတစ်ပါးတို့ မလှုပ်ချောက်ချားနိုင်၊ မဖျက်ဆီးနိုင်။
(၂) စက္ကေနင်္ကိတပါဒ- စကြာရတနာဖြင့် မှတ်သားအပ်သော ခြေဖဝါးရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ လူအများချမ်းသာအောင် ဆောင်ရွက်ခြင်း၊ အခြံအရံနှင့်တကွ ပေးလှူခြင်းတို့ကို ပြုဖူးသောကြောင့် ရရှိသည်။ အကျိုးကား အခြံအရံပေါများခြင်း။
(၃) အာယတပဏှီ- ရွှေကျင်ဖုကဲ့သို့ ရှည်၍လုံးသော ခြေ ဖနောင့်ရှိခြင်း။
(၄) ဒီဃင်္ဂုလိ- ရှည်သော လက်ချောင်းခြေချောင်းရှိခြင်း။
(၅) ဗြဟ္မုဇုဂတ္တ- ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိခြင်း။ ယင်းလက္ခဏာသုံးပါးကို ရှေးလူဖြစ်စဉ်အခါ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့် ရရှိသည်။
(၆) သတ္တုဿဒ- လက်ဖမိုးနှစ်ဖက်၊ ခြေဖမိုးနှစ်ဖက်၊ ပခုံးနှစ်ဖက်၊ လည်ကုပ်၊ ခုနစ်ပါးသောအရပ်တို့၌ (တစ်နည်း) ရင်၊ ည|ပ်ရိုး နှစ်ဖက်၊ ပခုံးနှစ်ဖက်၊ လက်နှစ်ဖက်၊ ခုနစ်ပါးသော အရပ်တို့၌ ပြည့်ဖြိုး သောအသားရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ မွန်မြတ်သော ဘောဇဉ် ခဲဖွယ်၊ လျက်ဖွယ်၊ သောက်ဖွယ်တို့ကို ပေးလှူခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုးကား မွန်မြတ်သော ဘောဇဉ်၊ ခဲဖွယ်၊ လျက်ဖွယ်၊ သောက်ဖွယ် တို့ကိုရရှိသည်။
(၇) မုဒု တလုန ဟတ္ထပါဒ- နူးညံ့သိမ်မွေ့သော လက်ဖဝါး၊ ခြေဖဝါးရှိခြင်း။
(၈) ဇာလဟတ္ထပါဒ- တိုရှည်မရှိ၊ ညီညွတ်သော လက်ချောင်း၊ ခြေချောင်းရှိခြင်း၊ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ

ဒါန- ပေးကမ်းစွန့်ကြဲခြင်း၊

ပိယဝါစာ- ချစ်ဖွယ်သောစကားကိုဆိုခြင်း၊

အတ္ထစရိယ- အကျိုးစီးပွားကိုကျင့်ခြင်း၊

သမာနတ္တတာ- ချမ်းသာ ဆင်းရဲကို မိမိနှင့်အတူထားခြင်း၊ သင်္ဂဟ- ဝတ္ထုလေးပါးတို့ဖြင့် လူ အပေါင်းကို ချီးမြှောက်ထောက်ပံ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား ကောင်းစွာချီးမြှောက် ထောက်ပံ့အပ်သော ပရိသတ်ရှိသည်။
(၉) ဥဿင်္ခပါဒ- ခြေဖမိုးအထက်၌တည်၍ မြင့်သော ဖမျက်ရှိခြင်း၊
(၁ဝ) ဥဒ္ဓဂ္ဂလောမ- လက်ယာရစ်လည်၍ အထက်သို့ အဖျား ကော့တက်သော မွေးညှင်းရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ အကျိုးစီးပွားရှိသော စကားကို ပြောဆိုခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုးကား ကြီးကျယ်မြင့် မြတ်သော အကျိုးကို ရရှိသည်။
(၁၁) ဧဏီဇင်္ဃ- ဧဏီ သားကောင်၏ မြင်းခေါင်းကဲ့သို့ ပြည့်ဖြိုးသော မြင်းခေါင်းရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ အတတ်ပညာကို ရိုသေစွာ သင်ကြားပေးခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား အသုံးအဆောင် ပရိဘောဂတို့ကို ရရှိသည်။
(၁၂) သုခုမစ္ဆဝိ- အညစ်အကြေးမရှိ၊ နူးညံ့သိမ်မွေ့သော အရေ ရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ ရဟန်း ပုဏ္ဏား ပညာရှိ တို့ထံ ဆည်းကပ်၍ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိ မရှိ စသည်တို့ကို မေးမြန်းခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုးကား ကြီးကျယ်မြင့်မြတ်သော ပညာရှိသည်။
(၁၃) သုဝဏ္ဏဝဏ္ဏ- သိင်္ဂီနိက္ခ ရွှေအဆင်းရဲ့သို့ အဆင်းရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ အမျက်ဒေါသနည်းပါးခြင်း၊ နူးညံ့သိမ်မွေ့သော အခင်းအရုံ စသည်တို့ကို ပေးလှူခဲ့ဖူးခြင်းကြောင့် ရရှိသည်။ အကျိုးကား နူးညံ့သိမ်မွေ့သော အခင်းအရုံ စသည်ကိုရရှိသည်၊
(၁၄) ကောသော ဟိတ ဝတ္ထ ဂုယှ- ဆဒ္ဒန်ဆင်မင်း၏ အင်္ဂါဇာတ်ကဲ့သို့ အအိမ်ဖြင့်ဖုံးလွှမ်းသော အင်္ဂါဇာတ်ရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ ကြာမြင့်စွာကွဲကွာနေသော အမျိုးအဆွေ ခင်ပွန်းတို့ကို တစ်ပေါင်းတည်းဖြစ်အောင် ပေါင်းစပ်ပေးခဲ့ဖူး သောကြောင့် ရရှိသည်။ အကျိုးကား သားကောင်းများစွာရရှိသည်။
(၁၅) နိဂြောဓပရိမဏ္ဍလ- ပညောင်ပင်၏ အဝန်းကဲ့သို့ အလံ နှင့် အရပ် ညီမျှလျက် ဝန်းသောကိုယ်ရှိခြင်း။
(၁၆) အနောနမ ဇဏ္ဏုပရိမသန- ရပ်လျက် မကိုင်းမညွတ်ဘဲ လက်ဖြင့် ပုဆစ်ဒူးကို သုံးသပ်နိုင်ခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ လူအပေါင်းကို ချီးမြှောက်ထောက်ပံ့ရာဝယ် ထိုက်တန်သည်၊ မထိုက်တန်သည်ကို ဆင်ခြင်၍ ထိုက်တန်သည့်အလျောက် ချီးမြှောက်ထောက်ပံ့ခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား ပစ္စည်းဥစ္စာနှင့် ပြည့်စုံသည်။
(၁၇) သီဟပုဗ္ဗဍ္ဎကာယ- ခြင်္သေ့မင်း၏ ရှေ့ထက်ဝက် ကိုယ် ကဲ့သို့ ပြည့်ဖြိုးသောကိုယ်ရှိခြင်း။
(၁၈) စိတန္တရံသ- ရေစီးကြောင်းမထင် တပြင်တည်းပြည့်ဖြိုး သော ကျောရှိခြင်း။
(၁၉) သမဝဓက္ခန္ဓ- မုရိုးစည်ကဲ့သို့ ညီညွတ်စွာလုံးသော ပခုံး လည်ပင်းရှိခြင်း။ ယင်းလက္ခဏာသုံးပါးကို ရှေးလူဖြစ်စဉ်အခါ လူအများ၏ အကျိုး စီးပွားကို အလိုရှိခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား စည်းစိမ်ဥစ္စာ သဒ္ဓါတရား စသည်တို့မှ ဆုတ်ယုတ်ခြင်းမရှိ။
(၂ဝ) ရသဂ္ဂသဂ္ဂီ- အရသာကို ဆောင်ယူနိုင်သောကောင်းသော အကြောရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ သတ္တဝါတို့ကို ခဲ တုတ် စသော လက်နက်ဖြင့် မည|ဉ်းဆဲခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား အနာရောဂါ နည်းပါးသည်။
(၂၁) အဘိနီလနေတ္တ- အလွန်ညို(ပြာ) သောမျက်လုံးရှိခြင်း။
(၂၂) ဂေါပခုမ- ဖွားသစ်စ နွားငယ်ကဲ့သို့ နုပျိုသော မျက် မွေးရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ လူအပေါင်းကို ချစ်ခင်မြတ်နိုးသော မျက်စိဖြင့် ကြည့်ရှုဖူးသောကြောင့်ရရှိသည်။ အကျိုး ကား လူအများတို့ ချစ်ခင်ကြင်နာသည်။
(၂၃) ဥဏှီ သီသ- နားနှစ်ဖက်အကြား၌ တက်ကြွသော အသားလွှာ သင်းကျစ်များဖြင့် ရစ်ပတ်သော ဦးခေါင်းရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ ကုသိုလ်ကောင်းမှုတို့၌ အကြီးအမှူး ရှေ့သွားပြုလုပ်ခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုးကား လူ အပေါင်းကို မိမိအလိုသို့ လိုက်စေနိုင်သည်။
(၂၄) ဧကေကလောမ- မွေးတွင်းတစ်ခုတစ်ခု၌ တစ်ချောင်း တစ်ချောင်းစီပေါက်သော မွေးည|င်းရှိခြင်း။
(၂၅) ဥဏ္ဏလောမ- မျက်ခုံးနှစ်ခုအလယ်၌ လက်ယာရစ် လည်လျက် အထက်သို့ အဖျားကော့တက်သော ဥဏ္ဏလုံ မွှေးရှင်ရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား လူအပေါင်းသည် မိမိအလိုသို့ အစဉ်လိုက်ရသည်။
(၂၆) စတ္တာလီသဒန္တ- အထက် အောက် နှစ်ဆယ်စီအားဖြင့် သွားလေးဆယ်ရှိခြင်း။
(၂၇) အဝိရဋ္ဌ ဒန္တ- မခေါ မကြဲ ညီညွတ်သော သွားရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ သူနှစ်ဦးကွဲပြားသွား အောင် ကုန်းတိုက်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား သူတစ်ပါးမဖျက်ဆီးနိုင်သော ပရိသတ်ရှိသည်။
(၂၈) ပဟုတဇိဝှ- ရှည်ပြန့်သော လျှာရှိခြင်း။
(၂၉) ဗြဟ္မဿရ- ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုးကား သူတစ်ပါးတို့ နာယူဖွယ်သော စကားရှိသည်။
(၃ဝ) သီဟ ဟနု- ခြင်္သေ့မင်း၏ မေးကဲ့သို့ တိဝန်းသော မေးရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ အကျိုးမရှိသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား ရန်သူတို့ မဖျက်ဆီးနိုင်။
(၃၁) သမဒန္တ- ခရုသင်း ပွတ်သစ်ကဲ့သို့ ဖြူစင် ညီညွတ်သော သွားတော်ရှိခြင်း။
(၃၂) သုသုက္ကဒါဌာ- ခရုသင်း ပွတ်သစ်ကဲ့သို့ ဖြူစင်သော စွယ်တော်လေးချောင်းရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ မှားယွင်းသော အသက်မွေးခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား စင်ကြယ်သော အခြံအရံရှိသည်။
ဤကား ရှေးအခါက ပြုလုပ်ခဲ့ဖူးသော ကောင်းမှုကံ၊ ယင်း ကောင်းမှုကံနှင့်တူစွာ ရရှိသော လက္ခဏာ၊ ယင်းလက္ခဏာ၏ အကျိုးတို့ဖြင့် စုံလင်စွာ ရေးသားအပ်သော ၃၂ ပါးသော လက္ခဏာတော်ကြီးတို့ဖြစ်သည်။

ရှစ်ဆယ်သော လက္ခဏာတော်ငယ်[ပြင်ဆင်ရန်]

(၁) စိတင်္ဂလိတာ- စေ့စပ်သော လက်ချောင်းခြေချောင်းရှိခြင်း။
(၂) အနုပုဗ္ဗင်္ဂုလိတာ- အဖျားငယ်၍ အစဉ်အတိုင်းဆွယ်သော လက်ချောင်း ခြေချောင်းရှိခြင်း။
(၃) ဝဓင်္ဂုလိတာ- လုံးသော လက်ချောင်း ခြေချောင်းရှိခြင်း၊
(၄) တမ္ဗနခတာ- နီသောလက်သည်း ခြေသည်းရှိခြင်း။
(၅) တင်္ဂု နခတာ- မြင့်ချွန်သော လက်သည်း ခြေသည်းရှိခြင်း။
(၆) သိနိဒ္ဓနခတာ- သိမ်မွေ့ပြေပြစ်သော လက်သည်း ခြေသည်းရှိခြင်း။
(၇) နိဂုဠှဂေါပ္ဖကတာ- မထင်ရှားသော ဖမျက်ရှိခြင်း။
(၈) သမ ပါဒတာ- ဆယ်ချောင်းလုံး ညီညွတ်သော ခြေ ချောင်းရှိခြင်း။
(၉) ရာဇ သမာနက္ကမတာ- မင်းနှင့်တူသော အသွားရှိခြင်း။
(၁ဝ) သီဟ သမာနက္ကမတာ- ခြင်္သေ့မင်းနှင့်တူသော အသွား ရှိခြင်း။
(၁၁) ဟံသ သမာနက္ကမတာ- ဟင်္သာမင်းနှင့်တူသော အသွားရှိ ခြင်း။
(၁၂) ဥသဘ သမာနက္ကမတာ- နွားမင်း ဥသဘနှင့်တူသော အသွားရှိခြင်း။
(၁၃) ဒက္ခိဏဝဓ ဂတိကာ- လက်ယာရစ်လည်သော အသွားရှိ ခြင်း။
(၁၄) သမန္တတော စာရုဇဏ္ဏုမဏ္ဍလတာ- ထက်ဝန်းကျင် တင့် တယ်သော ပုဆစ်ဒူးဝန်းရှိခြင်း။
(၁၅) ပရိပုဏ္ဏ ပုရိသ ဗျဉ္ဇနတာ- ပြည့်စုံသော ယောက်ျားမြတ် ၏ အင်္ဂါဇာတ်ရှိခြင်း။
(၁၆) အစ္ဆိဒ္ဒ နာဘိတာ- အရေးအကြောင်း မပေါက်ပြတ်သော ချက်ရှိခြင်း။
(၁၇) ဂမ္ဘီရ နာဘိတာ- တွင်းနက်သော ချက်ရှိခြင်း။
(၁၈) ဒက္ခိဏာဝဓ နာဘိတာ- အရေးအကြောင်း လက်ယာရစ် လည်သော ချက်ရှိခြင်း။
(၁၉) ဒွိရာဇကရ သဒိသ ဦရုဘုဇတာ- ပိုးနသန်ခွေနှင့်တူသော ပေါင်နှစ်ဖက် ထက်ဝယ်ဖွဲ့ခွေခြင်း။
(၂ဝ) သုဝိဘတ္တ ဂတ္တတာ- ကောင်းစွာ ဝေဖန်အပ်သော ကိုယ် ရှိခြင်း။
(၂၁) အနုပုဗ္ဗ ဂတ္တတာ- အစဉ်အတိုင်းတက်သောကိုယ်ရှိခြင်း။
(၂၂) မဋ္ဌဂတ္တတာ- ပြေပြစ်သော ကိုယ်ရှိခြင်း။
(၂၃) အနူနာနုဏ္ဏတ သမ ဂတ္တတာ- မရှိုက် မဖြိုးညီညွတ် သော ကိုယ်ရှိခြင်း။
(၂၄) အလီန ဂတ္တတာ- မတွန့်မလိပ်သော ကိုယ်ရှိခြင်း။
(၂၅) တိလကာဒိ ဝိရဟိတ ဂတ္တတာ- မှဲ့မည်းစသည်မှကင်း သော ကိုယ်ရှိခြင်း။
(၂၆) အနုပုဗ္ဗ ရုစိရ ဂတ္တတာ- အစဉ်အတိုင်း ပြိုးပြိုးပြက်သော ကိုယ်ရှိခြင်း။
(၂၇) သုဝိသုဒ္ဒ ဂတ္တာ- အထူးသဖြင့် စင်ကြယ်သော ကိုယ်ရှိ ခြင်း။
(၂၈) ကောဋိသဟဿ ဟတ္ထိဗလ ဓာရဏတာ- ကုဋေတစ် ထောင်သော ကာဠာဝကဆင်မျိုး၏အားကို ဆောင်နိုင်သော အားရှိခြင်း။
(၂၉) သုဝဏ္ဏ တင်္ဂု နာသတာ- ရွှေချွန်းကဲ့သို့ မြင့်ချွန်းသော နှာခေါင်းရှိခြင်း။
(၃ဝ) ရတ္တဒွိဇ မုခတာ- နီမြန်းသော နှုတ်ခမ်းရှိခြင်း။
(၃၁) သုဒ္ဓ ဒန္တတာ- စင်ကြယ်သော သွားရှိခြင်း။
(၃၂) သိနိဒ္ဒ ဒန္တတာ- ပြေပြစ်သောသွားရှိခြင်း။
(၃၃) ဝိသုဒ္ဓိန္ဒြိယတာ- အထူးသဖြင့် စင်ကြယ်သော စက္ခု စသော ဣန္ဒြေရှိခြင်း။
(၃၄) ဝဓဒါဌတာ- လုံးသော စွယ်တော် ရှိခြင်း။
(၃၅) ဝဓောဋ္ဌတာ- လုံးသော နှုတ်ခမ်းရှိခြင်း။
(၃၆) အာယတ ဝဒနိတာ- ကျယ်ပြန့်သော နှုတ်ခမ်းရှိခြင်း။
(၃၇) ဂမ္ဘီရ ပါဏိ လေခတာ- နက်သော ထင်ရှားသော လက် ကြားအရေးရှိခြင်း။
(၃၈) အာယတ လေခတာ- ရှည်သော လက်ကြားအရေးရှိ ခြင်း။
(၃၉) ဥဇုက လေခတာ- ဖြောင့်သော လက်ကြားအရေးရှိခြင်း။
(၄ဝ) သုရုစိ သဏ္ဌာနလေခတာ ချင်သဏ္ဌာန်လက်ကြား အရေးရှိခြင်း။
(၄၁) ပရိမဏ္ဍလ ကာယပ္ပဘာ ဝန္တတာ- အဝန်းညီသော တစ်လံမျှကိုယ်ရောင်ရှိခြင်း။
(၄၂) ပရိပုဏ္ဏကပေါလတာ- ပြည့်ဖြိုးသော ပါးရှိခြင်း။
(၄၃) အာယတ ဝိသာလ နေတ္တတာ- ရှည်ကျယ်သော မျက် ကွင်းရှိခြင်း။
(၄၄) ပဉ္စပ္ပသာဒဝန္တ နေတ္တတာ- အဆင်းငါးပါးရှိသော ကြည် ညိုဖွယ်သော မျက်စိရှိခြင်း။
(၄၅) အာကုဉ္စိတဂ္ဂ ဘမုကတာ- ကွေးညွတ်၍ တက်သော မျက်မှောင်ရှိခြင်း။
(၄၆- ၄၇) မုဒုတနုက ရတ္တ ဇိဝှတာ- နူးညံပါးလွှာသော နီမြန်း သော လျှာရှိခြင်း (ဤ၌ မုဒုတနုကဇိဝှတာ- နူးညံ့ ပါး လွှာသော လျှာရှိခြင်း၊ ရတ္တဇိဝှတာ- နီမြန်းသော လျှာရှိ ခြင်း နှစ်ပါးခွဲယူလျှင် ကောင်း၏။)
(၄၈- ၄၉) အာယတ ရုစိ ကဏ္ဏတာ- ရှည်သော နှစ်လိုဖွယ် သော နားရှိခြင်း၊ (နှစ်ပါးယူသည်။)
(၅ဝ) နိဂဏ္ဍ သိရတာ- ထွတ်မြင်းနာ ကင်းသော ဦးခေါင်းရှိ ခြင်း။
(၅၁) နိဂုဠှသိရတာ- နိမ့်ရှိုင်း မရှိသော ဦးခေါင်းရှိခြင်း။
(၅၂) ဝိစ္ဆိဒ္ဒနိရဝ သိရတာ- အစုတ်အပြတ်မရှိသော ဦးခေါင်းရှိ ခြင်း။
(၅၃) အာယတ ပုထုလ နလာတ သောဘတာ- ရှည်ကျယ် သော နဖူးပြင်၏ တင့်တယ်ခြင်း။
(၅၄) သုသဏ္ဌာန ဘမုကတာ- ကောင်းသော သဏ္ဌာန်ရှိသော မျက်မှောင်ရှိခြင်း။
(၅၅) သုသဏ္ဌာန ဟရ ဘုမကတာ- ကောင်းသော သဏ္ဌာန် ကိုဆောင်သော မျက်မှောင်ရှိခြင်း။
(၅၆) အနုလောမ ဘမုကတာ- ညွတ်ညွတ် တက်သော မျက် မှောင်ရှိခြင်း။
(၅၇) သုခုမာလ ဂတ္တတာ- သိမ်မွေ့သော ကိုယ်ရှိခြင်း။
(၅၈) အတိဝိယ သောဘ ဂတ္တတာ- အလွန်ငြိမ်းချမ်းသော ကောင်းသော ကိုယ်ရှိခြင်း။
(၅၉) အတိဝိယ ဥဇ္ဇလိတ ဂတ္တတာ- အလွန်ထွန်းပသော ကိုယ်ရှိခြင်း။
(၆ဝ) ဝိမလ ဂတ္တတာ- အညစ်အကြေးကင်းသော ကိုယ်ရှိခြင်း။
(၆၁) ကောမလ ဂတ္တတာ- နူးညံ့သောကိုယ်ရှိခြင်း။
(၆၂) သိနိဒ္ဓ ဂတ္တတာ- သိမ်မွေ့ပြေပြစ်သောကိုယ်ရှိခြင်း။
(၆၃) သုဂန္ဓ ဂတ္တတာ- မွှေးကြိုင်သော ကိုယ်ရှိခြင်း။
(၆၄) သမ လောမတာ- ညီညွတ်သော မွေးည|င်းရှိခြင်း။
(၆၅) ကောမလ လောမတာ- နူးညံ့သော မွေးည|င်းရှိခြင်း။
(၆၆) ဒက္ခိဏာဝဓလောမတာ- လက်ယာရစ်လည်သော မွေး ည|င်းရှိခြင်း။
(၆၇) ဘိန္နကဉ္စ နဂသိရိ နီလ လောမတာ- ပေါက်ကွဲသော ရွှေ တောင်၏ အသရေကဲ့သို့ ဦးခေါင်းတော်၌ ရောက်သော ညိုသောမွေးညှင်းရှိခြင်း။
(၆၈) ဝဓက လောမတာ- လုံးသော မွေးညှင်းရှိခြင်း။
(၆၉) သိနိဒ္ဓ လောမတာ- သိမ်မွေ့သော မွေးညှင်းရှိခြင်း။
(၇ဝ) အတိသုခုမ အဿာသ ပဿာသဓာရဏတာ- အလွန် သိမ်မွေ့သော ထွက်သက်ဝင်သက်ကိုဆောင်သော ကိုယ်ရှိ ခြင်း။
(၇၁) သုဂန္ဓ မုဒ္ဓတာ- အလွန်မွှေးကြိုင်သော ဦးထိပ်ရှိခြင်း။
(၇၂) သုနီလ ကောသတာ- ကောင်းစွာ မည်းနက်သော ဆံပင် ရှိခြင်း။
(၇၃) ဒက္ခိဏာဝဓ ကေသတာ- လက်ယာရစ်လည်သော ဆံပင် ရှိခြင်း။
(၇၄) သုသဏ္ဌာန ကေသတာ- ကောင်းသောသဏ္ဌာန်ရှိသော ဆံပင်ရှိခြင်း။
(၇၅) သိနိဒ္ဓ ကေသတာ- သိမ်မွေ့သော ဆံပင်ရှိခြင်း။
(၇၆) သဏ္ဌာန ကေသတာ- ကောင်းစွာတည်သော ဆံပင် ရှိခြင်း၊
(၇၇) အလုလိတ ကေသတာ- မရောရှက်သော ဆံပင်ရှိခြင်း။
(၇၈) သမ ကေသတာ- ညီညွတ်သော ဆံပင်ရှိခြင်း။
(၇၉) ကောမလ ကေသတာ- နူးညံ့သော ဆံပင်ရှိခြင်း။
(၈ဝ) ကေတု မာလာ ရတန ဝိစိတ္တတာ- ဦးထိပ်တော်၌ အရောင်စုံတူသော ကေတုမာလာဖြင့် ဆန်းကြယ်ခြင်း။
ဤကား ရှစ်ဆယ်သော လက္ခဏာငယ်တို့ဖြစ်သည်။ ယင်း လက္ခဏာငယ်တို့ကား တစ်ကျမ်းနှင့် တစ်ကျမ်း အဆိုမညီ ကွဲလွဲလျက်ရှိ သော်လည်း ဋီကာအစောင်စောင်၊ ဂဏ္ဍိဝိနိစ္ဆယ ဂန္ထန္တရအစားစားကို ကြည့်ရှု နှိုင်းချိန်ကာ ဆုံးဖြတ်ကာထားသော သမန္တ စက္ခုဒီပနီကျမ်းကို မူထား၍ ရေး သားဖော်ပြအပ်သတည်း။

တစ်ရာ့ရှစ်ကွက် စက်လက္ခဏာ[ပြင်ဆင်ရန်]

(၁) သတ္တိ- လှံမ၊ (၂) သိရိဝစ္ဆေ- အိမ်မွန်၊ (ကျက်သရေ တိုက်)၊ (၃) နန္ဒိယာဝဓ- ဇလပ်ပန်း၊ (၄) သောဝတ္တိက- လည်ရေး သုံး ဆင့်၊ (၅) ဝဋံသက- ဦးဆောက်ပန်း၊ (၆) ဝဍ္ဎမာန- ထမင်းပွဲ၊ (၇) ဘဒ္ဒပီဌ- အင်းပျဉ်၊ သလွန်၊ (၈) အင်္ကုသ- ချွန်း တောင်း၊ (၉) ပါသာဒ- ပြာသာဒ်၊ (၁ဝ) တောရဏ- တုရိုင်တိုင်၊ (၁၁) သေတဆတ္တ - ထီးဖြူ၊ (၁၂) ခဂ္ဂ- သန်လျက်၊ (၁၃) တာလဝဏ- ထန်းရွက်ယပ်၊ (၁၄) မယူရဟတ္ထ- ဥဒေါင်းမြီးယပ်၊ (၁၅) စာမရိဟတ္ထ- စာမရီသား မြီးယပ်၊ (၁၆) ဥဏှီသ- သင်းကျစ်၊ (၁ရ) ပတ္တ- မြသပိတ်၊ (၁၈) မဏိ- ပတ္တမြား၊ (၁၉) ကုသုမဒါမ- မုလေး ပန်းကုံး၊ (၂ဝ) နီလုပ္ပလ - ကြာညိုပန်း၊ (၂၁) သေတုပ္ပလ- ကြာဖြူပန်း၊ (၂၂) ရတ္တုပ္ပလ- ကြာနီပန်း၊ (၂၃) ပဒုမ- ပဒုမ္မာ ကြာပန်း၊ (၂၄) ပုဏ္ဍရိက- ပုဏ္ဍရိက် ကြာပန်း၊ (၂၅) ပုဏ္ဏဃဋ- ရေပြည့်အိုး၊ (၂၆) ပုဏ္ဏပါတိ- ရေပြည့် ဖလား၊ (၂၇) သမုဒ္ဒ- သမုဒ္ဒရာလေးစင်း၊ (၂၈) စက္ကဝါဠ- စကြဝဠာ တောင်၊ (၂၉) မေရု- မြင်းမိုရ်တောင်၊ (၃ဝ) သူရိယမဏ္ဍလ- နေစက် ဝန်း၊ (၃၁) စန္ဒမဏ္ဍလ- လစက်ဝန်း၊ (၃၂) နက္ခတ္တ- နက္ခတ်၊ (၃၃) ပုဗ္ဗဝိဒေဟ- အရှေ့ကျွန်း၊ (၃၄) အပရဂေါယာန- အနောက်ကျွန်း၊ (၃၅) ဇမ္ဗုဒီပ- တောင်ကျွန်း၊ (၃၆) ဥတ္တရကုရု- မြောက်ကျွန်း၊ (၃၇) စက္ကဝတ္တိ- စကြဝတေးမင်း၊ (၃၈) ဒက္ခိဏာဝဓသင်္ခ- လက်ယာရစ် ခရုသင်း၊ (၃၉) သုဝဏ္ဏပစ္ဆယုဂ- ရွှေငါးကြင်းအစုံ၊ (၄ဝ) စက္ကဝုဓ- စက်လက်နက်၊ (၄၁) သုပဏ္ဏရာဇာ- ဂဠုန်မင်း၊ (၄၂) သံသုမာရ- မိချောင်းမင်း၊ (၄၃) ဓဇပဋာက- တံခွန် ကုက္ကား မုလေးပွား၊ (၄၄) သုဝဏ္ဏသိဝိကာ- ရွှေသန်လျှင်း၊ (၄၅) သုဝဏ္ဏ ဝါလဗီဇနီ- ရွှေသား မြီးယပ်၊ (၄၆) ကေလာသပဗ္ဗတ- ကေလာသငွေတောင်၊ (၄၇) သီဟ ရာဇာ- ခြင်္သေ့မင်း၊ (၄၈) ဗျဂ္ဃရာဇာ- ကျားမင်း၊ (၄၉) ဝလာဟက အဿရာဇာ- ဝလာဟကမြင်းပျံ၊ (၅ဝ) ဥပေါသထ ဆဒ္ဒန္တ နာဂရာဇာ- ဥပေါသထဆင်မင်း၊ ဆဒ္ဒန်ဆင်မင်း၊ (၅၁) ဗာသုကီ နာဂရာဇ- ဗာသုကီ နဂါးမင်း၊ (၅၂) ဟံသရာဇာ- ရွှေဟင်္သာမင်း၊ (၅၃) ဥသဘရာဇာ- နွား လား ဥသဘမင်း၊ (၅၄) ဧရာဝဏ- ဧရာဝဏ်ဆင်မင်း၊ (၅၅) သုဝဏ္ဏ မကာရ- ရွှေမကာရ်း၊ (၅၆) စတုမုခ- လေးကျွန်းသားတို့ မျက်နှာလေး မျိုး၊ (၅၇) သုဝဏ္ဏနာဝါ- ရွှေလှေ၊ (၅၈) သဝစ္ဆက ဓေနု- သားငယ် နှင့်နွားမ၊ (၅၉) ကိံပုရိသ- ကိန္နရာဖို၊ (၆ဝ) ကိံပုရိသီ- ကိန္နရာမ၊ (၆၁) ကရဝိက- ကရဝိက်ငှက်မင်း၊ (၆၂) မယူရရာဇာ- ဥဒေါင်းမင်း၊ (၆၃) ကောဉ္စရာဇာ- ကြိုးကြာငှက်မင်း၊ (၆၄) စက္ကဝက္က ရာဇာ- စက္က ဝက်ငှက်မင်း၊ (၆၅) ဇီဝ ဇီဝကရာဇာ- ဇီဝဇိုးငှက်မင်း၊ (၆၆) စာတု မဟာရာဇိက- ဟာတုမဟာရာဇ်နတ်ပြည်၊ (၆၇) တာဝတိံသာ- တာဝတိံ သာနတ်ပြည်၊ (၆၈) ယာမာ- ယာမာနတ်ပြည်၊ (၆၉) တုသိတာ- တုသိ တာနတ်ပြည်၊ (၇ဝ) နိမ္မာနရတိ- နိမ္မာနရတိ နတ်ပြည်၊ (၇၁) ပရနိမ္မိတ ဝသဝတ္တိ- ပရနိမ္မိဘ ဝသဝတီနတ်ပြည်၊ (၇၂) ဗြဟ္မပါရိ သဇ္ဇာ- ဗြဟ္မ ပါရိ သဇ္ဇာ ဗြဟ္မာပြည်၊ (၇၃) ဗြဟ္မပုရောဟိတာ- ဗြဟ္မပုရောဟိတာ ဗြဟ္မာပြည်၊ (၇၄) မဟာဗြဟ္မာ- မဟာဗြဟ္မာပြည်၊ (၇၅) ပရိတ္တာဘာ- ပရိတ္တာဘာ ဗြဟ္မာပြည်၊ (၇၆) အပ္ပမာနာဘာ- အပ္ပ မာနာဘာ ဗြဟ္မာ ပြည်၊ (၇၇) အာဘဿရာ- အာဘဿရာ ဗြဟ္မာပြည်၊ (၇၈) ပရိတ္တသုဘာ - ပရိတ္တ သုဘာ ဗြဟ္မာပြည်၊ (၇၉) အပ္ပ မာဏာ သုဘာ- အပ္ပမာဏာ သုဘာ ဗြဟ္မာပြည်၊ (၈ဝ) သုဘကိဏှာ- သုဘကိဏှာ ဗြဟ္မာပြည်၊ (၈၁) ဝေဟပ္ဖလာ- ဝေဟပ္ဖလာ ဗြဟ္မာပြည်၊ (၈၂) အသညသတ္တာ- အသည သတ္တာဗြဟ္မာ ပြည်၊ (၈၃) အဝိဟာ- အဝိဟာ ဗြဟ္မာပြည်၊ (၈၄) အတပ္ပါ - အတပ္ပါဗြဟ္မာပြည်၊ (၈၅) သုဒဿာ- သုဒဿာဗြဟ္မာပြည်၊ (၈၆) သုဒ ဿီ- သုဒဿီဗြဟ္မာပြည်၊ (၈ရ) အကနိဋ္ဌာ- အကနိဋ္ဌာဗြဟ္မာပြည်၊ (၈၈) ယုဂန္ဓရ- ယုဂန္ဓိုရ် တောင်၊ (၈၉) ဤသံဓရ- ဤသံဓရတောင်၊ (၉ဝ) ကရဝိက- ကရဝိ တောင်၊ (၉၁) သုဒဿန- သုဒဿနတောင်၊ (၉၂) နေမိန္ဓရ- နေမိန္ဓရ တောင်၊ (၉၃) ဝိနတက- ဝိနတကတောင်၊ (၉၄) အဿကဏ္ဏ- အဿ ကဏ္ဏတောင်၊ (၉၅) အနောတတ္တ- အနောတတ်အိုင်၊ (၉၆) ကဏ္ဏမုဏ္ဍ- ကဏ္ဏမုဏ္ဍအိုင်၊ (၉၇) ရထကာရ- ရထကာရအိုင်၊ (၉၈) ဆဒ္ဒန္တ- ဆဒ္ဒန္တအိုင်၊ (၉၉) ကုဏာလ- ကုဏာလအိုင်၊ (၁ဝဝ) မန္ဒာကိနီ- မန္ဒာကိနီအိုင်၊ (၁ဝ၁) သီဟပ္ပပါတ - သီဟပ္ပပါတအိုင်၊ (၁ဝ၂) လဝဏသီတာ- ဆားငန်ရေသီတာ၊ (၁ဝ၃) ဥစ္ဆုသီတာ- ကြံရေ သီတာ၊ (၁ဝ၄) သုရာသီတာ- သေရည် သီတာ၊ (၁ဝ၅) သာမိ သီတာ- အမှုခပ်သိမ်းပြီးစေသော သီတာ၊ (၁ဝ၆) ဒဓိသီတာ- နို့ဓမ်းမလိုင် သီတာ၊ (၁ဝရ) ဒုဒ္ဓသီတာ- နို့ရည်သီတာ၊ (၁ဝ၈) ဇလသီတာ- ရေချိုသီတာ ။ ဤကားတရား ရှစ်ကွက်စက်လက္ခဏာတို့ဖြစ်သည်။ ယင်း လက္ခဏာတို့ကား မြတ်စွာဘုရား၏ ခြေဖဝါးတော်၌ရှိသော လက္ခဏာ တို့တည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)