ရှိတ်အပ္ပဒူရာမန်၊ ဒေါက်တာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဒေါက်တာရှိတ်အပ္ပဒူရာမန်

ဒေါက်တာ ရှိတ်အပ္ပဒူ ရာမန် ခေါ် ဒေါက်တာ အက်စ်အေ ရာမန် (Dr. S.A. Rahman) ကို ၁၈၇ဝ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ အဖမှာ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲ ဖြစ်စဉ်က အင်္ဂလိပ် စစ်တပ်နှင့် အတူ အိန္ဒိယနိုင်ငံ မှ လိုက်ပါ လာသူ ပသီလူမျိုး ဒေါက်တာ ရာဟင်ဘောက် ဖြစ်သည်။ အမိမှာ သရက် မြို့သူ ဗုဒ္ဓ ဘာသာ မြန်မာ အမျိုးသမီး ဒေါ်သက် ဖြစ်သည်။ ထို့ကြောင့် ဒေါက်တာ ရာမန်မှာ ဇေရာဘာဒီ လူမျိုး ဖြစ်ပြီး၊ မြန်မာ အမည်မှာ ဦးဖိုးသာဇံ ဖြစ်သည်။

ရန်ကုန် ဟိုက်စကူး ကျောင်းမှ ၁၈၈၄၊ အသက် ၁၄ နှစ်သားတွင် ခုနစ်တန်း အောင်ခဲ့သည်။ မဒရပ်မြို့ ဆေးကျောင်းတွင် ၄ နှစ် သင်ပြီးနောက် ၂၅ ဇူလိုင် ၁၈၈၉ မှ စ၍ ဆေးရုံ လက်ထောက် (Hospital Assistant) ရာထူး ထမ်းဆောင် ခဲ့သည်။ ယိုးဒယား နယ်စပ် ကော်မရှင်တွင် အထူး တာဝန် ယူခဲ့ ရသည်။ ပညာရေးတွင် အိန္ဒိယမှ ဒီဂရီမျှနှင့် ရောင့်ရဲ တင်းတိမ်ခြင်း မရှိသောကြောင့် အလုပ်မှ ခွင့်ယူကာ အင်္ဂလန်နိုင်ငံ တွင် ပညာ ဆက်သင် ခဲ့သည်။ အင်းထရင့် ခေါ် ၉ တန်း စာမေးပွဲ (မက်ထရစ်တန်း)၊ အက်ဖအေ စာမေးပွဲ (အိုင်အေ) တို့ အောင်မြင် ပြီးနောက် အင်္ဂလန် ဆေးသိပ္ပံမှ ဗြိတိန် နိုင်ငံတော် ဆေးပညာ ဒီဂရီကို ရယူ ခဲ့သည်။ ၁၉ဝ၅ တွင် ရန်ကုန် ဆေးရုံကြီး၌ လက်ထောက် ဆရာဝန်ကြီး ရာထူးသို့ ခန့်အပ် ခံရသည်။ ၁၇ ဧပြီ ၁၉ဝ၅ တွင် ဒိစတြိတ် ဆရာဝန်ကြီး ရာထူးသို့ တိုးတက် ထမ်းဆောင် ခဲ့ရသည်။ ထို ရာထူးဖြင့် သုံးခွရမည်းသင်းရွှေဘိုဖျာပုံကသာနှင့် အောက်ချင်းတွင်း ခရိုင် များတွင် အမှု ထမ်းခဲ့သည်။ ၁၉ဝ၇ တွင် ဟံသာဝတီ ခရိုင်၌ ကျောက်ကြီး ရောဂါ တိုက်ဖျက်ရေး တာဝန် ယူခဲ့သည်။ ပလိပ်ရောဂါ ကာကွယ်ဆေး ထိုးရန် နှိုးဆော်ရေး တာဝန်ကို ရန်ကုန် မြူနီစီပယ် အတွက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။ မြန်မာ စာပေတွင် ကျွမ်းဝင် နှံ့စပ် သောကြောင့် ပထမ သူနာပြု သင်တန်း စာကို ပြုစု နေခဲ့ရာ အပြီးတိုင် မရောက် ရှိခဲ့ပေ။

ဘိလပ်ပြန် ဘွဲ့ရ ခရိုင် ဆရာဝန်ကြီး ဖြစ်သော်လည်း မြန်မာစာ မြန်မာမှုတွင် နှစ်ခြိုက် ခုံမင် ခဲ့သည်။ နန်းတွင်း ဇာတ်တော်ကြီးများ ဖြစ်သည့် ဣန္ဒာဝံသ ဇာတ်၊ ရာမ ဇာတ်များမှ အစ ဓားပိန် ဦးမောင်ကြီး၏ ခြောက်ပြားတန် ဇာတ် စာအုပ်များ အထိ ဖတ်မှတ် တတ်သည်။ မြန်မာ ရာဇဝင်၊ ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့ စသည် တို့ကိုလည်း လေ့လာသည်။ ဤအချက် များကို ၁၈၉၆ တွင် ရေးသည့် ပသီပုံပြင် စာအုပ်ကြီးတွင် ပါဠိစာပေကို မြန်မာပြန်သည့် ရေးဟန်မျိုးဖြင့် တွေ့နိုင် သောကြောင့်ပင် ဖြစ်သည်။ ဆီလျှော်ရာရာများကို ထည့်သွင်းရေးသားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)က ပြောကြားခဲ့သည်။

အလီဘာဘာနှင့် ဓားပြကြီးလေးကျိပ်( ခိုးသားလေးဆယ်) ပုံပြင်ကို ဘာသာပြန်ရာတွင် 'ရှေးလွန်လေပြီးသောအခါ ပြအိုး၊တန်ဆောင်း၊ ကျုံးမြောင်းပစ္စင် ၊ရင်တားတံခါးတုရိုဏ် စသောမြို့၏ကျက်သရေ လူနေထိုင် ဈေးဆိုင်ကနား လမ်းမများတို့ဖြင့် တင့်တယ်လျောက်ပတ်သော ပိရ်သျှပြည်ကြီးတွင်'ဟု အစချီ ရေးသားထားဟန်မှာ ရှေးမြန်မာဇာတ်တော်ကြီးများ ရေးဖွဲ့ပုံကို အတုယူထားဟန်ရှိသည်။ ထို့ပြင် အာလာဒင်နှင့် ဣစ္ဆာသယ မှန်အိမ်အကြောင်းတွင်လည်း အာလာဒင်၏ဖခင်က အာလာဒင်အား ဆုံးမဟန်ကို 'မိဘက ကြွယ်ဝချမ်းသာသဖြင့် ရွှေအိမ်ဘုံမြင့်ခုနှစ်ဆင့်တွင် ထားငြားသော်လည်း ပြသာဒ်ဖျားတွင် နားသောကျီးကဲ့သို့ ထိုထိုပစ္စည်းဥစ္စာတို့ကို ဆောင်ရွက်စားသုံခြင်းမပြုနိုင်ပေ' ဟုရေးဖွဲ့ထားခဲ့သည်။ ထိုဆုံးမစာမှာ ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့လာ ဟထ္တိပါလသတို့သား အားဆုံးမခန်းပါ "မစိုးမရိမ်၊နတ်စည်းစိမ်သို့၊ ရွှေအိမ်ဘုံမြင့်၊ခုနှစ်ဆင့်ထက်၊နေလင့်ကစား၊ပြာသာဒ်ဖျားဝယ်၊နားသည့်ကျီးမျှ၊ပမာကျလိမ့်" ဟူသောစာပိုဒ်ကို စကားပြေပြန်ထားခြင်းဖြစ်ပေရာ မြန်မာစာပေကျွမ်းကျင်နှံ့စပ်သူဖြစ်ကြောင်း ဒေါက်တာခင်အေးက ဆိုပါသည်။ [၁]

၁၈၉၆ တွင် အင်္ဂလိပ် ဘာသာဖြင့် ရေးထားသည့် Arabian Nights Entertainment ခေါ် "အာရေဗျ နိုင်ငံ၏ ညအခါ ဖျော်ဖြေရန် ဝတ္ထု" ကို မြန်မာ ဘာသာသို့ ပြန်ဆို ထုတ်ဝေ ခဲ့သည်။ စာအုပ် အရွယ်မှာ အလျား ၈ လက်မခွဲ၊ အနံ ၅ လက်မ ရှိပြီး စာမျက်နှာ ၆၆၁ ပါဝင်သည်။ အဖုံးမှာ ကတ်ထူ အဝတ်ဖုံး အနီရောင် ဖြစ်ပြီး ဘေးဘက် တခု တည်းတွင် ရွှေစာလုံး ကြီးဖြင့် 'ပသီ ပုံပြင် ဝတ္ထုကြီး ပဌမတွဲ' ဟု ရိုက်နှိပ်ကာ၊ အဘိုးငွေ ငါးကျပ်ဖြင့် ရောင်းခဲ့သည်။ စာအုပ်မှာ လူကြိုက် များလှသည်။ အဘိုးငွေ ငါးကျပ် မတတ်နိုင်သူ များသောကြောင့် စာဖတ်သူ အများ အခက် ကြုံခဲ့ရသည်။ ထိုကြောင့် ပုံပြင် ၈ ပုဒ်ကို ရွေးထုတ်၍ တကျပ်တန် စာအုပ် အဖြစ် ရိုက်နှိပ် ထုတ်ဝေ ခဲ့သည်။ ပညာရေး ဌာနက မြန်မာ ဖတ်စာအုပ် အဖြစ် ပြဌာန်းသည်။

ပြဌာန်းချက် စာအုပ် အဖုံးတွင် The Arabian Nights Reader ဟု စာအုပ် အမည်ကို လည်းကောင်း၊ S. A. Rahman ဟု ဘာသာ ပြန်သူ အမည်ကို လည်းကောင်း အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြထားသည့် အပြင် ပသီပုံပြင် ဝတ္ထုကြီး ဟုလည်း မြန်မာ ဘာသာဖြင့် ဖော်ပြ ခဲ့သည်။ အတွင်း မျက်နှာဖုံးတွင်မူ "ဆဋ္ဌမ၊သတ္တမ၊ အဋ္ဌမနှင့် နဝမတန်း များတွင် ဖတ်ရန် ကျောင်းသုံး စာအုပ် ကော်မတီတို့ ပြဋ္ဌာန်းထားသည့် ပသီပုံပြင် ဝတ္ထုကြီး" ဟု မြန်မာ လိုရော အင်္ဂလိပ် လိုပါ ဖော်ပြ ထားသည်။ ရန်ကုန်မြို့ ဗြိတိသျှ ဘားမား ပုံနှိပ်တိုက်က ၁၈၉၉ တွင် ရိုက်နှိပ် ခဲ့သည်။

ကျောင်းသုံး စာအုပ်တွင် အလီဘာဘာနှင့် ဓားပြကြီး လေးကျိပ်တို့ အကြောင်း၊ ကမာရက်ဇမန် မင်းသားနှင့် ပဒေါင်းရာ မင်းသမီး၏ အကြောင်း၊ ဆင်းတဘက်နှင့် သူဆင်းရဲ ကူလီ၏ အကြောင်း၊ အလာဒင်နှင့် ဣစ္ဆာသယ မှန်အိမ် အကြောင်း၊ ကြေးဝါ မြို့ကြီး၏ အကြောင်း၊ ညီမငယ်အား မနာလို ဝန်တိုခြင်း ဖြစ်ကြသော ညီအစ်မ တို့၏ အကြောင်း၊ မဟာမက် မင်းသားနှင့် ဘရီတနောင် နတ်သမီး၏ အကြောင်း ဟူသော ပုံပြင် ၈ ပုဒ် ပါဝင်သည်။

တစ်ဖန် "နိဒါန်းကို မဘတ်က ဇာတ်လုံး မပေါ်မည် ဖြစ်၍ ဘတ်ရှု ကြရန် တောင်းပန် လိုက်ပါသည်။ သက္ဗရာဇ် ၁၂၇ဝ ပြည့် နယုန်လ အတွင်း ပုံနှိပ် ပြီးစီးသည်။ စာအုပ်ရေ ၁ဝဝဝ၊ ရန်ကုန်မြို့ ၂၅ လမ်း စာဆိုတန်း တိုက်နံပါတ် ၄၉၊ ကဝိမျက်မှန် စာပုံနှိပ်တိုက်" ဟု မျက်နှာဖုံး အောက်ပိုင်းတွင် ရေးသား ပုံနှိပ် ထားသည့် တထောင့်တည ပြောရသော ပသီ ပုံပြင် ဝတ္ထုကြီး [စာညွန်း ။ ။ (၁) ဒဂုန် ဦးဘတင်။ ပသီပုံပြင် ဝတ္ထုကို ပထမဆုံး ရေးသားသူ၊ ရှုမဝ (ဖေဖော်ဝါရီ ၁၉၅၉)။ စာ ၁၇၂-၁၇၆။ (၂) သီရိပျံချီ ဦးသာမြတ်။ တို့ဗမာ မူစလင်ကြီး များ၏ လက်ရာများ၊ မြဝတီ (ဖေဖော်ဝါရီ ၁၉၅၉)။ စာ ၄ဝ-၄၃။ (၃) မောင်ခင်မင် (ဓနုဖြူ)။ ပသီပုံပြင် အရေးအသား၊ စာပေမှတ်တိုင် များကို ဖြတ်သန်းခြင်း (၂ဝဝ၄)။ စာ ၈၆-၈၉။ (၄) မလိခ။ မြန်မာစာပေ အဘိဓာန် (၄)။ စာ ၃၃-၃၇။ (၅) ဒေါက်တာရှိတ် အပ္ပဒူရာမန်။ တထောင့်တည ပြောရသော ပသီ ပုံပြင် ဝတ္ထုကြီး။ (၂ ကြိမ်၊ ဖေဖော်ဝါရီ ၁၉၇၇)။ စာ ဓ-န။]၊ ဘိလတ်ပြန် ဘွဲ့ရ ခရိုင် ဆရာဝန်ကြီး ရှိတ်အဗ္ဗဒူ ရာမန် (Dr. S. A. Rahman) ရေးသားသည်။ ဝတ္ထုကြီးကို အတွဲ (၂ဝ) ရေးရ၏။ တအုပ်လျှင် စာမျက်နှာ ၁ဝဝ ကျော်ခန့် ရှိသည်။ ကျောင်းသုံး စာအုပ် ဖြစ်ခဲ့ ဖူးကြောင်း ကိုလည်း ကြားသိ ရပါ၏။ ... ဟူ၍ သီရိပျံချီ ဦးသာမြတ်က ဖော်ပြ ထားသည် ကိုလည်း တွေ့ရသည်။

မလိခ၏ မြန်မာ စာပေ အဘိဓာန် (၄) တွင်မူ "အပ္ပဒူ ရှိတ်ရာမန် ဘာသာ ပြန်သော မူ။ ပုံပြင်ပေါင်း ၃၈ ပုဒ်။ အမည် အပြည့်အစုံမှာ တထောင့်တည ပြောရသော ပသီ ပုံပြင် ဝတ္ထုတော်ကြီး" ဟူ၍ ဖြစ်သည်။ မူလက ပုံပြင် များကို ၁၉ဝ၆ မှ ၁၉ဝ၉ အတွင်း လေးတွဲ ခွဲ၍ ထုတ်ဝေ ခဲ့ပြီး ၁၉၇၇ တွင် စုစည်း ပုံနှိပ် ထုတ်ဝေ၏ ဟု ဖော်ပြ ထားသည်။ ၁၉၇၇ ခု ဖေဖော်ဝါရီ လတွင် ဒုတိယ အကြိမ် ပုံနှိပ် စာအုပ်ကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာ စာအုပ် သမိုင်းဦး ဘာသာပြန် စာအုပ်နှင့် စပ်၍ ကွဲလွဲချက်များကို တွေ့ရှိ လာရ ပါသည်။ ဆက်လက်၍ သုတေသန ပြုသင့်သည် မှာကား ထင်ရှား လှပေ၏။ မည်သို့ပင် ဆိုစေ၊ "...... ပါဠိ စာပေကို မြန်မာ ဘာသာ ပြန်ဆိုသည့် ရေးဟန် မျိုးဖြင့် ခံ့ခံ့ညားညား ရေးသား ထားသည့် အပြင် ဆီလျော်ရာ မြန်မာမှုများ ထည့်သွင်း ထားသည် ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရ ပါသည်။ ..... မြန်မာ စာပေ နှံ့စပ် ကျွမ်းကျင်သော ပုဂ္ဂိုလ်၏ လက်ရာ ဖြစ်ကြောင်း သိသာပါသည်။ ....." ဟူ၍ မောင်ခင်မင် (ဓနုဖြူ) က မှတ်ချက် ချထားရာ လေးစားဖွယ် စာတအုပ် ဖြစ်သည်ကား အမှန်ပင် ဖြစ်ပါ တော့သည်။

တစ်ထောင့်တစ်ညပုံပြင်များကို မြန်မာမှုပြုခဲ့သူ ဦးဖိုးသာဇံ (ခေါ်) ဒေါက်တာ အက်စ်အေရာမန်သည် ၂၉၊ ဇူလိုင်၊၁၉၁၆ (အသက် ၄၆ နှစ် ၆ လ အရွယ်) တွင် ပြင်ဦးလွင်မြို့တွင် ကွယ်လွန်သည်။ ၁၉၁၆ ခု ဩဂုတ်လ ၁ ရက် အင်္ဂါနေ့ထုတ် ရန်ကုန်ဂေဇတ်သတင်းစာတွင် "ဒေါက်တာရာမန် ကွယ်လွန်အနိစ္စရောက်ခြင်းကြောင့် မြန်မာပြည်သူအပေါင်းမှာလည်း တတ်ကျွမ်းသော သမားတော်ကောင်းတစ်ယောက်နှင့် တာဝန်သိသိဇွဲရှိရှိ ဆောင်ရွက်တတ်သော ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးကြရလေသည်။" ဟု အင်္ဂလိပ် ဘာသာဖြင့် ရေးသားဖေါ်ပြခဲ့သည်။ ဦးဖိုးသာဇံသည် သရက်မြို့ဝန်သမီး ဒေါ်ယုနှင့် စုံဖက်ကာ သား၊သမီးလေးဦးဖွားမြင်ခဲ့ရာ သားအကြီးဆုံး ဦးဘတင်မှာ နောင်ရုပ်ရှင်ပြဇာတ်နှင့် မြန်မာစာ၊မြန်မာမှုတို့တွင် ထင်ရှားကျော်ကြားသည့် ဒဂုန်ဦးဘတင် ဖြစ်လာပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Weekly Eleven Journal , Vol.4 , no.20 (၂၃ရက်နေ့ ၊ဖေဖော်ဝါရီလ ၊ ၂၀၀၉ ခု ထုတ်)
  2. ဒဂုန်ပ ဦးဘတင် (ဖေဖော်ဝါရီ ၁၉၅၉). "ပသီ ပုံပြင် ဝတ္ထုတို ပထမဆုံး ရေးသားသူ". ရှုမဝ: ၁၇၂-၁၇၆. 
  3. သီရိပျံချီ ဦးသာမြတ် (ဖေဖော်ဝါရီ). တို့ဗမာ မူစလင်ကြီးများ၏ လက်ရာများ 
  4. မောင်ခင်မင် (ဓနုဖြူ) (၂ဝဝ၄). ပသီပုံပြင် အရေးအသား၊ စာပေ မှတ်တိုင် များကို ဖြတ်သန်းခြင်း, ၈၆-၈၉။ 
  5. မလိခ. မြန်မာ စာပေ အဘိဓာန် အတွဲ ၄, ၃၃-၃၇။ 
  6. ဒေါက်တာ ရှိတ်အပ္ပဒူ ရာမန် (ဖေဖော်ဝါရီ ၁၉၇၇). တထောင့် တည ပြောရသော ပသီ ပုံပြင် ဝတ္ထုကြီး, ဒုတိယအကြိမ်။ 
  7. ရာပြည့် ဦးစိုးညွန့် (ဇူလိုင် ၂ဝဝ၅). ၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း