မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံရှိ အထူးဒေသများ

ဝီကီပီးဒီးယား မှ
(ရှမ်းပြည်နယ်ရှိ အထူးဒေသများ မှ ပြန်ညွှန်းထားသည်)

မြန်မာနိုင်ငံတွင် သတ်မှတ်ထားသည့် “အထူးဒေသများ” (Special Regions) သည် ၁၉၈၉ ခုနှစ်တွင် မြန်မာ့တပ်မတော် (နဝတအစိုးရ) နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်လာသော လက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ချုပ်ဆိုမှုအပြီး သတ်မှတ်ခေါ်ဆိုရာမှ[၁] စတင်ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်းတွင် ဗကပမဟုတ်သည့်အခြားအပစ်ရပ်အဖွဲ့များကိုပါ အထူးဒေသများအသိအမှတ်ပြုပေးခဲ့သည်။[၂] အထူးဒေသများသည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင် တည်ရှိကြကြောင်းသိရသည်။ ရှမ်းပြည်နယ်တွင် ၁၃ ခု[၃][၄] အထိရှိသဖြင့် အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်တွင် ၂ ခု၊[၅] ကယားပြည်နယ်တွင် ၃ ခု၊[၅] မွန်ပြည်နယ်တွင် ၁ ခု[မှတ်စု ၁] နှင့် ကရင်ပြည်နယ်တွင် ၇ ခု[မှတ်စု ၂] ရှိကြောင်းသိရသည်။

ဤဒေသများတွင် တချို့အဖွဲ့အစည်းများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စနစ်များကို သီးခြားတည်ဆောက်နိုင်ခဲ့သည်။ ထိုအဖွဲ့အစည်းများသည် မြန်မာ့တပ်မတော်၏ ချမှတ်ချက်များနှင့် တခါတရံ တင်းမာမှုရှိခဲ့သော်လည်း မိမိတို့ထိန်းချုပ်နေသည့်ဒေသများကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။

အထူးဒေသများစာရင်း

[ပြင်ဆင်ရန်]

အထူးဒေသများသည် နိုင်ငံရေးနှင့်စစ်ရေးအခြေအနေများအရ ပြောင်းလဲနိုင်ပြီး နယ်မြေဆုံးရှုံးလိုက်ရသည့်အဖွဲ့များ၊ အထူးဒေသအမည်ကိုစွန့်လွှတ်လိုက်သည့်အဖွဲ့များလည်းရှိခဲ့သည်။ ထိုအဖွဲ့များအပါအဝင် ၁၉၈၉ခုနှစ်နှင့်နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သည့် အထူးဒေသများမှာ အောက်ပါအတိုင်းဖြစ်သည်။

အလံ မူလသတ်မှတ်ထားသည့်အမည် ဒေသအဖွဲ့မှအသုံးပြုသည့်အမည် ဗဟိုအစိုးရမှအသုံးပြုသည့်အခြားအမည် တည်ထောင်သည့်နေ့
ရှမ်းပြည်နယ် အတွင်းရှိ အထူးဒေသများ
ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၁) ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ(၁)
缅甸联邦第一特区
ကိုးကန့်အထူးဒေသ(၁) ၂၁ မတ် ၁၉၈၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၂) မြန်မာနိုင်ငံအထူးဒေသ(၂)"ဝ"ပြည်နယ်
缅甸第二特区佤邦
"ဝ"အထူးဒေသ(၂) ၉ မေ ၁၉၈၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၃) ရှမ်းအထူးဒေသ(၃) ၂၄ မေ ၁၉၈၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အထူးဒေသ(၄) ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ(၄)
缅甸掸邦东部第四特区
မိုင်းလားအထူးဒေသ(၄) ၃၀ ဇွန် ၁၉၈၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၅) ကချင်အထူးဒေသ(၅) ၁၃ ဇန်နဝါရီ ၁၉၉၁
ရှမ်းပြည်နယ်(တောင်ပိုင်း)အထူးဒေသ(၆) အထူꩻဒေႏသ(၆)
အထူးဒေသ(၆)
ပအိုဝ်းအထူးဒေသ(၆) ၁၁ ဧပြီ ၁၉၉၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၇) ပလောင်အထူးဒေသ(၇) ၂၁ ဧပြီ ၁၉၉၁
ရှမ်းပြည်နယ်(တောင်ပိုင်း)အထူးဒေသ(၁၃) ၉ အောက်တိုဘာ ၁၉၉၄
ကချင်ပြည်နယ် အတွင်းရှိ အထူးဒေသများ
ကချင်ပြည်နယ်အထူးဒေသ(၁) ကချင်အထူးဒေသ(၁) ၁၅ ဒီဇင်ဘာ ၁၉၈၉
ကချင်ပြည်နယ်အထူးဒေသ(၂) ကချင်အထူးဒေသ-၂(ကေအိုင်အို) ကချင်အထူးဒေသ(၂) ၂၄ ဖေဖော်ဝါရီ ၁၉၉၄
ကယားပြည်နယ် အတွင်းရှိ အထူးဒေသများ
ကယားပြည်နယ်အထူးဒေသ(၁) ၂၇ ဖေဖော်ဝါရီ ၁၉၉၂
ကယားပြည်နယ်အထူးဒေသ(၂) ၉ မေ ၁၉၉၄
ကယားပြည်နယ်အထူးဒေသ(၃) အလယ်ကယန်းအထူးဒေသ(၃) ၂၆ ဇူလိုင် ၁၉၉၄
မွန်ပြည်နယ် အတွင်းရှိ အထူးဒေသများ
ရေးချောင်းဖျားအထူးဒေသ ၂၉ ဇွန် ၁၉၉၅
ကရင်ပြည်နယ် အတွင်းရှိ အထူးဒေသများ
မြိုင်ကြီးငူအထူးဒေသ ၁၉၉၄
ကော့ယက္ခကျေးရွာအမှတ်(၁)အထူးဒေသ ကော့ယက္ခအထူးဒေသ(၁) ၂၉ ဇွန် ၁၉၉၅
ဟောင်သရောအထူးဒေသ ၂၄ ဖေဖော်ဝါရီ ၁၉၉၇
ဘုရားကုန်းအထူးဒေသ ၂၀ ဧပြီ ၁၉၉၈
သံတောင်အထူးဒေသ ၁၉၉၈
သံတောင်(မြောက်ပိုင်း)အထူးဒေသ ၁၉၉၉
ကြာအင်းပေါ်တော်မူအထူးဒေသ ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေးအထူးဒေသ

ရှမ်းပြည်နယ်ရှိအထူးဒေသများ

[ပြင်ဆင်ရန်]

ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၁)

[ပြင်ဆင်ရန်]

အဆိုပါဒေသသည် ကိုးကန့်ဒေသတွင် တည်ရှိပြီး၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ထိန်းချုပ်သည်။ MNDAA သည် ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်တွင် ဗကပမှ ခွဲထွက်လာသော တပ်ဖွဲ့ဝင်များက ဖုန်ကြားရှင် ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ [၁၆] ၎င်းအဖွဲ့သည် မြန်မာ့တပ်မတော်အစိုးရနှင့် ပထမဆုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုခဲ့သည်။ ထိုသဘောတူညီချက်အရ ကိုးကန့်ဒေသကို ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ (၁) အဖြစ် သတ်မှတ်ခဲ့သည်။[၁၇]

၂၀၀၉ ခုနှစ်တွင် တပ်မတော်၏ နယ်ခြားစောင့်တပ် (BGF) စနစ်သို့ ပူးပေါင်းရန် ဖိအားပေးမှုကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး MNDAA သည် ဒေသအချို့မှ နောက်ဆုတ်ခဲ့ရသည်။ [၁၈]

သို့သော် ၂၀၁၅ ခုနှစ်တွင် ပြန်လည်တိုက်ခိုက်မှုများဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်တွင် "၁၀၂၇ စစ်ဆင်ရေး" အတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ပံ့ပိုးမှုဖြင့် အထူးဒေသ(၁)အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အခြားသောနယ်မြေများကိုလည်းအထူးဒေသအတွင်းထည့်သွင်းထိန်းချုပ်ခဲ့သည်။[၁၉]

ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၂)

[ပြင်ဆင်ရန်]

ဤဒေသကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ထိန်းချုပ်ထားသည်။ ၎င်းအဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် ဗကပ၏ ဝဒေသရှိ တပ်ဖွဲ့ဝင်များက ပေါက်ယူချန်း ဦးဆောင်၍ ခွဲထွက်ဖွဲ့စည်းခဲ့သည်။ [၂၀] UWSA သည် မြန်မာ့တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ချုပ်ဆိုပြီးနောက် ဝဒေသကို ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ (၂) အဖြစ်သတ်မှတ်ခဲ့သည်။

ယနေ့တွင် UWSA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် အင်အားအကြီးဆုံးအဖွဲ့ဖြစ်ပြီး တရားရေး၊ စီးပွားရေး၊ စစ်ရေးတို့ပါဝင်သော ကိုယ်ပိုင်စနစ်တကျအုပ်ချုပ်မှုကို တည်ဆောက်ထားသည်။[၂၁]

၂၀၁၀ ပြည့်နှစ်က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန် ဖိအားပေးမှုကို ငြင်းဆိုခဲ့ပြီး မိမိတို့၏ စစ်ရေးဖွဲ့စည်းပုံအတိုင်း ဆက်လက်ရပ်တည်ခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၃)

[ပြင်ဆင်ရန်]

ဤဒေသကို ရှမ်းပြည်တိုးတက်ရေးပါတီ (Shan State Progress Party - SSPP) နှင့် ၎င်း၏ တပ်ဖွဲ့ဖြစ်သော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (Shan State Army - North, SSA-N) မှ ထိန်းချုပ်သည်။ SSPP/SSA-N သည် ဗကပမှ တိုက်ရိုက်ခွဲထွက်ခြင်းမဟုတ်ဘဲ ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

၎င်းတို့သည် ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် မြန်မာ့တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုခဲ့သည်။ ထိုသဘောတူညီချက်အရ မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းမြို့နယ်များပါဝင်သော ဒေသကို အထူးဒေသ (၃) အဖြစ် သတ်မှတ်ခဲ့သည်။

SSPP သည် တပ်မတော်နှင့် တခါတရံ တိုက်ပွဲဖြစ်ပွားခြင်းများရှိသော်လည်း ထိန်းချုပ်နယ်မြေများကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။[၂၂][၂၃]

၂၀၂၃ ခုနှစ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းပြီး စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အထူးဒေသ(၄)

[ပြင်ဆင်ရန်]

ဤဒေသမှာ မိုင်းလားဒေသတွင် တည်ရှိပြီး၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (National Democratic Alliance Army - NDAA) မှ ထိန်းချုပ်သည်။ NDAA သည် ၁၉၈၉ ခုနှစ် ဧပြီ ၁၉ ရက်တွင် ဗကပမှ ခွဲထွက်လာသော မိုင်းလားဒေသရှိ တပ်ဖွဲ့ဝင်များက လင်းမင်းရှန် ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။

၎င်းအဖွဲ့သည် မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုပြီးနောက် မိုင်းလားဒေသကို အထူးဒေသ (၄) အဖြစ် သတ်မှတ်ခဲ့သည်။ NDAA သည် မိမိဒေသအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ အထူးဒေသ (၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းဒေသတို့ ပါဝင်သည်။[၂၄]

ရှမ်းပြည်နယ်(တောင်ပိုင်း)အထူးဒေသ(၆)

[ပြင်ဆင်ရန်]

ရှမ်းပြည်အထူးဒေသ (၆) သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (Pa-O National Organisation - PNO) နှင့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသားတပ်မတော် (Pa-O National Army - PNA) တို့က အုပ်ချုပ်သည့် နယ်မြေဒေသဖြစ်သည်။ ဤဒေသသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ "ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ" အဖြစ် တရားဝင် သတ်မှတ်ထားသော နယ်မြေလည်း ဖြစ်ပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အဓိကအားဖြင့် ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်း မြို့နယ်များ၏ အစိတ်အပိုင်းများကို စုစည်းဖွဲ့စည်းထားသည်။ အထူးဒေသ (၆) ၏ အုပ်ချုပ်ရေးဆိုင်ရာ ဗဟိုဌာနချုပ်သည် ဟိုပုံးမြို့ တွင် တည်ရှိသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၁၉၉၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ပြီး ထိုသဘောတူညီချက်အရ PNO/PNA အား ရှမ်းပြည်နယ်တောင်ပိုင်းရှိ ၎င်းတို့၏ လွှမ်းမိုးရာနယ်မြေများကို အထူးဒေသ (၆) အဖြစ် သတ်မှတ်ပေးခဲ့သည်။ နောက်ပိုင်းတွင် PNA သည် အစိုးရ၏ အသွင်ပြောင်းပြည်သူ့စစ် (People's Militia Force - PMF) အဖြစ် အသွင်ပြောင်းခဲ့ပြီး တပ်မတော်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။[၂၅]

ရှမ်းပြည်နယ်​(မြောက်ပိုင်း)အထူးဒေသ(၇)

[ပြင်ဆင်ရန်]

၁၉၉၁ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့/တပ် (PSLO/A) နှင့် နဝတအစိုးရတို့ အပစ်အခတ်ရပ်စဲပြီးနောက် နမ့်ဆန်နှင့်မန်တုံဒေသကို ရှမ်းပြည်နယ် ပလောင်အထူးဒေသ (၇) ဟု သတ်မှတ်ခဲ့သည်။[၂၆][၂၇]

ရှမ်းပြည်နယ်​(တောင်ပိုင်း)အထူးဒေသ(၁၃)

[ပြင်ဆင်ရန်]

၁၉၉၄ခုနှစ် ဧပြီလ ၉ရက်နေ့၌ ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ/SSNPLO) ပအိုဝ်းနီ တို့နှင့် နဝတအစိုးရတို့ အပစ်အခတ်ရပ်စဲပြီးသောအခါ ရှမ်းပြည်နယ်တောင်ပိုင်းအထူးဒေသ(၁၃)အဖြစ် သတ်မှတ်ခဲ့သည်။[၃][၄]

မှတ်စု

[ပြင်ဆင်ရန်]
  1. ↑ မွန်ပြည်သစ်ပါတီတွင် အထူးဒေသနှစ်ခုရှိပြီး[၆] မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တည်ရှိကြောင်း[၅] သိရသည်။
  2. ↑ ကော့ယက္ခအထူးဒေသ(၁)မှအပ ကရင်ပြည်နယ်ရှိကျန်အထူးဒေသအမည်များတွင် အမှတ်စဉ်​ဂဏန်းမပါဝင်ပါ။
    • ကော့ယက္ခကျေးရွာအမှတ်(၁)အထူးဒေသ၊[၇]
    • ဟောင်သရောအထူးဒေသ၊[၈][၉]
    • ဘုရားကုန်းအထူးဒေသ၊[၈][၉]
    • သံတောင်အထူးဒေသ၊[၈][၁၀][၉]
    • သံတောင်(မြောက်ပိုင်း)အထူးဒေသ၊[၈][၁၀]
    • မြိုင်ကြီးငူအထူးဒေသ[၁၁][၁၂][၁၃]
    • ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေးအထူးဒေသ[၁၄][၁၅]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Chao၊ Chung-chi (ဇွန် ၂၀၂၆)၊ "The Dragon on the White Elephant: Two "Chinas" Fracture Myanmar's State-Building in the Cold War"၊ International Journal of China Studies၊ Department of Southeast Asian Studies, National Chi Nan University၊ 17 (1): 161, 162၊ ၁ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး
  2. ↑ (၅)နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသစ်တွေ ထပ်မံထွက်ပေါ်လာနိုင်သလား။ NP News (၁၆ ဇွန် ၂၀၂၆)။ ၁ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  3. 1 2 ဝထကလသ(နတလ) (၉ ဇူလိုင် ၂၀၂၄)။ “ဖွံ့ဖြိုး ရှင်သန် လှပ မဲနယ်တောင်တန်းဒေသ” (၁)။ ၁၇ မတ် ၂၀၂၆ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။ “ထို့နောက် ပွန်ချောင်းအရှေ့ခြမ်း ကဒူးကြီး- ကဒူးလေး၊ မဲနယ်တောင်ကြောနှင့် ဟိုနမ့်ဒေသ တွင် အဓိကလှုပ်ရှားခဲ့သူ ဦးတာကလယ်၏ “ရလလဖ” အဖွဲ့သည်လည်း ၉- ၁၀- ၁၉၉၄ တွင် တရားဥပဒေ ဘောင်အတွင်း ထပ်မံဝင်ရောက်လာပါတော့သည်။ နိုင်ငံတော်သည် အပစ်အခတ်ရပ်စဲရေး ရယူသဘောတူညီပြီးနောက် “ရလလဖ” အဖွဲ့ အခြေ ပြုသည့် ဒေသအား ရှမ်းပြည်နယ်တောင်ပိုင်းအထူးဒေသ (၁၃) အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။”
  4. 1 2 ထွန်းဝင်းငြိမ်း (ဒီဇင်ဘာ ၂၀၁၉)။ ရလလဖ သို့မဟုတ် တောင်ပေါ်မြေရဲ့ အခြားမျက်နှာ။ မော်ကွန်းမဂ္ဂဇင်း။ ၂၀ ဖေဖော်ဝါရီ ၂၀၂၀ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။ “ဆီဆိုင်မြို့သည် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (Pa-Oh National Organization- PNO)၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး နောင်ထောင်က ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ အထူး ဒေသ ၁၃ ဖြစ်သည်။ ... သို့အတွက် ၁၉၉၄ အောက်တိုဘာလတွင် ဥက္ကဋ္ဌဦးတာကလယ် ခေါင်းဆောင်သည့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ခေါ် (ပအိုဝ်းနီ)အဖွဲ့သည် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ယူလိုက်ရပါသည်။ နအဖစစ်အစိုးရက ‘ရလလဖ’ ကို ရှမ်းပြည်တောင်ပိုင်း အထူးဒေသ ၁၃ အဖြစ် သတ်မှတ်ခဲ့သည်။ ... ကားလမ်းအဝင်ဝ၌ အနီရောင်အောက်ခံတွင် အဖြူရောင်စာလုံးများဖြင့် အထူးဒေသ ၁၃၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ ‘နှစ် ၇၀ ပြည့် ရှမ်းပြည်ပဒေသရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေးနေ့ အခမ်းအနား’ ခေါင်းစီးမုခ်ဦးကိုတွေ့ရသည်။”
  5. 1 2 3 Kim၊ Jolliffe (ဇူလိုင် ၂၀၁၅)၊ Ethnic Armed Conflict and Territorial Administration in Myanmar (PDF)၊ The Asia Foundation၊ ၂ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး
  6. ↑ Kim၊ Jolliffe; South၊ Ashley (မတ် ၂၀၁၄)၊ Ceasefires and durable solutions in Myanmar: a lessons learned review & Commentary: IDPs and refugees in the current Myanmar peace process (PDF)၊ Policy Development and Evaluation Service, United Nations High Commissioner for Refugees၊ ၁ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး၊ So on 29 June 1995, a ‘gentleman’s agreement’ was made, without signatures, that gave the NMSP two semi-autonomous ‘Special Regions’, one of which encompassed all of the IDP sites.
  7. ↑ နိုင်ကွန်းအိမ် (၁၅ အောက်တိုဘာ ၂၀၁၀)။ မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ တပ်မဖြန့်ရ၊ တနေရာတည်းမှာနေဖို့ စစ်အစိုးရညွှန်ကြား။ ၂ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  8. 1 2 3 4 သတင်းစဉ်။ "လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်၏ “ကရင်ပြည်နယ်အတွင်းမှ စစ်ပြေးဒုက္ခသည်များ” နှင့် စပ်လျဉ်းသည့်မေးခွန်းကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်း ပြန်လည်ဖြေကြား"၊ ၂၁ မတ် ၂၀၁၁။ "၎င်းအဖွဲ့များမှာ ဦးသာထူးကျော် ဦးဆောင်သော ဒီကေဘီအေအဖွဲ့၊ ဦးစောသမူဟဲ ဦးဆောင်သော ဟောင်သရောအထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့၊ ဖဒိုအောင်ဆန်း ဦးဆောင်သော ဘုရားကုန်း အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့၊ ဦးစောဖယ်ရီမိုး ဦးဆောင်သော သံတောင်အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့၊ ဦးကိုကြီး ဦးဆောင်သော သံတောင်(မြောက်ပိုင်း) အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့နှင့် ဦးဌေးမောင် ဦးဆောင်သော KNU/KNLA ငြိမ်းချမ်းရေးကောင်စီအပါအဝင် စုစုပေါင်းအဖွဲ့ ခြောက်ဖွဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပါကြောင်း၊"
  9. 1 2 3 Keenan၊ Paul (၂၀၁၂)။ By Force of Arms Armed Ethnic Groups in Burma။ Vij Books India Pvt Ltd။ ၃ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  10. 1 2 Kim၊ Jolliffe (ဒီဇင်ဘာ ၂၀၁၆)၊ Ceasefires, Governance, and Development: The Karen National Union in Times of Change (PDF)၊ The Asia Foundation၊ ၃ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး
  11. ↑ myintmyat (၂၀ အောက်တိုဘာ ၂၀၁၈)။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ ၊ ကျေးဇူးတော်ရှင် မြိုင်ကြီးငူ ဆရာတော် ၏ အန္တိမအဂ္ဂိဈာပန ကျင်းပနိုင်ရေးအတွက် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်။ ၂ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  12. ↑ မြိုင်ကြီးငူ အထူး ဒေသ ၊မြိုင်ကြီးငူ ဒုတိယဆရာ​တော် ဘုရား၏( ၆၇) နှစ်ပြည့် ဝဇာတ ​မွေး​နေ့မင်္ဂလာ သဘင် သို့ ​ဒေသခံပြည်သူအများအပြားတက်​ရောက်။ Eleven Media Group (၂၈ ဧပြီ ၂၀၂၆)။ ၂ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  13. ↑ Boarding House for Middle and High School Students in Myaing Gyi Ngu။ People In Need။ ၃ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  14. ↑ ရွေးကောက်ပွဲများအား အပြည့်အဝထောက်ခံကြောင်းနှင့် တတ်စွမ်းသမျှ ကူညီကာကွယ်စောင့်ရှောက် ပေးသွားမည်ဖြစ်ကြောင်း မူလ D.K.B.A အဖွဲ့ ထုတ်ပြန်။ People Media Myanmar (၂ စက်တင်ဘာ ၂၀၂၆)။
  15. ↑ စစ်ကော်မရှင် ရွေးကောက်ပွဲကို ကြိုဆိုထောက်ခံတယ်လို့ ခွဲထွက် DKBA ပြော။ သံလွင်တိုင်းမ် Than Lwin Times Media (၁၉ စက်တင်ဘာ ၂၀၂၅)။ ၂ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  16. ↑ South, Ashley (2008). Ethnic politics in Burma: states of conflict. Taylor & Francis. p. 140. ISBN 978-0-203-89519-1.
  17. ↑ South, Ashley (2008). Ethnic politics in Burma: states of conflict. Taylor & Francis. p. 140. ISBN 978-0-203-89519-1.
  18. ↑ "ကိုးကန့်အရေးအခင်း"၊ VOA Burmese၊ ၁၉ ဖေဖော်ဝါရီ၊ ၂၀၁၅။ 26 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 26 May 2025။
  19. ↑ "အထူးဒေသ(၁) ပြန်တည်ဆောက်ရေး အရေးကြီးသောအချိန်ဟု MNDAA ဥက္ကဋ္ဌပြော"၊ CNI Myanmar၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂။ 26 Myanmar 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 26 May 2025။
  20. ↑ Chouvy၊ Pierre-Arnaud (24 January 2004)။ Myanmar's Wa: Likely Losers in the Opium War။ Geopium။ 26 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2025 တွင် ပြန်စစ်ပြီး။
  21. ↑ Lawi Weng။ UWSP Proposes Wa Autonomous Region။ The Irrawaddy magazine, 5 January 2009။ ၁၁ ဇန်နဝါရီ ၂၀၁၆ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2009 တွင် ပြန်စစ်ပြီး။
  22. ↑ Elusive Nationwide Ceasefire Agreement Continues to Distract from Substantial Peace Talks။ 9 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 September 2014 တွင် ပြန်စစ်ပြီး။
  23. ↑ Uncertainty Reigns in Shan State။ 12 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2025 တွင် ပြန်စစ်ပြီး။
  24. ↑ "မိုင်းလားမြေပေါ်က မေးခွန်းများ"၊ Eleven Media။ 26 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 26 May 2025။
  25. ↑ The Pa-O People’s Military Strength in Their Self-Administered Region။ MoeMaKa (October 1, 2024)။ 2025-6-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-14 တွင် ပြန်စစ်ပြီး။
  26. ↑ Buscemi၊ Francesco (၂၂ စက်တင်ဘာ ၂၀၂၂)၊ ‘Blunt’ biopolitical rebel rule: on weapons and political geography at the edge of the state၊ p. 12, 13၊ ၂ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး
  27. ↑ တအောင်း (ပလောင်) စာပေနှင့်ယဉ်ကျေးမှု ညီလာခံ ကျင်းပ။ DVB (၂၆ မတ် ၂၀၁၃)။ ၂ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။