ရှေးဟောင်းပစ္စည်း တူးဖော်ရေး

ဝီကီပီးဒီးယား မှ

ရှေးခေတ်လူနေမှုစံနစ်ကို တူးဖော်လေ့လာသောပညာ[ပြင်ဆင်ရန်]

မြေပုံကြီးများနှင့် ခြုံနွယ်ပိပ္ပောင်းတို့ကို တူရွင်းပေါက်ပြားဖြင့် တူးဆွ၍ တိမ်မြုပ်နေသော ရှေးဟောင်း ယဉ်ကျေးမှုများကို အလင်းသို့ရောက်အောင် ဖော်ထုတ်ပေးသည့် ပညာရပ်ဖြစ်သည်။

ရှေးဟောင်းပစ္စည်း တူးဖော်ရေး[ပြင်ဆင်ရန်]

ရှေးဟောင်းပစ္စည်း တူးဖော်ရေးဟူသည်မှာ ရှေးခေတ် လူဟောင်းတို့၏ လူနေမှုစံနစ်ကို လေ့လာသော သိပ္ပံပညာ တစ်ရပ် ဖြစ်ပေသည်။ လူတို့သည် နေထိုင်ဝတ်စားမှုအတွက် ၎င်း၊ သွားလာလုပ်ကိုင်မှုအတွက်၎င်း ဝတ္ထုပစ္စည်း အမျိုးမျိုးကို ပြုလုပ်သုံးဆောင်နေကြ၏။ တစ်ခေတ်ထက် တစ်ခေတ် စိတ် ကူးဉာာဏ် အဆန်းပေါ်ပေါက်တိုင်း လိုအင်ဆန္ဒ ထူးထွေများပြား တိုင်း အသုံးအဆောင်ကိရိယာ ပစ္စည်းအမျိုးမျိုးကို အဆန်း တကြယ် တီထွင်လုပ်ကိုင်နေကြသည်ကိုလည်း ကျွနု်ပ်တို့ မျက်မြင်ဒိဋ္ဌိ ဖြစ်ချေသည်။ ဤသို့ အသစ်အဆန်း ပေါ်ပေါက် လာသော ဝတ္ထုပစ္စည်းတို့သည် လူတို့၏သွားလာမှု၊ လုပ်ကိုင်မှု၊ စည်းစိမ်ခံမှု စသည်တို့အတွက် အထောက်အပံ့ ဖြစ်သည့် အား လျော်စွာ လူတို့၏ ယဉ်ကျေးမှုစံချိန်ကိုလည်း တစ်စိတ်တစ်ပိုင်း အားဖြင့် ညွှန်ပြရာ ရောက်လေသည်။ ထိုကြောင့် ယခုခေတ်၌ လူတို့က ဖန်တီးသော ဝတ္ထုပစ္စည်းများသည် ယခုလူတို့၏ သဘာဝကို ထင်ရှားစေသည့်အလား၊ ရှေးခေတ်က ရှေးဟောင်း ပစ္စည်းများသည်လည်း သက်ဆိုင်ရာခေတ်မှ လူများ၏ ယဉ် ကျေးမှု အဆင့်အတန်းကို ဖော်ပြလျက် ရှိသည်မှာ ယုံမှားဖွယ် ရာ မရှိချေ။ ဤသို့အားဖြင့် ရာထောင်မကသော နှစ်ပေါင်းများ စွာက ရှေးခေတ်လူတို့ အသုံးပြုကြသည့် အရာဝတ္ထုတို့အနက်မှ ကြွင်းကျန်၍ တိမ်မြုပ်နေသော ပစ္စည်းများကို ရှာဖွေဖော်ထုတ် ပြီးလျှင် တစ်ခုစီ လေ့လာသုံးသပ်၍ ရှေးခေတ် လူမျိုးစုတို့၏ ယဉ်ကျေးမှုကို သုတေသနပြုလုပ်သည့် လုပ်ငန်းတစ်ရပ် ပေါ် လာလေသည်။ ယင်းလုပ်ငန်းရပ်သည် တစ်စတစ်စ တိုးတက် လာပြီးလျှင် သိပ္ပံပညာရပ် တစ်ရပ်အနေဖြင့် အိုလော်ဂျီဟု အမည်တွင်လာတော့၏။ ထိုစကားရပ်သည် ပေါရာဏိကဗေဒ၊ သို့မဟုတ် ရှေးဟောင်းဆိုင်ရာ ယဉ်ကျေးမှု သုတေသနပါဠိလို မြန်မာလို အသီးအသီး အဓိပ္ပာယ်ရလေသည်။

ရှေးဟောင်းပစ္စည်းများကို တူးဖော်၍ လေ့လာစူးစမ်းမှုကို မည်သူက စတင်ခဲ့သည်ဟု ပြောနိုင်ရန် ခဲယဉ်းလှပေသည်။ ဘီစီ ၆ ရာစုခေတ်က ဗက်ဗီလုံးပြည့်ရှင် ဘုရင်နဗျူးနေသည် ရှေးကျသော အဆောက်အအုံ အပျက်အစီးများကို ယင်းတို့အား မည်သူဆောက်လုပ်ခဲ့သည်ကို သိလိုသဖြင့် တူးဖော်လေ့လာခဲ့ သည်ဟု ဆိုသည်။ ကွန်စတန်တင်း သ-ဂ-ရိတ်သည် ယေရှု သခင်၏ ဂူသင်္ချိုင်းတော်ကို တူးဖော်ရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ ဖူးကြောင်းလည်း သိရှိရလေသည်။

ဥရောပတိုက်တွင် ရီနေဆွန်းခေတ် (ဉာာဏ်သစ် အရေးပုံ ခေတ်)က ကြွယ်ဝချမ်းသာသော မင်းညီမင်းသားများ၊ပုပ်ရဟန်း မင်းများသည် ရှေးဟောင်းအနုပညာပစ္စည်းများကို အဖိုးကြီးစွာ ပေး၍ အမြတ်တနိုး ဝယ်ယူစုဆောင်းသည့် အလေ့အထ ခေတ် စားခဲ့သည်။ စုဆောင်းသူတို့သည် ယင်းဝတ္ထုပစ္စည်းတို့၏ ရှေး ကျမှု၊ လှပဆန်းကြယ်မှုတို့ကို အကြောင်းပြု၍ မြတ်နိုးခြင်း သာလျှင် ဖြစ်ကုန်ကြ၍ ယင်းပစ္စည်းများ ပေါ်ပေါက်သော ခေတ်တို့တွင် အဘက်ဘက်၌ မည်သို့သော ယဉ်ကျေးမှု အဆင့် အတန်းရှိသည်ကို ချင့်ချိန်ဝေဖန်ခြင်း မပြုကြချေ။

ငွေကြေးတတ်နိုင်သော ရှေးဟောင်းပစ္စည်း စုဆောင်းသူ များအား ရောင်းချရန် ရှေးဟောင်းပစ္စည်းများကို လိုက်လံရှာဖွေ တူးဖော်ရောင်းစားသူများ ပေါ်ပေါက်ခဲ့သည်။ ထိုသူတို့သည် ပစ္စည်းများ၏ သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုးကို သိသူများ မဟုတ်ကြလေရာ၊ ထိုစဉ်က ဈေးကောင်းရနိုင်မည့် ပစ္စည်းမျိုး ကိုသာ ဂရုတစိုက် ရှာဖွေတူးဖော်ခဲ့သဖြင့် သမိုင်းတန်ဖိုး၊ ယဉ် ကျေးမှုတန်ဖိုးများစွာရှိသော အဆောက်အအုံ ရှေးဟောင်းပစ္စည်း များစွာတို့မှာ ပျက်စီးပျောက်ပျက်ကုန်ခဲ့ရလေသည်။

နောင်ကာလတွင်မှသာလျှင် ပညာရှင်များက ရှေးဟောင်း ပစ္စည်းတို့ကို တင့်တယ်လှပမှု၊ သို့မဟုတ် နှစ်ပရိစ္ဆေဒ ကြာမြင့် စွာ တည်တံ့ခိုင်မြဲမှုပေါ်တွင် တန်ဖိုးထားသော မြတ်နိုးမှုကိုသာ ပဓာနမပြုဘဲ၊ ယင်းပစ္စည်းဟောင်းများနှင့် သက်ဆိုင်သော ခေတ်ကာလအပိုင်းအခြားတို့၏ ယဉ်ကျေးမှုအဆင့်အတန်းများ ၏ သာဓကများအဖြစ် အသုံးပြုလေတော့သည်။

ရှေးဟောင်းသုတေသနပြုနိုင်သည့် ပစ္စည်းများကို ရှေး ဟောင်း အဆောက်အအုံများနှင့် ရှေးဟောင်းအသုံး အဆောင် ပစ္စည်းများဟူ၍ နှစ်မျိုးခွဲခြား လေ့လာနိုင်သည်။ ထိုမှတစ်ဆင့် ပွား၍ အဆောက်အအုံတစ်မျိုးစီ၊ သို့မဟုတ် ဝတ္ထုပစ္စည်းတစ်မျိုး စီကို ခွဲခြားပြီးလျှင် ကျယ်ပြန့်သော ယဉ်ကျေးမှု သုတေသနကို အပိုင်းပိုင်း အစိတ်စိတ် သုံးသပ်လေ့လာနိုင်လေသည်။ ပုံစံပြရ သော် မြေကြီးအောက်တနေရာမှ ရုပ်တုတစ်ခုကို တူးဖော်တွေ့ရှိ ရသည်ဆိုအံ့။ ထိုရုပ်တု၏ သဘာဝဝတ္ထုမှာ ကြေးလော၊ သံ လော၊ ရွှေငွေလောဟု စစ်ဆေးကြည့်ရှုခြင်း၊ ထိုရုပ်တု၏ အနု ပညာလက်ရာမြောက်ပုံကို ဝေဖန်သုံးသပ်ခြင်း၊ ထိုရုပ်တု၏ အနုပညာလက်ရာ မြောက်ပုံကို ဝေဖန်သုံးသပ်ခြင်း၊ မည်သည့် လူမျိုး ဖြစ်သည်ကို စူးစမ်းခြင်း၊ ယင်းရုပ်တု တွေ့ရှိသော ဒေသနှင့် မြေလွှာအပိုင်းအခြားကို ထောက်၍ မည်သည့်ခေတ် လောက်က တိမ်မြုပ်ခဲ့သည်ကို မှန်းဆခြင်း စသည်တို့ ပြုလုပ် နိုင်ရုံမျှသာမက ရှေးဟောင်းအယူဝါဒ ဘာသာရပ်တစ်ခုကို သီးခြားသုတေသနပြုသူအဖို့လည်း ယင်းရုပ်တုသည် အထောက် အထားပစ္စည်းတစ်ရပ် ဖြစ်နေချေမည်။ ပန်းပုပညာ တီထွင်တိုး တက်ပုံ လေ့လာသူအဖို့လည်း တစ်နည်းတစ်ဖုံ အသုံးဝင်ချေ မည်။ သဘာဝသတ္တုများအကြောင်း လေ့လာသူအဖို့လည်း အထောက်အပံ့တစ်ရပ် ဖြစ်ချေမည်။ ဤသို့အားဖြင့် ဘာသာရပ် ပေါင်းများစွာကို ကျေးဇူးပြုသောကြောင့် ရှေးဟောင်းသုတေ သနတွင် ဘူမိဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ စသာပညာရပ်များ အကျုံးဝင်လျက် ရှိတော့၏။ အထူးသဖြင့် မြေအောက်၌ တိမ်မြုပ်နေသော ရှေးဟောင်းပစ္စည်းတို့ကို စံနစ်တကျ တူးဖော် ကာ ဆိုခဲ့ပြီးဖြစ်သော ဘာသာရပ်များနှင့် ညိ|နှိုင်းလေ့လာဝေဖန် ရသဖြင့် သိပ္ပံပညာ၏ အကိုင်းအခက် ပညာတစ်ရပ်အနေနှင့် အသိအမှတ် ပြုကြ၏။ ရှေးဟောင်းသုတေသန ပြုလုပ်ရာ၌ သမိုင်း၊ ဂန္ထဝင်၊ ဒေသန္တရနှင့် ဘာသန္တရ ဗဟုသုတပြည့်ဝမှု ရှိရန်လည်း အထူးလိုအပ်လေသည်။ ထိုကြောင့် ရှေးဟောင်း သုတေသနသည် ရှေးပဝေဏီက အယူအဆ အလေ့အထများနှင့် သာ သက်ဆိုင်သောလုပ်ငန်း မဟုတ်ဘဲ၊ မျက်မှောက်ခေတ် ယဉ်ကျေးမှုအဖြာဖြာနှင့် ဆက်စပ်အကျုံးဝင်လျက်ရှိသော ဘာသာရပ် ဖြစ်လေသည်။

ရှေးဟောင်းသုတေသနကြောင့်ပင်လျှင် သစ်သီးဝလံကိုသာ ရှာဖွေစားသောက်ကြသော လူရိုင်းများခေတ်၊ ကျောက်လက်နက် ကိရိယာတို့ကို အသုံးပြုကာ အမဲသားငါး ရှာဖွေစားသောက် သော လူများခေတ်၊ ကြေးသတ္တုပစ္စည်းများနှင့် သံသတ္တုပစ္စည်း များ လုပ်ကိုင်အသုံးပြုသောခေတ် စသည်ဖြင့် ယဉ်ကျေးမှု ပြောင်းလဲတိုးတက်ပုံ အဆင့်ဆင့်ကို သိရှိရလေသည်။ ထိုမျှမက အီဂျစ်နိုင်ငံ၊ ဂရိနိုင်ငံ၊ ရောမနိုင်ငံနှင့် အာရှတိုက်အနောက်စွန်း ဒေသများ၏သမိုင်းတို့ကို ရှေးခေတ်အထိတိုင်အောင် ကျယ်ပြန့် စွာ ဖြည့်စွက်မှတ်တမ်းတင်နိုင်လေသည်။ တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် အာရှတိုက် အရှေ့တောင်စွန်းဒေသများ၏ ရှေးဟောင်း ယဉ်ကျေးမှု ကိုလည်း ဖော်ထုတ်နိုင်ခဲ့၏။ ရှေးဟောင်း သုတေ သန၏ အကျိုးကျေးဇူးများပုံကို ထင်ရှားစွာ သိလွယ်ရန် သာဓက ပြရမည်ဆိုလျှင် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန ဌာန၏ ကြိုးစားဆောင်ရွက်မှုကြောင့် ယခုအခါ ပါကစ္စတန် နိုင်ငံရှိ အိန္ဒူမြစ်ဝှမ်းတွင် မိုဟင်ဂျိုဒါရို၊ ဟာရပ္ပ စသော ဒေသ တို့၌ သမိုင်းခေတ်ထက် ရှေးကျသည့် ခရစ်မပေါ်မီ နှစ်ပေါင်း သုံးထောင်ခန့်က ထွန်းကားခဲ့သော မြို့တော်ဟောင်းကြီးများကို ရှာဖွေတူးဖော် ပြသနိုင်၍ ထိုခေတ်၏ ယဉ်ကျေးမှုအဖြာဖြာကို အိန္ဒိယသမိုင်း၊ ကမ္ဘာ့သမိုင်း၌ သွတ်သွင်းမှတ်တမ်းတင်နိုင် လေသည်။ ထို့ပြင် နှစ်ပေါင်းများစွာ တိမ်မြုပ်နေ၍ လုံးဝ ဖုံးပိတ်ပျောက်ကွယ်သွားလုနီးပါးဖြစ်သော ဗုဒ္ဓ ဖွားမြင်တော် မူရာ လုမ္ဗနီသာမော အင်ကြင်းတောမှစ၍ ဝိဇ္ဇာသုံးပါးနှင့်တကွ သစ္စာဉာာဏ်ပွင့်ကာ ဘုရားအဖြစ်သို့ရောက်ရာ ဗောဓိပင်နှင့် ရွှေပလ္လင်၊ အနိမိသ စင်္ကမ စသည့် သတ္တဌာန၊ ဥရုဝေဠတော၊ ဗုဒ္ဓဝါကပ်မှုများစွာ ပြုကာ ဓမ္မဒေသနာ များစွာပြုရာ သဝတ္ထိ ပြည် ဇေတဝန်ကျောင်းတော်၊ တရားဦးဟောရာ မိဂဒါဝုန်၊ တာဝတိံသာမှ သက်တော်မူရာ သင်္ကဿနဂိုရ်၊ ပရိနိဗ္ဗာန်စံတော် မူရာ ကုသိနာရုံစသော အဋ္ဌမဟာဌာနတို့ကို ဓမ္မာသောက မင်း တရား၏ ကမ္ပည်းကျောက်စာတိုင်နှင့်တကွ တူးဖော်တွေ့ရှိကာ စောင့်ရှောက်ထားနိုင်ခဲ့လေသည်။ ထိုမှတစ်ပါးလည်း ဂန္ဓာရ တက္ကသိုလ်၊ နာလန္ဒတက္ကသိုလ်ဟောင်းကြီးများကို တူးဖော်၍ အထင်အရှား ပြသနိုင်ခဲ့လေသည်။

စင်စစ်အားဖြင့် ရှေးဟောင်းပစ္စည်း တူးဖော်ရေးကို စံနစ် ကျနစွာဖြင့် ကြီးကြီးကျယ်ကျယ် ဆောင်ရွက်ခြင်းသည် အီတလီ နိုင်ငံရှိ ပွန်ပီယိုင်မြို့နှင့် ဟာကျူလေနီယမ် ရှေးမြို့ဟောင်းကြီး များကို ၁၈ ရာစုနှစ်အတွင်းက တူးဖော်ရာ၌ စတင်ခဲ့ပေသည်။ ထိုမြို့ကြီးများသည် ထိုခေတ်မတိုင်မီ ရာစုနှစ်ပေါင်း များစွာက ဗီဆူးဗီယပ် မီးတောင် ပေါက်ကွဲသဖြင့် ချော်ရည် ချော်မြုပ်များ ဖုံးလွှမ်းပြီး မြို့လုံးပျောက် ဖြစ်ခဲ့ရသော မြို့ကြီးများပေတည်း။ ယင်းတို့ကို စံနစ်တကျ တူးဖော်ကြည့်ရာ ထိုခေတ်အခါက လူနေမှုစံနစ်ကို ခြေရာလက်ရာမပျက် အံ့0x100သဖွယ်ရာ တွေ့ရှိခဲ့ကြ ရလေသည်။ ထိုမြို့ကြီးများကို တူးဖော်ခြင်းသည် နှစ်ပေါင်း ငါးဆယ်ကျော်ခန့် ကြာမြင့်ခဲ့လေသည်။

ထိုခေတ်ထဲတွင်ပင် ဂျာမန်ပညာရှင် ယိုဟန်းဗင်ကယ် လမန်းသည် ရောမမြို့၌ ရှေးဟောင်းပစ္စည်းများကို လေ့လာ သုတေသန ပြုသည်။ ထိုပုဂ္ဂိုလ်ကြီးက ရှေးဟောင်းပစ္စည်းများ ကို စံနစ်တကျတူးဖော်၍ ရှေးဟောင်း ယဉ်ကျေးမှု လေ့လာခြင်း သည် အနုစာပေ၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာ စသော လူ့သမိုင်း နှင့် ဆက်သွယ်သည့် ပညာရပ်များနှင့် ကွာခြား၍ သီးသန့် ပညာရပ်တစ်ခု ဖြစ်ကြောင်းကို ထုတ်ဖော်ခဲ့လေသည်။ ထိုနောက်တွင် အီဂျစ်၌ ရိုဇက်တာကျောက်စာကို ဖတ် ကြားရှင်းလင်းနိုင်သော အောင်မြင်မှု ပေါ်ပေါက်ခဲ့သည်။ ရှေး ဟောင်းယဉ်ကျေးမှုကို စူးစမ်းထုတ်ဖော်ရာ၌ ရှေးဟောင်းကမ္ပည်း ကျောက်စာ အရေးအသားသည် အထောက်အပံ့ အလွန်ပေးနိုင် ပေသည်။

( ရိုဇက်တာ ကျောက်စာ၊ မြန်မာနိုင်ငံ ရှေးဟောင်း ပစ္စည်းနှင့် ကမ္ပည်းကျောက်စာများ-။) အီဂျစ်နိုင်ငံသည် ခြောက်သွေ့သော ရာသီဥတုရှိ၍ သဲများ ဖုံးအုပ်နေတတ်သဖြင့် ရှေး ဟောင်းပစ္စည်း တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အလွန်ကောင်း ပေသည်။

နှစ်ပေါင်း ထောင်နှင့်ချီ၍ ကြာမြင့်ပြီး လျှင် မြေအောက်မြုပ်နေသည့် အဖိုးထိုက်အဖိုးတန် ရှေးဟောင်း အဆောက်အအုံနှင့် ပစ္စည်းအသုံးအဆောင်များဖြင့်လည်း အလွန် တရာ ပေါများကြွယ်ဝလှပေသည်။ တူးဖော်တွေ့ရှိသမျှတို့သည် လည်း ရှေးခေတ် အီဂျစ်၏ အထက်တန်းကျသော ယဉ်ကျေးမှု ကို ဝင့်ကြွားစွာဖော်ပြနိုင်ကြ၍ အံ့မခန်းနိုင်စရာဖြစ်ကြပေသည်။


ထိုနောက်တွင်မူ ရှေးဟောင်းယဉ်ကျေးမှု လေ့လာရေး(ဝါ) ရှေးဟောင်းပစ္စည်း တူးဖော်ရေးအဖွဲ့များသည် တစ်သုတ်ပြီး တစ်သုတ် အာရှတိုက်သို့ သွားရောက်ကြသည်။ တရုတ်တာကီ စတန်၊ ကိုရီးယားစသော နိုင်ငံများတွင်လည်း ရှေးဟောင်း ပစ္စည်း အသုံးအဆောင်များကို အများအပြား တူးဖော်တွေ့ရှိကြ ရပေသည်။ အီရန်နှင့် ဆီးရီးယားနိုင်ငံရှိ သမ္မာကျမ်းစာပါ ရှေး မြို့ဟောင်းကြီးများ၊ ရှေးခေတ် ဗက်ဗီလုံးနိုင်ငံနေရာ စသည်တို့ ကိုလည်း တူးဖော်သုတေသနပြုခဲ့ကြသည်။ ဂရိနိုင်ငံနှင့်အီတလီ နိုင်ငံများရှိ သမိုင်းမတင်မီခေတ်က ရှိခဲ့သော လူနေမှုတိုးတက် သည့် အခြေအနေကို ဖော်ပြကြသော ရှေးမြို့ဟောင်းကြီးများ၊ အဆောက်အအုံများကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ ဥရောပတိုက် တွင် ရှေးရှေးလူရိုင်းများ ဖြစ်ကြသော ဂေါ့သ၊ ကဲ့၊ ဂေါလ၊ ဆလဗ်၊ ဂျာမန်တို့၏နေထိုင်မှုစံနစ်တို့ကို မြေကြီးထဲမှ တူးဖော် ရရှိသော ပစ္စည်းအသုံးအဆောင်များအား လေ့လာ သုတေသန ပြုကာ ဆက်စပ်ယူကြရလေသည်။

အမေရိကတိုက်တွင်လည်း ရှေးဟောင်းပစ္စည်း တူးဖော်ရေး ကို ဆောင်ရွက်ခဲ့ကြသဖြင့် ရှေးရှေးအခါက တောင်အမေရိက တိုက်တွင် အလွန်အဆင့်အတန်းမြင့်သော လူနေမှုစံနစ် ရှိခဲ့ သည့် အင်ကားလူမျိုးများ အမေရိက တိုက် အလယ်ပိုင်းမှ မာယန်လူမျိုးများ ၏ ယဉ်ကျေးမှုတို့ကို သိရှိလေ့လာနိုင်ခဲ့ကြလေသည်။

မြန်မာနိုင်ငံတွင် ရှေးဟောင်းသုတေသနဌာနသည် လွန်ခဲ့ သော နှစ်ပေါင်း ၅ဝ ခန့်အတွင်းမှ မှော်ဇာ (သရေခေတ္တရာ မြို့ဟောင်း)၊ ပုဂံ၊ ပဲခူး၊ တကောင်း၊ ဗိဿနိုးမြို့ဟောင်း၊ ဟန် လင်း၊ တွံတေး၊ သန်လျင်တို့တွင် ပြတ်တောင်းပြတ်တောင်း တူးဖော်ခဲ့၍ မှော်ဇာတစ်ဝိုက်တွင် အတော်နှံ့စပ်စွာ သုတေသန ပြုခဲ့လေသည်။ ရခိုင်ပြည်မှ ဝေသာလီမြို့ဟောင်း၊ တနင်္သာရီမှ သထုံ၊ ထားဝယ်နှင့် တနင်္သာရီမြို့တို့တွင် တူးဖော်၍ သုတေ သန ပြုဖွယ်ရာများရှိသော်လည်း မဆောင်ရွက်ရသေးချေ။ ( မြန်မာနိုင်ငံ ရှေးဟောင်းပစ္စည်း တူးဖော်ရေးနှင့် ကမ္ပည်း ကျောက်စာများ-။) ယင်းသို့ဖြင့် ရှေးဟောင်းပစ္စည်းများ တူးဖော်ရေးသည် ရှေးနှစ်ပေါင်း ထောင်နှင့်ချီ၍ ရှည်ဝေးသောကာလမှ လူနေမှု စံနစ်တို့ကို ဖော်ထုတ်နိုင်ခဲ့သည်။ ရှေးဟောင်းပစ္စည်း တူးဖော် ရေး (ဝါ) ရှေးဟောင်းယဉ်ကျေးမှု သုတေသနလုပ်ငန်းသည် သိပ္ပံပညာတစ်ရပ်အနေဖြင့် တိုးတက်လာ၍ ရာဇဝင်သမိုင်းပညာ ရပ်ကို အလွန်အထောက်အပံ့ပေးသည်။ သို့သော် ထိုပညာရပ်က တစ်ဖန် သမိုင်းအထောက်အထားများကို အားကိုးပြုရပြန်သည်။ ယင်းသို့ကြောင့် ထိုပညာနှစ်ရပ်သည် တစ်ခုနှစ်တစ်ခု အညမည ဖြစ်နေကြလေသည်။

ရှေးဟောင်းပစ္စည်း တူးဖော်ရေး၌ သိပ္ပံနည်းဖြင့် စံနစ် တကျ ဆောင်ရွက်သည်ဆိုသည်မှာ ဤသို့ဖြစ်သည်။ အဆောက် အအုံပစ္စည်းများ ရှိမည်ထင်သောနေရာကို အသေအချာတိုင်းထွာ ၍ တူးဖော်ရေးကို ဂရုတစိုက် ဆောင်ရွက်ကြရသည်။ တစ်ခါ တစ်ရံ မြေအောက်ရှိ အဖိုးတန်ပစ္စည်းများကို မထိခိုက်စေရန် ဖုံးနေသော မြေကြီးများကို ဇွန်းဖြင့် ကော်ခပ်ယူရသည်အထိ ဂရုစိုက်ကြရသည်။ တူးဖော်တွေ့ရှိသမျှကို စံနစ်တကျ ချက်ချင်း မှတ်တမ်းတင်ရသည်။ ထိုပစ္စည်းများကို စံနစ်တကျ ချက်ချင်း မှတ်တမ်းတင်ရသည်။ ထိုပစ္စည်းများကို တစ်နေရာမှ တစ်နေရာ သို့ သယ်ဆောင်ရေးအတွက် ဥပဒေစည်းမျဉ်းများဖြင့် သတ်မှတ် ထားလေသည်။ ပြတိုက်များ အနုပညာခန်းမဆောင်များတွင် တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများကို ပညာရှင် သုတေသီ များနှင့် ပြည်သူလူထုတို့ လေ့လာကြည့်ရှုနိုင်ရန် ပြသထားလေ သည်။

နှစ်ဆယ်ရာစုခေတ်တွင် လေယာဉ်ပျံများသည် ရှေးဟောင်း ပစ္စည်း တူးဖော်ရေးကို များစွာ အကူအညီပေးခဲ့ကြသည်။ တူး ဖော်မည့် နေရာသစ်များကို လေယာဉ်ပျံဖြင့် ပျံဝဲ၍ ရှာဖွေပေး သည့်ပြင် တွေ့ရှိပြီးသော နေရာ၏ အကျိုးအကြောင်း အချက် အလက်များကို ဖြည့်စွက်ပေးနိုင်သည်။ ထက်ကောင်းကင် လေ ယာဉ်ထက်မှနေ၍ တူးဖော်မည့်နေရာကို ဓာတ်ပုံရိုက်ခြင်းဖြင့် နစ်မြုပ်ဖုံးအုပ်နေသော မြို့တည်ရာအဆောက်အအုံများ၏ တည် ရာတို့၏ အနေအထားကို မြေပြင်မှာ လိုက်၍ လေ့လာစူးစမ်း သည်ထက် ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်စေသဖြင့် လုပ်ငန်း စတင်နိုင်မည့် သဲလွန်စကိုလည်း ရရှိစေနိုင်သည်။ တစ်ခါတစ်ရံ နက်ရှိုင်းသော တောတောင်ကြီးများအကြားမှ ရှေးဟောင်းမြို့ပျက်၊ အဆောက်အအုံပျက်များကို လေယာဉ်ပျံ များ ပေါ်မှသာ တွေ့မြင်ကြရသဖြင့် သုတေသီများကို ထိုနေရာ များသို့ရောက်အောင် လေယာဉ်ပျံများက ပို့ဆောင်ပေးပြီးလျှင် တိမ်မြုပ်နေသော ရှေးဟောင်းယဉ်ကျေးမှုများကို အလင်းသို့ ရောက်လာနိုင်ရန် ဆောင်ရွက်ပေးကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)