ရှမ်းပြည်တပ်မတော်- (Shan State Army-SSA) သောင်းကျန်းသူသမိုင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရှမ်းပြည်နယ်
Flag of the Shan State.svg
မြို့တော် တောင်ကြီးမြို့
ဧရိယာ ၁၅၅,၈၀၀ km²
လူဦးရေ ၄,၇၀၂,၀⁠၀၀ (၁၉⁠၉၉)
လူမျိုးများ ရှမ်းဗမာတရုတ်ဓနုအင်းသားပလောင်ပအိုဝ်းတောင်ရိုးဂေါ်ရခါးကုလား
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်ဟိန္ဒူ
MyanmarShan.png


သတိုးမဟာ သရေစည်သူ စဝ်ရွှေသိုက်၏ ကြင်ယာတော်ကား သျှမ်းပြည်တပ်မတော် အက်စ်အက်စ်အေကို ဦးဆောင် တည်ထောင်ခဲ့သူ မဟာဒေဝီစောဝ် နန်းဟိန်ခမ် ဖြစ်သည်။

နိဒါန်း[ပြင်ဆင်ရန်]

၁။ ပြည်တွင်းသောင်းကျန်းသူသမိုင်းသည် လွတ်လပ်ရေးမရမီ နှစ်အနည်းငယ်မှစတင်၍ ယခုအခါ နှစ်ပေါင်း ၆၆ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

ပြည်တွင်းသောင်းကျန်းမှုအစသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သခင်စိုးဦးဆောင်သည့် အလံနီကွန်မြူနစ်ပါတီ တောခိုခဲ့ရာမှ စတင်သည်ဟု

မှတ်ယူနိုင်ပါသည်။ ပြည်တွင်းသောင်းကျန်းမှုစတင်ခဲ့ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ကိုလိုနီ၏ကျွန်ဖြစ်ခဲ့ရခြင်း၊ ဒုတိယကမ္ဘာစစ်အတွင်း စစ်တလင်းပြင်ဖြစ်ခဲ့ရခြင်း၊

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတွင် နိုင်ငံရေးအယူအဆများကွဲလွဲနေခြင်း၊ နယ်ချဲ့တို့ ဖန်တီးခဲ့သည့် သွေးခွဲမှုပြဿနာများကြောင့် ပြည်တွင်းသောင်းကျန်းမှုများ

သန္ဓေတည်ခဲ့ရပေသည်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးခေတ်ဦးမှစတင်၍ နိုင်ငံကိုအုပ်ချုပ်ခဲ့သော ဖဆပလအစိုးရ၊ အိမ်စောင့်အစိုးရ၊ ပြည်ထောင်စုအစိုးရ၊

တော်လှန်ရေးအစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရများနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့မှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်

ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်အထိ သောင်းကျန်းမှုမျိုးစုံကို နှိမ်နင်းခဲ့ရပါသည်။

၂။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းကာလများတွင် တပ်မတော်သည် လွတ်လပ်ရေးကို ထိပါးနှောင့်ယှက် မည့်အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းခဲ့ရပါသည်။

စစ်ရေးအရ ဖြေရှင်းခဲ့ရသည်များရှိသကဲ့သို့ နိုင်ငံရေးအရ ဖြေရှင်းခဲ့ရသည်များလည်း ရှိခဲ့ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးထက် မိမိတို့အာဏာရရှိရေးကို

ရှေ့တန်းတင်ကာ အလဲလဲအပြိုပြိုဖြစ်နေကြသော နိုင်ငံရေးအရှုပ်အထွေးများ၊ ဂယက်များ၊ အဆိုးဆုံးသော အကျိုးဆက်များကို ရင်ဆိုင်ဖြေရှင်းရင်း နိုင်ငံတော်ကို

ထိန်းသိမ်းကာကွယ်ခဲ့ရသည်ကလည်း အကြိမ်ကြိမ်ရှိခဲ့ ပြီဖြစ်ပါသည်။ သောင်းကျန်းမှုအမျိုးမျိုးကြောင့် နိုင်ငံတော်ကြီး မီးဟုန်းဟုန်းတောက်လောင်တော့မည့်

အခြေအနေ ကို စောင့်ရှောက်ခဲ့ကြရသည့် စစ်ဆင်ရေးကြီးများ၊ တိုက်ပွဲကြီးများ၊ တိုက်ပွဲငယ်များလည်း မရေမတွက်နိုင် လောက်အောင်ပင် ရှိခဲ့သည်ဖြစ်ပါသည်။

၃။ တပ်မတော်သည် ပြည်တွင်းသောင်းကျန်းမှုများကို အစဉ်တစိုက် တိုက်ခိုက်နှိမ်နင်းလျက်ရှိရာ ယနေ့ အထိ အောင်ပွဲခံနေဆဲပင်ဖြစ်သည်။ ပြည်သူလူထုသည်

သောင်းကျန်းသူများ၏ အဖျက်လုပ်ငန်းများကို နှစ်ရှည်လများစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ ပြည်တွင်းသောင်းကျန်းမှုများအပေါ် အလွန်ငြီးငွေ့နေပြီဖြစ်ပါသည်။

သောင်းကျန်းသူများ၏ အဖျက်လုပ်ငန်းများအပေါ်တွင်လည်း သည်းမခံနိုင်ကျတော့ပေ။ ထို့ကြောင့် တပ်မတော်နှင့် ပိုမိုပူးပေါင်း၍ သောင်းကျန်းသူအဖျက်သမားများ

အား ရှေ့တန်းဒေသအသီးသီးတွင် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြ ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိကာစကာလများတွင် တစ်နိုင်ငံလုံးကို ကောင်းစွာခြိမ်းခြောက်

နိုင်ခဲ့သော သောင်းကျန်းသူများမှာ တဖြည်းဖြည်းနှင့် နယ်စွန်နယ်ဖျားဒေသများတွင်သာ ခိုအောင်းနေခဲ့ကြရသည်။

ရှမ်းပြည်တပ်မတော် (SSA) ပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]

၄။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပါလာခဲ့သော ပြည်တွင်းသောင်းကျန်းမှုများကို ရင်ဆိုင်လာခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော

ရှမ်းပြည်နယ်တွင်လည်း ရှမ်းသောင်းကျန်းသူ များသည် ၁၉၅၂ ခုနှစ်တွင် စတင်မြစ်ဖျားခံခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် မြန်မာ့မြေပေါ်သို့ ကျူးကျော်ဝင်ရောက်

လာသည့် တရုတ်ဖြူများအား တပ်မတော်မှ ၃ နှစ်ကြာမျှ နဂါးနိုင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေးနှင့် ရန်ကြီးအောင်စစ်ဆင်ရေးများဖြင့် တိုက်ခိုက်နှိမ်နင်း

ခဲ့ပါသည်။ ထိုသို့တိုက်ခိုက်နေစဉ် စစ်ဆင်ရေးဒေသများ၌ စစ်အုပ်ချုပ်ရေးသဖွယ် တပ်မတော်မှ ချုပ်ကိုင်ခဲ့သည်ကို ပဒေသရာဇ်စော်ဘွားများ၊ မြို့စားများက

မခံမရပ်နိုင် ဖြစ်ခဲ့ကြပါသည်။ ၁၉၅၄ ခုနှစ်တွင် ၁ ကြိမ်၊ ၁၉၅၇ ခုနှစ်တွင် ၁ ကြိမ်၊ မိုင်းရယ်မြို့တွင် စည်းဝေးလျက် ရှမ်းပြည်နယ်ကို ပြည်ထောင်စုမှခွဲထွက်ရန်

တောင်းဆိုခဲ့ကြပါသည်။ ပဒေသရာဇ်စော်ဘွားများသည် ရှမ်းပြည်နယ်ကို ပြည်ထောင်စုမှခွဲထွက်ရန် မြေပေါ်တွင် ထင်ထင်ရှားရှား စည်းရုံးလှုပ်ရှားသကဲ့သို့

အခြားတစ်ဖက်မှလည်း လက်နက်ကိုင်ပုန်ကန်မှုအတွက် နွံစစ်ဟန်၊ တိုင်းနွမ်း၊ တိုင်းလုံ စသည်ဖြင့် လူငယ်အဖွဲ့အစည်းများ လျှို့ဝှက် ဖွဲ့စည်းလှုပ်ရှားစေခဲ့ပါသည်။

၅။ ရှမ်းသောင်းကျန်းသူလက်နက်ကိုင်အဖွဲ့အစည်းများဖွဲ့စည်းခြင်း။ ရှမ်းစော်ဘွားများသည် ပဒေသရာဇ်အာဏာစွန့်လွှတ်ရမည်ကို စိုးရိမ်ကြသည့်အတွက်

၁၉၅၇ ခုနှစ်၊ နှစ်ဦးပိုင်းမှစ၍ နိုင်ငံရေးဆူပူမှုများ ပြုလုပ်ရန် လှုံ့ဆော်မှု၊ ရှမ်း-ဗမာ မုန်းတီးရေးသွေးခွဲမှုနှင့် ၁ဝ နှစ်ပြည့်လျှင် ပြည်ထောင်စုမှခွဲထွက်ရေး

ဦးတည်လှုပ်ရှားမှုများကို စတင်ခဲ့ပါသည်။ ငွေကြေး၊ လူ၊ လက်နက်စုဆောင်းခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း များကို ပြုလုပ်လာခဲ့ကြပါသည်။ အထူးသဖြင့်

ထိုစဉ်ကတရုတ်ဖြူတပ်များ ဝင်ရောက်အခြေပြုထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ကျိုင်းတုံနယ်တွင် စော်ဘွားမျိုးနွယ်များဦးစီး၍ လက်နက်ကိုင်ဆူပူရေးအတွက်

ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့အသွင်ဖြင့် လူငယ်များကို လေ့ကျင့်ဖွဲ့စည်းလာခဲ့ပါသည်။ သက်ဆိုင်ရာမှ အရေးယူ ထိန်းသိမ်းသောအခါ ကျိုင်းတုံစော်ဘွား၏ ဦးလေး

တော်စပ်သူ စိုင်းနွဲ့သည် ထိုင်း-မြန်မာနယ်စပ်သို့တိမ်းရှောင် ကာ လူအင်အားစုဆောင်း ဖွဲ့စည်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါသည်။

၆။ လက်နက်ကိုင်တိုက်ခိုက်လာခြင်း။ ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် စိုင်းနွဲ့သည် နွံစစ်ဟန် (ခေါ်) ရဲရင့်သောရှမ်းလူမျိုးများအဖွဲ့အမည်ဖြင့်

ရှမ်းသောင်းကျန်းသူအဖွဲ့တစ်ဖွဲ့ကို ထိုင်း-မြန်မာနယ်စပ် ဟွေပုတော ခန့်မှန်းမြေပုံညွှန်း (အယ်လ်တီ-၈၅၅၆)တွင် ဖွဲ့စည်းခဲ့ပါသည်။ ယင်းသတင်းကို ကြားသိရသော

အခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ လူငယ်များနှင့် တက္ကသိုလ်ကျောင်းသားများ တစ်သုတ်ပြီးတစ်သုတ် လာရောက် ပူးပေါင်းခဲ့ကြ၍ အင်အား ၄ဝဝ ခန့် စုစည်းမိ

သောအခါ ဌာနချုပ်ကို ထိုင်းနိုင်ငံအတွင်းရှိ ပန်းတောင်း ခန့်မှန် မြေပုံညွှန်း (အယ်လ်တီ-၉၃၂ဝ)သို့ပြောင်းရွှေ့ခဲ့ပြီး ဗဟိုဌာနချုပ်တစ်ခုကိုလည်း ကျိုင်းတုံနယ်အတွင်း

ထားရှိခဲ့ ပါသည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ၎င်းအဖွဲ့သည် ပွဲဦးထွက်အဖြစ် ပုံပါကျင်စခန်းကို တိုက်ခိုက်ခဲ့ရာ ရှမ်းသောင်းကျန်းသူ ၁၈ ဦးသေဆုံးပြီး

၃၆ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းစော်ဘွားများ အာဏာစွန့်လွှတ်ခဲ့ရပြီးနောက် စော်ဘွားများ၏မကျေနပ်မှု ပိုမိုများပြားလာကာ

လှုံ့ဆော် စည်းရုံးခဲ့သဖြင့် ရှမ်းသောင်းကျန်းသူများ ထပ်မံ၍ အင်အားတောင့်တင်းလာခဲ့ပါသည်။ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စစ်ရဲတပ်မှ လူမျိုး

တပ်စုမှူး ဗိုလ်မောင်နှင့် ရှမ်းသောင်းကျန်းသူများပူးပေါင်းပြီး တန့်ယန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တပ်မတော်မှ

တန့်ယန်းအား ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။

၇။ ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းများ ကွဲပြားလာခြင်း။ နွံစစ်ဟန်အဖွဲ့အတွင်း၌ လူငယ်နှင့် လူကြီးပိုင်းအကြား သဘောထားကွဲလွဲမှုဖြစ်ပေါ်လာပြီး ၁၉၆ဝ

ပြည့်နှစ် လွယ်ပန်းတောင် အစည်းအဝေးတွင် တောခိုရှမ်းတက္ကသိုလ်ကျောင်းသားများ ခွဲထွက်ကာ ခွန်သော်တာ၊ ခွန်ကြာဥ၊ စိုင်းလှအောင်တို့ ဦးစီးသော

လွတ်ကျောက်ဆောက် (ခေါ်) ရှမ်းပြည်နယ်လွတ်လပ်ရေးတပ်မတော် (SSIA) ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၁ ခုနှစ်၊ လွယ်ပန်းတောင် အစည်းအဝေးတွင်လည်း

ကျိုင်းတုံနယ်မြေမှ ရှမ်းသောင်းကျန်းသူခေါင်းဆောင်များ ခွဲထွက် သွားပြီး ဘုန်းကြီးလူထွက် ဦးကုဏ္ဍလ (ခေါ်) ကျောက်ဝါးခမ်း ဦးစီးသည့် စစ်ဟန်စစ်တိုင်း (ခေါ်)

ရှမ်းအမျိုးသား တပ်မတော်ကို ထူထောင်ခဲ့သည်။ အလင်းဝင်ကွန်မြူနစ်ဟောင်းဖြစ်သော မိုးဟိန်းသည် အလင်းဝင်များအတွက် နိုင်ငံတော်အစိုးရ၏

မတည်ထောက်ပံ့ငွေများကို အလွဲသုံးစားပြုကာ တောခိုသွားခဲ့ပြီး စိုင်းနွဲ့ထံမှ ၁၉၆ဝ ပြည့်နှစ် တစ်ဝိုက်တွင် သီးခြားခွဲထွက်ကာ ရှမ်းအမျိုးသား တော်လှန်ရေး

တပ်ပေါင်းစု(Shan Nationalities United Revolutionary Front-SNURF) အမည်ဖြင့် မိုင်းကိုင်၊ လဲချားနယ်မြေတွင် လှုပ်ရှားခဲ့ပါသည်။

၈။ ရှမ်းပြည်တပ်မတော် (SSA) ။ ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရ ပြုလုပ်သော ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ရှမ်းသောင်းကျန်းသူ

အဖွဲ့များ လာရောက်ဆွေးနွေးခဲ့သော်လည်း ကိုယ်ပိုင် ပြြာန်းခွင့်၊ အုပ်ချုပ်ခွင့် လူမျိုးစုအခွင့်အရေးနှင့် သီးခြားပြည်နယ်ရရှိရေး ဖက်ဒရယ်စတိတ်မူများကိုသာ

အသေဆုပ်ကိုင် ဆွေးနွေးခဲ့သဖြင့် ဆွေးနွေးမှုမအောင်မြင်ခဲ့ပါ။ ၁၉၆၄ ခုနှစ်တွင် မဟာဒေဝီ စဝ်နန်းဟိန်းခမ်းသည် မြဝတီ-မဲဆောက် လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့

ထွက်ပြေးခဲ့သည်။ ၁၉၆၅ ခုနှစ်အစပိုင်းတွင် SSIA ခွန်ကြာနု၊ စိုင်းလှအောင်အဖွဲ့နှင့် SNURF မိုးဟိန်းအဖွဲ့တို့ပူးပေါင်း၍ မဟာဒေဝီစဝ်နန်းဟိန်းခမ်းအား

နာယကအဖြစ် တင်မြှောက်ပြီး ရှမ်းပြည်တပ်မတော် (SSA) ကို ဖွဲ့စည်းခဲ့သည်။ မိုးဟိန်းကို စစ်ကောင်စီဥက္ကဋ္ဌအဖြစ် တင်မြှောက် ခဲ့ပါသည်။ စိုင်းလှအောင်၊

ခွန်ကြာနု၊ စိုင်းပန်း၊ ဝါးခမ်းတို့ဦးစီးသော တပ်မဟာ ၄ ခုဖွဲ့စည်းခဲ့ပြီး တပ်ရင်း ၁၂ ရင်း၊ လူအင်အား ၁,၆ဝဝ ခန့် ရှိခဲ့ပါသည်။ SSA ဌာနချုပ်ကို ထိုင်းနိုင်ငံ

အတွင်းရှိ ဇင်းမယ်တွင်ထားရှိပြီး တပ်မဟာ များနှင့် တပ်ရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) တပ်မဟာ(၁)။ တပ်မဟာမှူးမှာ စိုင်းလှအောင်ဖြစ်ပြီး လက်အောက်တွင် ပလောင်တပ်ရင်း ၂ ရင်း အပါအဝင် တပ်ရင်း ၃ ရင်းဖြင့် ဖွဲ့စည်းထားပါသည်။

(ခ) တပ်မဟာ(၂)။ တပ်မဟာမှူးမှာ စိုင်းပန်ဖြစ်ပြီး တပ်ရင်း ၂ ရင်းဖြင့် ဖွဲ့စည်းထားပါသည်။

(ဂ) တပ်မဟာ(၃)။ တပ်မဟာမှူးမှာ ခွန်ကြာနုဖြစ်ပြီး တပ်ရင်း ၄ ရင်းဖြင့် ဖွဲ့စည်းထားပါသည်။

(ဃ) တပ်မဟာ(၄)။ တပ်မဟာမှူးမှာ ဝါးခမ်း(ခ)ဆန်ကြိုင်းဖြစ်ပြီး တပ်ရင်း ၃ ရင်းဖြင့် ဖွဲ့စည်း ထားပါသည်။

၉။ ၁၉၆၈ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ပလောင်တပ်ရင်း ၂ ရင်းသည်SSA မှခွဲထွက်သွားပြီး သီးခြားရပ်တည်၍ ကျောက်မဲဒေသ၌ လှုပ်ရှားခဲ့ပါသည်။ ၎င်းနောက်

SSA ကိုလည်း စဝ်ဆေးဝိုင်ဦးဆောင်သော မြောက်ပိုင်းတိုင်း (ခေါ်) တိုင်း(၁)နှင့် မိုးဟိန်းဦးဆောင်သော တောင်ပိုင်းတိုင်း (ခေါ်) တိုင်း(၂)ဟူ၍ ခွဲခြားဖွဲ့စည်း

လှုပ်ရှားခဲ့ပါသည်။ တိုင်း(၁)အား စဝ်ဆေးဝိုင်မှ ခေါင်းဆောင်၍ တပ်ရင်း ၅ ရင်းဖြင့် မိုင်းရယ်၊ ဆောင်ကြဲ၊ ကျောက်မဲ၊ နမ္မတူနယ်မြေများ၌လည်းကောင်း၊

တိုင်း(၂)အား မိုးဟိန်းမှခေါင်းဆောင်၍ တပ်ရင်း ၃ ရင်းဖြင့် လွိုင်လင်၊ တောင်ကြီး နယ်မြေများ၌ လှုပ်ရှားခဲ့ပါသည်။ တိုင်း(၁)သည် ရှမ်းပြည်မြောက်ပိုင်းဒေသ၌

ဗမာပြည်ကွန်မြူနစ် ပါတီနှင့် မလွဲမရှောင်သာပဲ ထိတွေ့ဆက်ဆံမှုများပြုလုပ်ခဲ့ရပါသည်။ ထိုအခြေအနေတွင် ကွန်မြူနစ်ဝါဒကို ဆန့်ကျင်သည့် တိုင်း(၂)မိုးဟိန်း

အဖွဲ့မှ မကျေမနပ်ဖြစ်ကာ ၁၉၆၉ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ခွဲထွက်ပြီး ရှမ်းပြည်နယ်တပ်ပေါင်းစုတော်လှန်ရေးတပ်မတော် (SURA) ကို ဖွဲ့စည်း

ထူထောင်ခဲ့ပါသည်။ မိုးဟိန်းခွဲထွက် သွားပြီးနောက် တိုင်း(၂)အား ခွန်ကြာနုမှ ဆက်လက်တာဝန်ယူခဲ့ပါသည်။

၁ဝ။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပေါ်ပေါက်လာခြင်း ။ ယိမ်းယိုင်ချည့်နဲ့နေသော SSA ကို နိုင်ငံရေးဦးဆောင်မှုပေးနိုင်ရန် ၁၉၇၁ ခုနှစ်၊ ဩဂုတ်လ

၁၆ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို ဖွဲ့စည်းခဲ့ပါသည်။ ဥက္ကဋ္ဌ အဖြစ် ခွန်ကြာနုမှဆောင်ရွက်ပြီး ဒုတိယဥက္ကဋ္ဌ အဖြစ် ပွန်ဆိုင်း(ခ)စိုင်းပန်နှင့်

အုန်းပေါင်(ခ) စိုင်းမြင့်အောင်၊ အတွင်းရေးမှူးအဖြစ် ခွန်သီရိတို့မှ ခေါင်းဆောင်ခဲ့ပါသည်။ စစ်ရေးတာဝန်ခံအဖြစ် စံပိန်(ခ) ကျော်ခင်အား ဦးစီးစေပြီး တိုင်း(၁)

တပ်မဟာ(၁)၊ (၂)၊ တပ်ရင်း(၁၆)၊ (၂၁)၊ (၂၄)၊ (၂၅)အပါအဝင် တပ်ရင်း ၄ ရင်း ကို ၁၉၇၂ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် စစ်ဟန်စစ်တိုင်း

သီးခြားအဖွဲ့မှ စိုင်းနော်မိန်းဦးစီး အင်အား ၅ဝဝ ကျော်ခန့်သည် SSPP သို့လာရောက်ပူးပေါင်းခဲ့ပါသည်။ ယင်းအင်အားစုများကို တပ်မဟာ(၇)နှင့် တပ်ရင်း ၄

ရင်းအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။

၁၁။ ၁၉၇၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင်SSA သည် တောခိုကာကွယ်ရေးအဖွဲ့များဖြစ်သည့် ကိုးကန့် (လော်စစ်ဟန်အဖွဲ့)၊ ဗင်းဝင်း(မဟာခမ်းအဖွဲ့)၊ မန်မန်ဆိုင်

(လိုင်းအူးအဖွဲ့)များနှင့် မဟာမိတ်အဖြစ်ပူးပေါင်းကာ တိုင်း(၂)အဖြစ်ဖွဲ့စည်းပြီး လော်စစ်ဟန်ကို ဦးစီးစေခဲ့ပါသည်။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင်

SSPP တိုင်း(၂)မန်ပလောင်စခန်းအား တပ်မတော်မှ အောင်သံလွင်စစ်ဆင်ရေးဖြင့် ဝင်ရောက်ချေမှုန်းခဲ့သဖြင့် လော်စစ်ဟန်သည် ထိုင်းနိုင်ငံအတွင်းသို့ ပြေးဝင်

သွားခဲ့ပါသည်။ လော်စစ်ဟန်အား ထိုင်းအစိုးရမှဖမ်းဆီးပြီး မြန်မာအစိုးရထံသို့ ၁၉၇၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ပါသည်။ တိုင်း(၂)ကို

လော်စစ်ဟန်၏ တပည့်ဖြစ်သူ ကျန်ကျီးချိန် ကို ဆက်လက်ဦးစီးစေခဲ့ပါသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ SSA အဖွဲ့ နှင့် ပူးပေါင်း နေသည့် ကိုးကန့်အဖွဲ့ကို

ထိုင်းအစိုးရထံ အဖမ်းမခံရစေရန် SSA ခေါင်းဆောင်ပိုင်းက ထောင်ချောက်ဆင်ခဲ့ သည်ဟု ယူဆကာ မကျေမနပ်ဖြစ်ခဲ့ကြသည်။ ယင်းမကျေနပ်မှုပဋိပက္ခများ

ဆက်လက်ဖြစ်ပေါ်လာကာ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်း-မြန်မာနယ်စပ်၌ SSA နှင့် တောခိုကာကွယ်ရေးအဖွဲ့များအကြား ပစ်ခတ်မှုများဖြစ်ပွား လာပြီး

ကိုးကန့်အဖွဲ့ခွဲထွက်သွားခဲ့သည်။

၁၂။ ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလတွင် KNUP မှ စကောလယ်ဘောအဖွဲ့နှင့်အတူ ဆေးထင်ဦးစီး SSA အင်အား ၂ဝဝ ဦးခန့်သည် ဗမာပြည်ကွန်မြူနစ်

ပါတီဗဟို ပန်ဆင်းသို့ရောက်ရှိပြီး နိုဝင်ဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် SSA တို့အကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်

ရေးထိုးခဲ့ ပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် SSA အဖွဲ့အား လက်နက် ၂ဝဝ ခန့်ကို လက်ဆောင်အဖြစ် ပေးခဲ့ပါသည်။ ဗကပနှင့် ဆက်သွယ်ခြင်းအား

ထိုင်းနိုင်ငံရောက် SSPP ဥက္ကဋ္ဌ ခွန်ကြာနုမှ နှစ်သက်ခဲ့သော်လည်း အများ၏ဆန္ဒကို မလွန်ဆန်နိုင်ခဲ့ပေ။ ကိုးကန့်အဖွဲ့များခွဲထွက်သွားသည့်အခြေအနေကြောင့်

တိုင်း ၂ တိုင်းအား လွယ်ခေးဒေသ၌ တိုင်း(၁)မှူး စံမိန်း၏ကွပ်ကဲမှုအောက်သို့ ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် လွှဲပြောင်းယူခဲ့ရပါသည်။ ၁၉၇၅ ခုနှစ်၊

ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့ထိ လွယ်ခေးဒေသ ပန်ကိုး၌ပြုလုပ်သော SSPP အစည်းအဝေးတွင် ဗကပဗဟိုဌာနချုပ် ပန်ဆန်းသို့

တရားဝင်ကိုယ်စားလှယ် ထပ်မံစေလွှတ်ရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲကာ ဒုဥက္ကဋ္ဌ အုန်းပေါင်နှင့် တွဲဖက်အတွင်းရေးမှူး ဆေးထင်ဦးစီး ဗကပ လိုလားသည့်

အဖွဲ့နှင့် ဥက္ကဋ္ဌ ခွန်ကြာနု၊ ဒုဥက္ကဋ္ဌမွန်ဆိုင်း(ခ) စိုင်းပန်ဦးစီး ဗကပ မလိုလားသော အဖွဲ့ ၂ ဖွဲ့ ကွဲသွားခဲ့ပါသည်။

၁၃။ ဗကပနှင့် SSA ဆက်သွယ်ခြင်း။ ၁၉၇၅ ခုနှစ်၊ မတ်လတွင် အုန်းပေါင်၊ ဆေးထင်၊ စံမိန်းဦးစီး SSA အင်အား ၆၅၆ ဦးသည် SSPP ဌာနချုပ်ရှိရာ

လွယ်ခေးဒေသမှ ဗကပဗဟိုဌာနချုပ် ပန်ဆန်းသို့သွားရောက် ခဲ့ပါသည်။ SSA အဖွဲ့သည် ပန်ဆန်း၌ စစ်ရေး၊ နိုင်ငံရေး သင်တန်းများတက်ရောက်ခဲ့ပြီး ဗကပမှ

ပေးလိုက်သော လက်နက်မျိုးစုံ ၇၃၅ လက်နှင့် ခဲယမ်းများအားရယူပြီး ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလတွင် သံလွင်အနောက်ခြမ်းသို့ ကူးဝင်လာခဲ့ပါသည်။ ဗကပ

ရင်း(၄ဝ၄၅)မှလည်း အင်အား ၄ဝဝ ခန့်ဖြင့် SSA နှင့်ပူးတွဲလှုပ်ရှားရန် လိုက်ပါ လာခဲ့ပါသည်။ ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလတွင် SSA စစ်ဒေသကို ဖွဲ့စည်း

ခဲ့ပါသည်။ ၁၉၇၆ ခုနှစ်၊ မတ်လတွင် တပ်ရင်းအသစ် (၈၁၆)အား ထပ်မံဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၇ ခုနှစ်တွင် တပ်ရင်း(၁၁)အား ခွန်ပန်ရွာ၌ ထပ်မံ ဖွဲ့စည်းခဲ့ပါသည်။

၁၉၇၇ ခုနှစ်တွင် တပ်ရင်း(၁၁)၊ တပ်ရင်း(၂၁)နှင့် တပ်ရင်း(၂၄)တို့သည် ဗကပဗဟိုဌာနချုပ် ပန်ဆန်းတွင် သွားရောက်သင်တန်းတက်ခဲ့ပြီး အဆိုပါတပ်ရင်းများအား

(၁ဝ၁၁)၊ (၂ဝ၂၁)နှင့် (၂ဝ၂၄) တို့အဖြစ် တပ်အမှတ်များ ပြောင်းလဲခဲ့ပါသည်။ တပ်မဟာ(၁)အား နိုင်ငံရေးမှူး ဆေးနွံဦးစီးပြီး တပ်ရင်း(၁ဝ၁၁)၊ တပ်ရင်း (၂ဝ၂၁)တို့မှ

အင်အား ၆ဝဝ ခန့်ဖြင့် တန့်ယန်း၊ တိုင်းအော့၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းဆန်၊ တိုင်းနောင်နယ်မြေများတွင် လှုပ်ရှားခဲ့ပါသည်။ တပ်မဟာ(၂)အား နိုင်ငံရေးမှူးနှင့်

တပ်မဟာမှူးစံဟိုင်းဦးစီးပြီး တပ်ရင်း(၁ဝ၁၁)နှင့် တပ်ရင်း (၁ဝ၁၆)တို့မှ စုစုပေါင်းအင်အား ၅ဝဝ ဦးဖြင့် ကျောက်မဲ၊ သီပေါ၊ နောင်ချိုဒေသတို့၌ လှုပ်ရှားခဲ့ပါသည်။

တပ်မဟာ (၃)အား နိုင်ငံရေးမှူး ချန်ဖုန်း၊ တပ်မဟာမှူး စိုင်းလိတ် ဦးစီးပြီး တပ်ရင်း(၈၁၆)၊ တပ်ရင်း(၂ဝ၂၄)နှင့် တပ်ရင်း (၂ဝ၂၅)တို့မှ စုစုပေါင်းအင်အား ၅ဝဝ ခန့်ဖြင့်

မိုးမိတ်၊ မိုးကုတ်၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါဒေသများ၌ လှုပ်ရှား ခဲ့ပါသည်။ တပ်မဟာ(၇)ကို နိုင်ငံရေးမှူး နော်မိန်းဦးစီးပြီး တပ်ရင်း(၄)မှ အင်အား ၂ဝဝ ခန့်ဖြင့်

ပျက်ကန့်၊ မိုင်းပုကြီးနယ်မြေ၌ လှုပ်ရှားခဲ့ပါသည်။

၁၄။ ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တောင်ပိုင်းတိုင်းဥက္ကဋ္ဌ ခွန်ကြာနုနှင့် အတွင်းရေးမှူး စဝ်ဆေးနိုင်တို့အား ခေါင်းဆောင်အဖြစ်မှဖြုတ်ချပြီး ပွန်ဆိုင်းနှင့် ပန်းအောင်တို့မှ

တာဝန်ယူခဲ့ကြပါသည်။ ၎င်းနောက် တိုင်း(၁)နှင့် အဆက်အသွယ်ပြန်လည်ပြုလုပ်ခဲ့ပါသည်။ ၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗကပအရှေ့မြောက်စစ်ဒေသမှ

ခေါ်ယူချက်အရ စိုင်းလှအောင်နှင့်အဖွဲ့သည် ပန်ဆန်းသို့သွားရောက်ခဲ့ပါသည်။ SSPP တစ်ဖွဲ့လုံးအား ဗကပ၏ အကြွင်းမဲ့ဦးဆောင်မှုအောက်တွင် ဝင်ရောက်ရေး

ကိုတောင်းဆိုသဖြင့် SSPP ခေါင်းဆောင်များမှ ယင်းကိစ္စနှင့် ပတ်သက်၍ မတင်မကျပြောဆိုကာ ၁၉၇၈ ခုနှစ်၊ မတ်လတွင် သံလွင်အနောက်ခြမ်းသို့ ကူးဝင်

ခဲ့ပါသည်။ ၎င်းကိစ္စအား အောက်ခြေသို့ချပြဆွေးနွေးရာတွင် အုန်းပေါင်နှင့် ဆေးထင်တို့နှစ်ဦးမှလွဲ၍ ကျန်ခေါင်းဆောင်များ အနေဖြင့် ဗကပ၏အကြွင်းမဲ့ဦးဆောင်မှု

အောက်သို့ မဝင်ရောက်လိုကြပေ။ တပ်မဟာ(၃)တပ်မဟာမှူး စိုင်းလိတ် မှာ ကြားနေခဲ့ပါသည်။ ထိုအတောအတွင်း SSA တပ်ရင်း (၂ဝ၂၄)သည် ပန်ဆန်း၌

သင်တန်းတက်ရောက်ပြီး လက်နက် ၃၇၂ လက်နှင့်သံလွင်မြစ်အနောက်ခြမ်းသို့ ကူးဝင်ခဲ့ပါသည်။

၁၅။ SSA အတွင်း ပြိုကွဲမှုများ။ ဗကပ၏အကြွင်းမဲ့ဦးဆောင်မှုအောက်သို့ ဝင်ရောက်ရေးနှင့် ပတ်သက်၍ လိပ်ခဲတည်းလည်းဖြစ်နေစဉ် စံမိန်းနှင့် ပန်းအောင်

တို့သည် ရင်း(၁ဝ၁ဝ)၊ ရင်း(၂ဝ၂၁)တို့မှ အင်အား ၃ဝဝ ခန့်ဖြင့် ၁၉၇၈ ခုနှစ်၊ မေလတွင် တောင်ပိုင်းသို့ ဆင်းသွားခဲ့ပါသည်။ စံမိန်းနှင့် ပန်းအောင်တို့မှာ လွယ်မော်

အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကိုခံရပြီးနောက် တပ်များဖရိုဖရဲဖြစ်ကာ ပြန်လာခဲ့ရပါသည်။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ အတွင်း ဒုဥက္ကဋ္ဌ အုန်းပေါင်မှာ သံလွင်မြစ်

အနောက်ခြမ်း ၌ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျဆုံးခဲ့ပါသည်။ ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာပင် တပ်ရင်း(၁၂ဝ)အား ထပ်မံဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၉

ခုနှစ်၊ မတ်လတွင် ဆေးထင်သည် ပန်ဆန်းမှ သံလွင်အနောက်ခြမ်းသို့ ကူးဝင်လာပြီး ဗကပ၏ဦးဆောင်မှုကို အကြွင်းမဲ့ခံယူရေး အတွက် SSPP အတွင်း

စည်းရုံးရန် ကြိုးစားလာခဲ့ပါသည်။ စိုင်းလှအောင်(ခ) ဆေးလင်းသည် ဆေးထင်အား အတွေ့မခံတော့ဘဲ ကျိုင်းတောင်း၊ ကျိုင်းခမ်းမှတစ်ဆင့် မြန်မာနိုင်ငံနယ်စပ်

မိုင်းမောသို့ဆင်းသွားခဲ့ပါသည်။ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ ဥက္ကဋ္ဌ စိုင်းပန်အား ပါတီနှင့်တပ်အား ဦးဆောင်မှုမပေးနိုင်ဟု ဆိုကာ

စိုင်းလှအောင်မှ စိုင်းပန်းအား SSPP မှ ထုတ်ပစ်ခဲ့ပါသည်။ SSPP ဥက္ကဋ္ဌ စိုင်းလှအောင်(ခ) ဆေးလင်းနှင့် အထွေထွေအတွင်းရေးမှူး ဆိုင်းဟန်တို့ဦးစီး၍

SSPP ဗဟိုဌာနချုပ်အား မိုင်းမော၌အခြေပြုထားခဲ့ပါသည်။ ၁၉၈ဝ ပြည့်နှစ်၊ ဇူလိုင်လတွင် တပ်မဟာ(၃)နိုင်ငံရေးမှူး ချန်ဖုန်းသည် ၎င်း၏ဇနီးလက်ချက်ဖြင့်

သေဆုံးခဲ့ပါသည်။

၁၆။ ၁၉၇၈ ခုနှစ်၊ ဩဂုတ်လ ၁ဝ ရက်နေ့မှ ၂ဝ ရက်နေ့ထိ ထိုင်းနိုင်ငံ ကျူဟုတ်၌ ပြုလုပ်ခဲ့သော SSPP ဗဟိုကော်မတီအစည်းအဝေးမှ ဥက္ကဋ္ဌ စိုင်းလှအောင်(ခ)

ဆေးလင်း၊ ဒုဥက္ကဋ္ဌ မောင်းရင့်၊ ဆေးနွံ၊ စမ်းမိန်း၊ အထွေထွေအတွင်းရေးမှူး ဆိုင်းဟန်၊ တွဲဘက်အတွင်းရေးမှူး ခင်ဝမ်းနှင့် ၂၁ ဦးအပါအဝင် ဗဟိုကော်မတီ ၂၇ ဦးကို

ရွေးချယ်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် SSA အား တပ်မ(၁)နှင့် တပ်မ(၂)ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ တပ်မ(၁) နိုင်ငံရေးမှူး ဆေးနွံ၊ တပ်မမှူး

စိုင်းလိတ်ဖြစ်ပြီး တပ်မ(၁)အောက်၌ တပ်မဟာ (၁)နှင့် တပ်မဟာ(၃)ရှိပါသည်။ တပ်မ(၂)တွင် နိုင်ငံရေးမှူး စံမိုင်၊ တပ်မမှူးနော်မိန်းဖြစ်ပြီး တပ်မ(၂)အောက်တွင်

တပ်မဟာ(၂)နှင့် တပ်မဟာ(၇)တို့ ရှိပါသည်။

၁၇။ ၁၉၈၂ ခုနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်၌ရှိနေသော စိုင်းလှအောင်အား မြောက်ပိုင်းရှိတပ်များ၏ ရိက္ခာအခက်အခဲများဖြေရှင်းပေးရန် မြောက်ပိုင်းသို့

လာရောက်ရေး စိုင်းလိတ်မှတောင်းဆိုခဲ့ရာ စိုင်းလှအောင် မလာရောက်သည့်အတွက် ၁၉၈၂ ခုနှစ်၊ ဇွန်လအတွင်း စိုင်းလိတ်ဦးစီး၍ ရှမ်းသောင်းကျန်းသူ တပ်မဟာ

(၁) နယ်မြေ၊ မန်ပုံ(ခ)ဗုံခြန်းတွင် ဗဟိုကော်မတီအစည်းအဝေးအား ကျင်းပခဲ့ပါသည်။ ဥက္ကဋ္ဌ အဖြစ် စိုင်းလှအောင် (ခ) ဆေးလင်းအား လျာထားရွေးချယ်ပြီး

အထွေထွေအတွင်းရေးမှူး ဆေးနွံ၊ ဒုတိယအထွေထွေအတွင်းရေးမှူး စံတိုင်၊ အဖွဲ့ဝင် စိုင်းလိတ်ကြီး၊ စိုင်းနော်မိန်းတို့အပါအဝင် ဗဟိုကော်မတီ ၂ဝ ဦးအား အသစ်

ရွေးချယ်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ်၊ စက်တင်ဘာလအတွင်း စိုင်းလိတ်ကြီးအပါအဝင် အင်အား ၉ဝ ကျော်ဖြင့် ပန်ဆန်းသို့သွားရောက်ခဲ့ရာ ၁၉၈၃ ခုနှစ်၊ ဇန်နဝါရီလတွင်

ဗကပမှ ထောက်ပံ့သော လက်နက်ငယ် ၁ဝဝ လက်၊ ကျည်မျိုးစုံ ၁၂ဝ,ဝဝဝ ကျော်နှင့်အတူ မိုင်းရှူး၊ မိုင်းနောင်နယ်မြေသို့ ပြန်လည်ရောက်ရှိပါသည်။

ဗကပအလယ်ပိုင်းဗျူရိုမှ လီဇီးယူနှင့် ရှမ်း/ဗကပဆေးထင်တို့ စည်းရုံးမှုကြောင့် ဆေးလင်းနှင့်စိုင်းလိပ်တို့သည် ဗကပလိုလားသူများ ဖြစ်လာခဲ့ပါသည်။ ၁၉၈၁ ခုနှစ်၊

မတ်လ ၄ ရက်နေ့တွင် စိုင်းလှအောင်ဦးစီး ၁၂၅ ဦးသည် ထိုင်းနိုင်ငံ ကျူဟုတ်မှ မြန်မာနိုင်ငံ မိုင်းမောဒေသသို့ ပြောင်းရွှေ့လာခဲ့ပါသည်။ ၁၉၈၃ ခုနှစ်၊ ဧပြီလ ၂ဝ

ရက်နေ့တွင် ကောက်တိုင်းဦးစီး တပ်ရင်း (၁၂ဝ)မှ အင်အား ၂ဝဝ ခန့်သည် ကျိုင်းအောင်နယ်မြေ၊ နမ့်တိန်းချောင်း၌ အသင့်စောင့်နေပြီး စိုင်းလှအောင်နှင့် အဖွဲ့ထံမှ

လက်နက်များသိမ်းယူပြီး ထိန်းသိမ်းထားခဲ့ပါသည်။ စိုင်းလှအောင်၏ SSA တပ်မဟာ(၃) နိုင်ငံရေးမှူး လိန်းမောင်သည် စိုင်းလိပ်ထံမှ ဗကပနှင့် ပူးပေါင်းသည်ကို

မကျေနပ်၍ မိသားစုနှင့်အတူ ၁၉၈၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် အမှတ်(၂၂)ခြေလျင်တပ်ရင်းသို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ပါသည်။ စိုင်းလှအောင်၏

ညီတစ်ဦးဖြစ်သူ တပ်မဟာ(၁)မှူး ကျော်စိန်(ခ) ဝင်းမြတ်အား ၁၉၈၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် စိုင်းလိပ်အဖွဲ့မှ သတ်ပစ်ခဲ့ပါသည်။ ၁၉၈၃ ခုနှစ်၊ မေလ ၄ ရက်

နေ့ တွင် SSPP အတွင်းရေးမှူးဟောင်း ဆေးလင်းသည် ထိုင်းနိုင်ငံ အတွင်း၌ လုပ်ကြံမှုခံခဲ့ရပါသည်။ SSPP ဥက္က၏ဟောင်း စိုင်းလှအောင်(ခ) ဆေးလင်းသည်

၁၉၈၃ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့တွင် မိုးနဲဒေသ တုန်ဟုန်း၊ အမှတ်(၆၆)ခြေလျင်တပ်ရင်း တပ်စခန်းသို့ သားဖြစ်သူစိုင်းလုံနှင့်အတူ လက်နက်မဲ့ အလင်းဝင်

ရောက်ခဲ့ပါသည်။

၁၈။ ၁၉၈၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီမှ ထုတ်ဝေသည့် ဒုတိယအကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်နှင့်

အတည်ပြုကြေညာချက်၌ ဆေးနွံနှင့် စိုင်းလိတ်တို့ ဦးဆောင်ပါဝင်သော ဗဟိုကော်မတီ ၁၅ ဦးပါဝင်ကြောင်း တွေ့ရသည်။ ဆေးနွံသည် ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလ

၁၂ ရက်နေ့တွင် သွေးဝမ်းရောဂါဖြင့် တပ်မ(၁)နယ်မြေတွင် သေဆုံးခဲ့ပါသည်။ SSPP နှင့် SSA အား စိုင်းလိတ်နှင့် စံမိုင်တို့မှ ဆက်လက်ဦးစီးခဲ့ပါသည်။

စိုင်းလိတ်(ကုလား)မှ ဦးဆောင်၍ ဗကပအကူအညီရယူလှုပ်ရှားနေစဉ် ကာလအတွင်း ရှမ်းသောင်းကျန်းသူ မိုဟိန်းအဖွဲ့မှ SSA နှင့်ပူးပေါင်း၍

ရှမ်းပြည်တော်လှန်ရေး ကောင်စီ (TRC) ကိုဖွဲ့စည်းရန် ၁၉၈၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပါသည်။ ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့

တွင် ထပ်မံဆွေးနွေးသော်လည်း မိုးဟိန်းအဖွဲ့မှ ဗကပအား ပြတ်ပြတ်သားသား ဆန့်ကျင်မှသာ ၂ ဖွဲ့ ပူးပေါင်းမည်ဟု ဆုံးဖြတ်ခဲ့သဖြင့် ဒုတိယအကြိမ်ဆွေးနွေးပွဲ

ကိုလည်း ရပ်ဆိုင်းခဲ့ရသည်။ ဆွေးနွေးပွဲများတွင် စံမိုင် သည် SSPP ကိုယ်စားလှယ်၊ အဖွဲ့ခေါင်းဆောင်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၁၉။ ၁၉၈၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် စံမိုင်သည် လက်အောက်ခံတပ်အချို့အား စည်းရုံးသိမ်းသွင်း၍ စံမိုင်ဦးစီး တပ်မ(၂)၊ တပ်မဟာ(၂)မှ အင်အား ၂ဝဝ ဦးခန့်

သည် မိုးဟိန်းထံ သွားရောက်ပူးပေါင်းခဲ့သည်။ စံမိုင် တပ်မ(၂)လက်အောက်တွင် တပ်မဟာ(၂)နှင့် တပ်မဟာ(၇)တို့ရှိရာမှ တပ်မဟာ(၂)နိုင်ငံရေးမှူး ကပ်ဆွေ့ဦးစီး

တပ်မဟာ(၂)အင်အားအချို့သည် စံမိုင်နှင့်အတူ ပါရှိသွားခဲ့သည်။ တပ်မဟာ(၇)အား စည်းရုံးခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် SSPP

ဗဟိုကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ရှမ်းပြည်တိုးတက်ရေး ပါတီ ဗဟိုကော်မတီတွင် ဗဟိုကော်မတီအဖြစ် ၁၅ ဦး၊ အရန်ဗဟိုကော်မတီ ၂၁ ဦးအား

ရွေးချယ်တင်မြောက်ခဲ့ ကြပါသည်။ ဦးဆောင်နိုင်ငံရေးကော်မတီတွင် စိုင်းလိတ်(ကုလား)မှ ဥက္ကဋ္ဌ၊ စိုင်းနော်ဟိန်း (ပျက်ကန့်)မှ ဒုဥက္ကဋ္ဌ(၁)၊ ဆေးထင်မှ ဒုဥက္ကဋ္ဌ(၂)

အဖြစ်နှင့် အဖွဲ့ဝင်အဖြစ် ကော်လိန္တနှင့် နော်မိန်းတို့အား ထားရှိဆောင်ရွက်ခဲ့ကြပါသည်။ စံမိုင်နှင့် အင်အား ၂ဝဝ ခန့် မိုးဟိန်းထံသွားရောက်ပူးပေါင်းပြီးနောက်

၁၉၈၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အဖွဲ့ ၂ ဖွဲ့ပူးပေါင်း၍ ရှမ်းပြည်တော်လှန်ရေးကောင်စီ (TRC) ကို ဗဟိုကော်မတီဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

သို့ရာတွင်TRC ဖွဲ့စည်းပြီး မကြာမီအတွင်းမှာပင် ခေါင်းဆောင်ပိုင်း အတွင်း၌ သော်လည်းကောင်း၊အောက်ခြေအဆင့် တွင်လည်းကောင်း သဘောထား

ကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ မိုးဟိန်း၏ မူလအဖွဲ့အတွင်းမှာပင် မိုးဟိန်းနှင့် စံမိုင် အချင်းချင်းကွဲလွဲခဲ့ပါသည်။ အောက်ခြေအဆင့်တွင် မကျေလည်မှုများကြောင့်

စံမိုင်နှင့်အတူ ပါရှိသွားသော SSA အင်အားစုများနှင့် တပ်ရင်း(၅၈၃)မှ အင်အား ၈၇ ဦးသည် ၇၅ မမ ၁ လက်အပါအဝင် လက်နက်ငယ် ၈ လက်ဖြင့်

ဆိုင်းလိတ်(ကုလား)ထံသို့ အသုတ်လိုက်ပြန်လည်ဝင်ရောက်ခဲ့ပြန်သည်။

၂ဝ။ အလားတူ ၁၉၈၅ ခုနှစ်၊ မတ်လအတွင်းတွင်လည်း ယခင် SSA တပ်ရင်း (၁ဝ၁၆)မှ နိုင်ထွန်းဦးစီး အင်အား ၇၇ ဦးသည် စိုင်းလိတ်(ကုလား)အဖွဲ့ထံသို့

ထပ်မံ၍ ပြန်လည်ဝင်ရောက်လာခဲ့ပြန်သည်။ ဤသို့ဖြင့် စိုင်းလိတ်(ကုလား)၏ လက်အောက်တွင် SSA တပ်များအနေဖြင့် တပ်မ(၁)ကွပ်ကဲမှုအောက်၌

တပ်မဟာ(၁)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၇)ဟူ၍ ဖွဲ့စည်းလှုပ်ရှားနိုင်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆယ်နယ်ရွာ(မန်းပန်)အနီး၌

ရှမ်းသောင်းကျန်းသူတပ်မဟာ(၁) နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ရာမှ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗျူဟာ(၂)ခု ဖွဲ့စည်းထားရှိခဲ့ပြီး တပ်မဟာ(၁)လက်အောက်

တွင် လှုပ်ရှားစေခဲ့ ပါသည်။ ဗျူဟာတစ်ခုမှာ ရှမ်းသောင်းကျန်းသူများ စတင်တော်လှန်ပုန်ကန်ခဲ့သည့် ၁၉၅၈ ခုနှစ်၊ မေလအား အစွဲပြု၍ ဗျူဟာ(၅၈၅)ဟု

လည်းကောင်း၊ နောက်ဗျူဟာ(၂)ခုကိုမူ ရှမ်းပြည်တိုးတက်ရေးပါတီ စတင်ဖွဲ့စည်းသည့် ၁၉၇၁ ခုနှစ်၊ ဩဂုတ်လအားအစွဲပြု၍ (၇၁၈)ဟုအမည်ပေးရန် အစည်းအဝေး

မှဆုံးဖြတ်ခဲ့ပါသည်။ ယခင်တပ်မဟာ (၁)၏လက်အောက်တွင် တပ်ရင်း(၁)၊ တပ်ရင်း(၈ဝ၁)နှင့် တပ်ရင်း(၂ဝ၂၁)ဟူ၍ တပ်ရင်း ၃ ရင်းရှိရာ တပ်ရင်း (၂ဝ၂၁)သည်

အင်အားနည်း၍ အခြေအနေယိမ်းယိုင်နေသဖြင့် ယင်းတပ်ရင်းအားဖျက်သိမ်းကာ တပ်ရင်း ၄ ရင်း နှင့် တပ်ရင်း(၈၁၅)ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၂၁။ ၎င်းအပြင် ယခင်တပ်မဟာ(၁)၊ လုံခြုံရေးတပ်ခွဲအား တပ်ရင်း(၂)ဟူ၍လည်းကောင်း၊ ဗဟိုဌာန လုံခြုံရေးတပ်ခွဲအား တပ်ရင်း(၉)ဟူ၍လည်းကောင်း ထပ်မံ

ဖွဲ့စည်းခဲ့ပါသည်။ တပ်ရင်း(၈၅၁)မှာ ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခြင်းအားအစွဲပြု၍ တပ်ရင်းအမည်သတ်မှတ်ပေးထားခြင်းဖြစ်ပါသည်။ ဗျူဟာ(၅၈၅)၏

လက်အောက်တွင် တပ်ရင်း(၁)နှင့် တပ်ရင်း(၄)၊ ဗျူဟာ(၇၁၈)လက်အောက်တွင် တပ်ရင်း(၈ဝ၁)နှင့် တပ်ရင်း (၈၅၁)ဟူ၍ ထားရှိဖွဲ့စည်းထားခဲ့ပါသည်။

ဗျူဟာ(၅၈၅)လက်အောက်ခံတပ်ရင်း(၁)၊ တပ်ရင်း(၄)နှင့်အတူ မြောက်ဘက် လားရှိုး-သီပေါကားလမ်း၊ တောင်ဘက် မန်ပန်း၊ မိုင်းခေးနယ်မြေနှင့် အနောက်ဘက်

သီပေါ၊ ဆောင်ကြဲ၊ စိန်ကြော့နယ်မြေဟူ၍ သတ်မှတ်ပေးထားခဲ့ပါသည်။ ဗျူဟာ(၇၁၈)နယ်မြေအား ဗျူဟာ(၅၈၅)နယ်မြေ အရှေ့ဘက်ခြမ်း၊ သံလွင်ကမ်းခြေထိ

သတ်မှတ်ပေးထားခဲ့ပါသည်။ ဗျူဟာ(၇၁၈)နယ်မြေအား ဗျူဟာ(၅၈၅) နယ်မြေအရှေ့ဘက်ခြမ်း၊ သံလွင်ကမ်းခြေထိ သတ်မှတ်ပေးထားခဲ့ပါသည်။ တပ်မဟာ(၃)အား

တပ်မဟာနိုင်ငံရေးမှူး စိုင်းနောင်၊ တပ်မဟာမှူး လွယ်မောင်းတို့မှဦးစီး၍ တပ်မဌာနချုပ်သည် ကွန်ဟက်/ကွန်ဟောက်/အုံးမစွန်/ အုံးမတက်ဒေသတွင် ခိုအောင်

လှုပ်ရှားလျက်ရှိပါသည်။ တပ်မဟာ(၃)လက်အောက်တွင် တပ်ရင်း(၈၁၆)၊ တပ်ရင်း (၂ဝ၂၄)၊ တပ်ရင်း(၂ဝ၂၅)ဟူ၍ တပ်ရင်း ၃ ရင်းရှိပါသည်။ တပ်ရင်း(၈၁၆)သည်

ချိုးသစ်/ချိုးတောင်း/မြို့သစ်/ ဟိုင်းငေါ့ ဒေသများတွင်လည်းကောင်း၊ တပ်ရင်း(၂ဝ၂၄)သည် ကွန်ဟက်/ကွန်ဟောက်ဂွင်တွင်လည်းကောင်း၊ တပ်ရင်း(၂ဝ၂၅)သည်

မဆိတ်ဖူး/လော်ပေါင်ဂွင်တွင်လည်းကောင်း၊ အခြေခံ၍လှုပ်ရှားခဲ့ပါသည်။ တပ်မဟာ (၇)လက်အောက်တွင် တပ်ရင်း(၁၂ဝ)သည် ကျိုင်းတောင်း၊ ကျိုင်းခမ်းဒေသ

တွင်လည်းကောင်း၊ တပ်ရင်း(၇ဝ၅) သည် လိုယမ်း/ဝင်အင်း/နောင်ကောက်/နမ့်ထွက်ဒေသတွင်လည်းကောင်း လှုပ်ရှားလျက်ရှိပါသည်။

SSA တို့၏ ငြိမ်းချမ်းရေးဆွးနွေးပွဲမဆောင်ရွက်မီ နောက်ဆုံးအခြေအနေ (၁၉၈၉)ခုနှစ်[ပြင်ဆင်ရန်]

၂၂။ ဗဟိုဌာနချုပ်နှင့် တပ်မ(၁)။ ဥက္ကဋ္ဌ အဖြစ် စိုင်းလိတ်(ကုလား)မှ တာဝန်ယူလျက်ရှိပါသည်။ ၁၉၈၉ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့တွင် ကိုးကန့်အဖွဲ့နှင့် ပူးပေါင်း

ခဲ့ပါသည်။ စိုင်းလိတ်(ကုလား)သည် အင်အား ၂ဝဝ ဦးခန့်ဖြင့် ၁၉၈၉ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် လွယ်ပန်လုံလမ်းကြောင်းမှ မုန်းထန်သို့လည်းကောင်း၊ ၁၉၈၉ ခုနှစ်၊

ဧပြီလ ၇ ရက်နေ့တွင် နားမိုင်သို့လည်းကောင်း ရောက်ရှိခဲ့ပါသည်။ လွယ်ဂွင်အတွင်းတွင် SSA နှင့် SURA တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စိုင်းလိတ်(ကုလား)

ပါဝင်ခြင်း ရှိ/မရှိ မသိရှိရပါ။ စိုင်းလိတ်(ကုလား)သည် ၁၉၈၉ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် မိုင်းခေးဂွင်သို့ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ခွဲထွက်

အဖွဲ့ဝင်များနှင့် ဆွေးနွေးရန် ပန်ဆန်းသို့ထွက်ခွာသွားခဲ့ပါသည်။

၂၃။ စိုင်းလိတ်(ကုလား)ဦးစီးအင်အား ၄ဝ ခန့်တွင် ၁၉၈၉ ခုနှစ်၊ မေလ ၃ဝ ရက်နေ့၌ လောက်ကိုင်မှ ချင်းရွှေဟော်သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ ၃၁ ရက်

နေ့ တွင် ဗင်းဟင်သို့ထွက်ခွာသွားခဲ့ပါသည်။ ၎င်းအဖွဲ့နှင့် အတူ (PSLA) ဒုဥက္ကဋ္ဌ စံမောင်၊ ကေအိုင်အေနှင့် မဒတအချို့လည်း လိုက်ပါသွားခဲ့ပါသည်။ ၁၉၈၉ ခုနှစ်၊

ဇွန်လ ၃ ရက်နေ့ထိ ဗင်းဟင်နယ်မြေအတွင်းရှိနေခဲ့ပြီး ပန်ဆန်းသို့ဆက်လက်ထွက်ခွာရန် စီစဉ်ခဲ့ကြောင်း သိရှိရပါသည်။ စိုင်းလိတ်(ကုလား)သည် ကိုးကန့်နယ်မြေ

စီအောသို့ရောက်ရှိခဲ့ပြီး ကျန်းမာရေးအခြေအနေအရ နားနေခဲ့ပါသည်။

၂၄။ SSA တပ်မဟာ(၇)၊ တပ်မဟာမှူး ကိုင်ဖဦးစီး အင်အား ၃ဝဝ ခန့်နှင့် SURA တပ်မဟာ(၂၇၃) တပ်မဟာမှူး ကံခေးဦးစီး အင်အား ၂ဝဝ ခန့်တို့သည်

နမ့်ဆန်မြောက်ခြမ်း မောက်ခံခွင်အတွင်း၌ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ အစည်းအဝေးမျာပြုလုပ်ခဲ့ပြီး အစည်းအဝေးမှ ဗကပအား အမြစ်ပြတ်

တိုက်ခိုက်ရေး၊ SSA သည် ဗကပမှခွဲထွက်ပြီး SURA နှင့်ပူးပေါင်းရေး၊ အပစ်အခတ်ရပ်စဲရေး တို့ကို ဆုံးဖြတ် ခဲ့ကြပါသည်။

၂၅။ ရှမ်းသောင်းကျန်းသူ အဖွဲ့အစည်းအသီးသီးသည် အချင်းချင်းအတွင်း၌ပင် စည်းလုံးညီညွတ်မှုမရှိ၊ နယ်မြေလုတိုက်ပွဲများဖြင့် အချိန်ကုန်နေရပြီး

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(တပ်မတော်) တာဝန်ယူပြီးနောက် မှန်ကန်ထိရောက်သော လုပ်ဆောင်ချက်များကြောင့် သောင်းကျန်းသူအဖွဲ့အစည်း

အချို့ သည် ငြိမ်းချမ်းရေးရယူခဲ့ကြပြီး သက်ဆိုင်ရာဒေသ ဖွံ့ဖြိုးတိုးတက်ရေးများကို နိုင်ငံတော်အစိုးရနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

၂၆။ ၎င်းတို့အထဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှခွဲထွက်လာသော ကိုးကန့်၊ နှင့် (၇၆၈/၈၁၅) အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးရယူပြီးနောက် ကျိုင်းတုံ

အရှေ့ခြမ်းဒေသများတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည်ကို ပန်ဆန်းရှိ ခွဲထွက် အဖွဲ့မှ လီးဇီးယူ နှင့်

ရင်းနှီးသူ SSPP အဖွဲ့မှ ဒုဥက္ကဋ္ဌ ဆေးထင်သည် မြင်တွေ့ကြားသိနေရပြီး တပ်မတော်၏သဘောထားကို နားလည် သဘောပေါက်လာခဲ့ပါသည်။ ထို့ကြောင့်

ဆေးထင်သည် ဦးလောစစ်ဟန်ထံ စာဖြင့်ဆက်သွယ်လာခဲ့ပါသည်။ အဆိုပါစာတွင် ဆေးထင်မှ SSPP ဥက္ကဋ္ဌ စိုင်းလိတ်(ကုလား)မှာ ပန်ဆန်းသို့ အစည်းအဝေး

တက်ရောက်ရန် သွားရောက်နေပါသည်။ ငြိမ်းချမ်းရေးရယူရန် တင်ပြထားမှုကို ပြန်ကြားချက်မရရှိသေးကြောင်း၊ ထို့ကြောင့် ပြန်ကြားချက်ကိုမစောင့်ဘဲ ဆေးထင်

ဦးစီး၍ တပ်မဟာ(၁)တပ်မဟာမှူး ယားပေ၊ တပ်မဟာ(၃)တပ်မဟာမှူး ကိုင်ဖတို့နှင့် ၁၉၈၉ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊

အစည်းအဝေးမှ SSA အဖွဲ့အား တပ်မတော်နှင့် စစ်ရပ်စဲခဲ့ပြီး ငြိမ်းချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုးရေးများလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့အတွက် အစိုးရနှင့်

ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရန် ဆွေးနွေးလိုပါကြောင်း ပါရှိခဲ့ပါသည်။

၂၇။ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလမှစ၍ တပ်မတော်နှင့် ဆေးထင်အဖွဲ့တို့အား ငြိမ်းချမ်းရေးဆွေးနွေး မှုများ ပြုလုပ်နိုင်ခဲ့ပါသည်။ ထိုအချိန်တွင် ပန်ဆန်း၌ မဒတ

အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသော SSPP ဥက္ကဋ္ဌ စိုင်းလိတ်(ကုလား)မှ အစိုးရနှင့်ငြိမ်းချမ်းရေးဆောင်ရွက်မှုကို ဆန့်ကျင်ခဲ့ပြီး ဆေးထင်အဖွဲ့အား

သစ္စာဖောက်အဖြစ်သတ်မှတ်ကာ တိုက်ခိုက်ချေမှုန်းရန် SSA တပ်ဖွဲ့ဝင်များအား ညွှန်ကြားခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပါ။ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ

၁ဝ ရက်နေ့ တွင် ဆေးထင်ဦးစီးသော SSPP ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁)တို့ တွေ့ဆုံဆွေးနွေး

ခဲ့ပြီး SSA အဖွဲ့သည် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ငြိမ်းချမ်းရေးရယူကာ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ ပါသည်။ SSA အဖွဲ့အား

ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၃)အဖြစ် သတ်မှတ်၍ နိုင်ငံတော်အစိုးရနှင့် လက်တွဲကာ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂၈။ စစ်ရေးလှုပ်ရှားဆောင်ရွက်မှု။ ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၃) SSA အဖွဲ့၏ စစ်ရေး လှုပ်ရှားမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၃) SSA အဖွဲ့အနေဖြင့် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် လူ ၂,၁၃ဝ ဦး၊ လက်နက် ၁,၃၄ဝ

လက် ဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ပြီး လက်ရှိအခြေအနေမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် လူ ၁,၃၁၄ ဦး၊ လက်နက် ၁,၃၆၇ လက်ဖြင့်

ဗဟိုဌာနချုပ်အား စိန်ကြော့တွင်အခြေပြုလျက် နယ်မြေ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

(ခ) ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၃) SSA အဖွဲ့အနေဖြင့် ဦးဆေးထင်ထိန်းချုပ်ခံရပြီး နောက်ပိုင်းတွင် ဦးလွယ်မောင်းမှ ဥက္ကဋ္ဌ အဖြစ်

ဆက်လက် ဆောင်ရွက်ခဲ့သော်လည်း အဓိက အားဖြင့် တပ်မဟာ(၁)တပ်မမှူး ပန်ဖ မှ ဩဇာသက်ရောက်မှုအရှိဆုံးဖြစ်ပြီး သဘောထား တင်းမာသူဖြစ်ရာ လဲချား၊

ကျေးသီး၊ မိုင်းကိုင်ဒေသများမှ ကျွန်းသစ်များ တရားမဝင်ခိုးထုတ်ကာ တာပန်မူ၊ တာပိန်းပိကူးတို့ဆိပ်မှတစ်ဆင့် အဖွဲ့သို့ဆက်သွယ်ပေးပို့ခြင်းများပြုလုပ်ပြီး

သစ်ဖိုးငွေများအစား လက်နက်များ ပြန်လည်တင်သွင်းခြင်းကို ပြုလုပ်လျက်ရှိကြောင်း သိရှိရ ပါသည်။ ပန်ဖ၏ ဝမ်ဟိုင်းဒေသများ တည်ဆောက်ထားမှု

အနေအထားအရ ဝမ်မိုင်ကျေးရွာတွင် အင်အားရာဂဏန်းဖြင့်ထားရှိသော်လည်း လက်နက်ကိုင်အင်အားအများစုအား ဝမ်ဟိန်း ဝန်းကျင်တွင် ဖြန့်ခွဲထားရှိပြီး ၅၇

မီလီမီတာ ဘဇူကာ၊ ၁၂ဝ မီလီမီတာနောက်ပွင့်လက်နက်ကြီး များပါ တပ်ဆင်ထားကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၃)၏ စစ်ရေး

ဆိုင်ရာကိစ္စအားလုံးကို ပန်ဖကွပ်ကဲအုပ်ချုပ်မှုရှိနေသဖြင့် လွယ်မောင်းမှရောင်ပြအုပ်ချုပ် သည့်အနေအထားတွင်ရှိနေကြောင်း တွေ့ရှိရပါသည်။

(ဂ) တပ်မဟာ(၁)တပ်မဟာမှူး ပန်ဖအနေဖြင့် ၎င်း၏နယ်မြေအတွင်း ၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လထိ အင်အား ၂ဝဝ ဦးဖြင့် တပ်သားသစ်သင်တန်း

ဖွင့်လှစ်ခဲ့ပါသည်။ SSA တပ်မဟာ (၁)အဖွဲ့သည် ဝမ်ဟိုင်းပတ်ဝန်းကျင်ရွာများမှ လူသစ်စုဆောင်းခြင်း၊ စစ်သင်တန်းပေးခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင်

ပန်ဖ၏ တပ်မဟာ(၁)နယ်မြေအတွင်း M-22 လက်နက်ငယ်များ အစား ဖိုက်ဘာခေါက်ဒင်ဖြင့် လက်နက်ငယ်ပုံစံအသစ်များကို ပြောင်းလဲကိုင်ဆောင်နေကြောင်း၊

၎င်းအပြင် တပ်မဟာ(၁)နယ်မြေအတွင်း လိုင်စင်မဲ့ယာဉ်ငယ် ၁ဝဝ စီး၊ ဘီ ၆ဝဝ အမျိုးအစား ယာဉ် ၄ဝ စီးခန့်တို့ဖြင့် ၎င်းတို့အဖွဲ့၏ ရေရှည်ရပ်တည်နိုင်ရေးအတွက်

စစ်ရေး၊ စီးပွားရေး လုပ်ငန်းများတည်ဆောက်နေကြောင်း၊ ပန်ဖအနေဖြင့် အမျိုးသားညီလာခံပြီးစီး၍ လက်နက် စွန်လွှတ်ရန်ရှိလာပါက အဆင်မပြေလျင်တော့

တောပြန်ခိုမည်၊ ဘယ်တော့မှလက်နက်ချမည် မဟုတ်ဟူသည့် သဘောထားကို လက်ကိုင်ထားသူဖြစ်ကြောင်း သိရှိရပါသည်။

(ဃ) ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၃)၊ SSA အဖွဲ့၏ လက်ရှိဖြန့်ခွဲလှုပ်ရှားမှုမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(၁) ဗဟိုဌာနချုပ်အား စိန်ကြော့တွင် ဥက္ကဋ္ဌ ဦးလွယ်မောင်းဦးစီး၍ အင်အား ၆၉ ဦးဖြင့် အခြေပြုလှုပ်ရှားလျက်ရှိပါသည်။

(၂) တပ်မဟာ(၁)အား ဝမ်ဟိုင်းတွင် တပ်မဟာမှူး ပန်ဖဦးစီး၍ အင်အား ၇၆ဝ ဦးဖြင့် အခြေပြုလှုပ်ရှားလျက်ရှိပါသည်။

(၃) တပ်မဟာ(၃)အား လွယ်ခေးတွင် တပ်မဟာမှူးလှမြင့်ဦးစီး၍ အင်အား ၂၁၁ ဦးဖြင့် အခြေပြုလှုပ်ရှားလျက်ရှိပါသည်။

(၄) တပ်မဟာ(၁၆)အား နေရာစိစစ်ဆဲတွင် တပ်မဟာမှူး ပင်းခေးဦးစီး၍ အင်အား ၂၁၈ ဦး ဖြင့် အခြေပြုလှုပ်ရှားလျက်ရှိပါသည်။

၂၉။ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှု။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၃) SSA အဖွဲ့၏ နိုင်ငံရေး လှုပ်ရှားမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် SSA ၊ SSNA ၊ SNLD နှင့် ရှမ်းယဉ်ကျေးမှု အဖွဲ့များပူးပေါင်း၍ ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံကော်မတီ

ကိုဖွဲ့စည်းပြီး နိုင်ငံရေး၊ စစ်ရေး ကိစ္စများ ဆောင်ရွက်နိုင်ရန် ရွှေလီချိုင့်ဝှမ်းတွင်ရှိသည့် တရုတ်နိုင်ငံဘက်မှ ရှမ်းရွာ ၁၉ ရွာ၊ မြန်မာနိုင်ငံဘက်မှ ရှမ်းရွာ ၁၆ ရွာ၊

စုစုပေါင်း ၃၅ ရွာအား အခြေခံ၍ စတင်ဖွဲ့စည်း၍ မြို့နယ် ၄ ခု၊ တိုက်နယ် ၈ ခု သတ်မှတ်လှုပ်ရှားခဲ့ပါသည်။ ရွှေလီချိုင့်ဝှမ်းကော်မတီကို အောက်ပါ ကော်မတီဝင်

၁၁ ဦးဖြင့် ပြန်လည်ဖွဲ့စည်းထားရှိပြီး စုစုပေါင်းအင်အား ၁၈ဝ ကျော်ခန့်ရှိကြောင်း သိရှိရပါသည်-

(၁) ဗိုလ်မှူးအဆင့်ရှိ ခမ်းဆွဲ့ စစ်ရေးတာဝန်ခံ ကောင်းနားရွာ။

(၂) ဗိုလ်မှူးအဆင့်ရှိ ခွန်နုံ စီးပွားရေးတာဝန်ခံ ရွှေလီမြို့။

(၃) ဗိုလ်မှူးအဆင့်ရှိ ရွက်မောင်း ဆက်သွယ်ရေးတာဝန်ခံ ရွှေလီမြို့။

(၄) ဗိုလ်ကြီးအဆင့်ရှိ မောင်အောင် အတွင်းရေးမှူး တိန်းခမ်းရွာ။

(၅) ဗိုလ်ကြီးအဆင့်ရှိ လျန်းဆိုင် ဒုစစ်ရေးတာဝန်ခံ ကျိန်ဆယ်ရွာ။

(၆) ဒုဗိုလ်အဆင့်ရှိ မောင်လျန်း နောင်မဒေသအုပ်ချုပ်ရေးမှူး တိန်းခမ်းရွာ။

(၇) တပ်ကြပ်ကြီးအဆင့်ရှိ စံလင်း နမ့်တီးဒေသအုပ်ချုပ်ရေးမှူး တာဝန်ရွာ။

(၈) တပ်ကြပ်ကြီးအဆင့်ရှိ လောဝ်ဟိန်း မူဆယ်ဒေသအုပ်ချုပ်ရေးမှူး နောင်တောင်ရွာ။

(၉) တပ်ကြပ်ကြီးအဆင့်ရှိ ဆမ်ငို့ မူဆယ်ဒေသအုပ်ချုပ်ရေးမှူး နောင်ဆယ်ရွာ။

(၁ဝ) တပ်ကြပ်အဆင့်ရှိ စံသောင်း မန်လိုက်ဒေသအုပ်ချုပ်ရေးမှူး နော်တောင်ရွာ။

(၁၁) တပ်ကြပ်အဆင့်ရှိ စိုင်းဆိုင် ဆယ်လန့်ဒေသအုပ်ချုပ်ရေးမှူး တိန်းခမ်းရွာ။

(ခ) ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၃) SSA အဖွဲ့အနေဖြင့် SDU ၊ SNLD အဖွဲ့များ၏ လုပ်ဆောင်မှုများကို ထောက်ခံပြီး ရှမ်းလူမျိုးနှင့်

အစွန်းရောက် စိတ်ဓာတ်များကို ရှေ့တန်း တင်ကာ ပြည်ပ ပယောဂများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်လိုခြင်း မရှိသေး ကြောင်း တွေ့ရှိရပါသည်။

ပန်ဖသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၃) SSA အဖွဲ့၏ တပ်မဟာ(၃)အား အူမူစခန်းမှ ဗဟိုဌာနချုပ်အနီး လွယ်ခေးဘက်သို့ ၂ဝဝ၅ ခုနှစ်အတွင်း

ပြောင်းရွှေ့စေခဲ့ပြီးနောက် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စဝ်မွန်တုံးမှ တာဝန်ခံအဖြစ်ဆောင်ရွက်၍ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်-နမ့်ခမ်းကြားဒေသအား

စိုးမိုးရန်အတွက် ရွှေလီချိုင့်ဝှမ်း ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ ရွှေလီချိုင့်ဝှမ်းဒေသရှိ တရုတ်နိုင်ငံဘက်မှ ရှမ်းရွာ ၁၉ ရွာ၊ မြန်မာနိုင်ငံဘက်မှ ရှမ်းရွာ ၁၆ ရွာ၊

စုစုပေါင်း ၃၅ ရွာအားအခြေခံ၍ မြို့နယ် ၄ ခု၊ တိုက်နယ် ၈ ခုပါဝင်သည့် ရွှေလီချိုင့်ဝှမ်းကော်မတီကို ကော်မတီဝင် ၁၁ ဦးဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း၊

အဆိုပါရွှေလီချိုင့်ဝှမ်းကော်မတီသည် ထိုင်းနိုင်ငံအခြေစိုက် SDU နှင့် Shan National Organization Committee - SNOC တို့ဖြင့်ဆက်သွယ်ကာ

နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

(ဂ) ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးစဝ်ကိုင်ဖသည် ၂ဝဝ၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ တိန်ခမ်းလုံရွာရှိ SSA အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ

မောင်အောင် ၏နေအိမ်သို့ သွားရောက်ခဲ့၍ ၎င်းတို့ဖွဲ့စည်းထားရှိသည့် ရွှေလီချိုင့်ဝှမ်းကော်မတီအား ဒုတိယဥက္ကဋ္ဌ ဦးစဝ်ကိုင်ဖမှ တာဝန်ခံ ကြီးကြပ်ကာ

အောက်ပါအဖွဲ့များနှင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်-

(၁) ယိုးဒယားနိုင်ငံအခြေစိုက် ရှမ်းအဖွဲ့အစည်းများဖြစ်သည့် SDU/SNOC အဖွဲ့များမှ ရွှေလီချိုင့်ဝှမ်းကော်မတီဝင်များထံ ဖက်စ်ဖြင့်ပေးပို့လာသည့်

သတင်းများအား SSA ဗဟိုဌာနချုပ် စိန်ကြော့သို့ ဆက်သွယ်ပေးပို့ခြင်း။

(၂) SSA ဗဟိုဌာနချုပ် စိန်ကြော့မှပေးပို့လာသည့် ပြည်တွင်းနိုင်ငံရေးအခြေအနေများကို SDU/SNOC အဖွဲ့များထံပေးပို့ခြင်း။

(၃) SSA ဗဟိုဌာနချုပ် စိန်ကြော့၏လိုလားချက်များ၊ ဆောင်ရွက်လိုသောအချက်များအား SDU/SNOC အဖွဲ့များထံပေးပို့ခြင်း။

(ဃ) ရွှေလီချိုင့်ဝှမ်းကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့အနေဖြင့် ရွှေလီချိုင့်ဝှမ်း ဒေသကို အမာခံနယ်မြေအဖြစ် စည်းရုံးထားရှိရန်၊ ကော်မတီမှ

တစ်ဆင့် ပြည်ပရောက် ရှမ်းအဖွဲ့အစည်းများ၊ အခြားဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရ ဆက်သွယ်ရန် ဖြစ်ကြောင်း သိရှိရပြီး ဒေသခံရှမ်းလူမျိုးများ

အား စည်းရုံးဆောင်ရွက်လျက်ရှိပါသည်။ ၂ဝဝ၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် SSA အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးကိုင်ဖသည် လားရှိုးမှ မူဆယ်သို့ သွားရောက်ခဲ့ပြီး

ဇူလိုင်လ ၄ ရက်နေ့တွင် မြန်မာ-တရုတ် နှစ်နိုင်ငံဝင်ပေါက်ဖြစ်သည့် မန်ဝိန်းပေါက်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ကျိန်ခန်းလုံရွာသို့ရောက်ရှိကာ SSA အဖွဲ့မှ ဗိုလ်ကြီး

အဆင့်ရှိ စိုင်းခမ်းဆွဲ့၊ ဒုတိယဗိုလ်အဆင့်ရှိ ကောက်ဟိန်း၊ တပ်ကြပ်ကြီးအဆင့်ရှိ စိုင်းစံပန်၊ အမည်စိစစ်ဆဲ ၃ ဦး၊ စုစုပေါင်း ၇ ဦးတို့နှင့်တွေဆုံ၍ တံခါးပိတ်

အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ၎င်းနောက် ကျိန်ခမ်းလုံရွာမှရွှေလီသို့ သွားရောက်ခဲ့ပြီး ရွှေလီမြစ်ဝှမ်းတိုးတက်ရေးတာဝန်ခံ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်၊

ကျေးလက်ဒေသအုပ်ချုပ်ရေးတာဝန်များထမ်းဆောင်နေသူ စိုင်းအိုက်ပန်း၊ SSA အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ ဦးခွန်နော်တို့နှင့်တွေ့ဆုံခဲ့ပြီး မူဆယ်သို့ ပြန်လည်

ရောက်ရှိခဲ့ပါသည်။

(င) ၂ဝဝ၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် မူဆယ်မှလားရှိုးသို့ ကားဖြင့်ပြန်လာစဉ် မူဆယ်အထွက် အေးရှားဝေါလ်ဂိတ်အနီးတွင် ပူးပေါင်းအဖွဲ့ဖြင့်

ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းနှင့်အတူပါလာသော တပ်ဖွဲ့ဝင် ၄ ဦးတို့နှင့်အတူ ၉ မမပစ္စတို ၃ လက်၊ ပွိုင့် ၃၂ ပစ္စတို ၁ လက်၊ အူဇီ ၁ လက်၊ စုစုပေါင်း ၅ လက်တို့အား

သိမ်းဆည်းရမိခဲ့ပါသည်။ ရွက်ဆစ်ဦးစီးသောSSA(S) အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ရှောက်ဟန်ဦးစီးသည့် တပ်ရင်း(၇ဝ၁)မြောက်ပိုင်းလှုပ်ရှားအဖွဲ့ သည်

၂ဝဝ၇ ခုနှစ်၊ ဇွန်လအတွင်း မူဆယ်-နမ့်ခမ်းဒေသရှိ ရွှေလီချိုင့်ဝှမ်းဒေသသို့ စတင် ဝင်ရောက်၍ ဒေသခံပြည်သူလူထုအား စည်းရုံးကာ လူသစ်စုဆောင်းပြီး

SSA(S) ဌာနချုပ်၊ လွယ်တိုင်းလျံသို့ဆက်သွယ်ရန် အောက်ပါအချက်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်-

(၁) SSA မြောက်ပိုင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များကို SSA(S) အဖွဲ့မှ စည်းရုံးခေါ်ဆောင်မှုများ မပြုလုပ်ရန်။

(၂) SSA မြောက်ပိုင်းအဖွဲ့နှင့် SSA(S) အဖွဲ့တို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မြောက်ပိုင်းနယ်စပ်၌ အချင်းချင်း ရံဖန်ရံခါ ပစ်ခတ်မှုများ

မရှိစေရန်။

(စ) SSA(S) အဖွဲ့၏ သဘောထားပြန်ကြားချက်မှာ SSA မြောက်ပိုင်းနှင့် တောင်ပိုင်းကွဲပြားမှု မရှိကြောင်း၊ SSA/RCSS ဟူ၍ တစ်ဖွဲ့တည်းသာ

ရှိကြောင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးနှင့် သတင်းဖလှယ်ရေးတို့အတွက် အတိုင်ပင်ခံကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

၃ဝ။ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှု။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၃) SSA အဖွဲ့အနေဖြင့် အောက်ပါစီးပွားရေးလုပ်ငန်းများအား လုပ်ကိုင်လျက်

ရှိပါသည်-

(က) ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၃) SSA အဖွဲ့အနေဖြင့် အတွင်းရေးမှူးဖြစ်သူ ဦးယားပေမှ စီးပွားရေးဌာနတာဝန်ခံအဖြစ် တာဝန်ယူ

ဆောင်ရွက် ၍ လက်ရှိဆောင်ရွက်လျက် ရှိသည့် စီးပွားရေးလုပ်ငန်းများမှာ သကြားစက်လုပ်ငန်း၊ ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်း၊ ခနောက်စိမ်းလုပ်ငန်း၊

မိုင်းရှူးကျောက်မျက်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေး စသည့်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် အဖွဲ့ပိုင် အနေဖြင့်

ရန်ကုန်မြို့ရှိ လွိုင်ခုံးအထွေထွေကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ၊ မန္တလေးမြို့ရှိ ကုန်စည်ပို့ဆောင်ရေးနှင့် ရှမ်းလင်းရောင်ခြည်ကုမ္ပဏီ၊ တောင်ကြီးမြို့ရှိ လွိုင်ခုံး

ကျောက်မျက်/ ဓာတ်သတ္တု/ရွှေတူးဖော်ရောင်းဝယ်ရေးကုမ္ပဏီဖြစ်ပြီး တပ်မဟာအနေဖြင့် ကျွန်းသစ်ထုတ်လုပ် ခြင်းလုပ်ငန်း၊ ရှမ္မရူးချက်အရက်လိုင်စင်လုပ်ငန်း၊

ဝက်သားသတ်လိုင်စင်လုပ်ငန်း၊ ခနောက်စိမ်း လုပ်ငန်း မိုင်းရှူးကုမ္ပဏီလီမိတက်တို့ဖြစ်ပါသည်။ တပ်မဟာ(၇)လုပ်ငန်းများမှာ မိုင်းရှူး ကျောက်မျက်တူးဖော်ခြင်း

လုပ်ငန်း၊ တောင်ကြီး လွိုင်ခုံးသောက်ရေသန့်စက်ရုံလုပ်ငန်း၊ ကွန်ဟိန်း သားသတ်လိုင်စင်နှင့် အရက်လိုင်စင်လုပ်ငန်း၊ မိုင်းရှူးခနောက်စိမ်းလုပ်ငန်း၊ လိမ္မော်၊ သရက်၊

နာနတ်၊ မြေပဲ၊ ကြက်ဆူ၊ လယ်ယာ၊ တောင်ယာလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ နွားမွေးမြူရေးလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းတို့ လုပ်ကိုင်ဆောင်ရွက်လျက်

ရှိပါသည်။

(ခ) ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၃) SSA အဖွဲ့အနေဖြင့် လဲချား၊ မိုင်းကိုင်ဒေသ များတွင် ကျွန်းသစ်များအား တရားမဝင်ခိုးထုတ်ကာ

တာဝန်မူ၊ တာပိန်းပိကူးတို့ဆိပ်မှတစ်ဆင့် အဖွဲ့သို့ဆက်သွယ်ပေးပို့ခြင်း၊ WY ရူးသွပ်ဆေးပြားများအား လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

(ဂ) ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် KIA သောင်းကျန်းသူအဖွဲ့မှ ဘရမ်စိုင်း၏ညီ အမည်(စိစစ်ဆဲ)ခေါင်းဆောင်၍ အင်အား ၅ ဦးခန့်သည်

ဝမ်ဟိုင်း ခန့်မှန်းမြေပုံညွှန်း (အိပ်ချ်- ၈၈၅၅၃၉)သို့ ရောက်ရှိလာပြီး လက်နက်၊ ခဲယမ်းများဝယ်ယူရန် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီးဖြစ်သည့် SSA

တပ်မဟာ(၁)နှင့် လာရောက်ဆက်သွယ်ခြင်းဖြစ်ကြောင်း သိရှိ ရပါသည်။SSA တပ်မဟာ(၁)အဖွဲ့သည် ၎င်းတို့နယ်မြေအတွင်းရှိ ကျေးရွာများမှ တစ်ရွာလျှင်

ဘိန်း ၅ဝ ကျပ်သားစီ အခွန်အဖြစ်ကောက်ခံလျက်ရှိကြောင်း၊ ဘိန်းစိုက်ပျိုးသူများထံမှ ဘိန်းတစ်ပိဿာလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ဝယ်ယူစုဆောင်းလျက်

ရှိကြောင်း၊ ရရှိသော ဘိန်းများအား ဝမ်ဟိုင်း တွင်သိုလှောင်ထားရှိပါသည်။ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြားများကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း၊

မူးယစ်ဆေးဝါးချက်လုပ်နိုင်ရန် တရုတ် ပညာရှင် ၂ ဦးအား ငှားရမ်းထားပြီး ဝမ်ဟိုင်း၌ နေထိုင်စေလျက်ရှိကြောင်း သိရှိရပါသည်။

(ဃ) ၂ဝဝ၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဝ၄ဝဝ နာရီချိန်တွင် သတင်းအရ မိုင်းရှူးမြို့နယ်၊ နမ့်တောင်းကျေးရွာနေ SSA ငြိမ်းချမ်းရေးအဖွဲ့၊ တပ်မဟာ

(၁)မှ စီးပွားရေးအဖွဲ့ဝင် ဦးကောစလ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းတွင် မည်သည့်မူးယစ်ဆေးဝါးမျှ မတွေ့ရ သော်လည်း ဦးကောစလ စိုက်ပျိုး

ထားသည့် ဘိန်းခင်း ၄ ဧကအတွက် ဘိန်းစိုက်ပျိုးခွင့်ပြုကဒ် အခွန်အဖြစ် ဘိန်း ၃ဝ ကျပ်သားအား လွန်ခဲ့သော ၁ဝ ရက်ခန့်က ပုံစံကျေးရွာနေ SSA

ငြိမ်းချမ်းရေးအဖွဲ့၊ တပ်မဟာ(၁) ဒုတိယစီးပွားရေးအဖွဲ့ဝင် နယ်မြေအုပ်ချုပ်ရေးမှူးအဆင့်ရှိ တပ်ကြပ်ကြီး အောင်ညွန့်ထံ သွားရောက်ပို့အပ်ခဲ့ကြောင်း ထွက်ဆို

ခဲ့သဖြင့် တပ်ကြပ်ကြီး အောင်ညွန့်နေအိမ်သို့ ဝ၅ဝဝ နာရီချိန်တွင် ဝင်ရောက်ရှာဖွေရာ နေအိမ်ဈေးဆိုင်အတွင်းရှိ တိုင်ကြားတွင် ပလပ်စတစ်အဖြူရောင်ဖြင့်

ထုတ်ထားသည့် ဘိန်းစိမ်းတစ်ထုတ် အလေးချိန် ဝ.ဝဝ၈ ကီလိုခန့်အား ရှာဖွေတွေ့ရှိပြီး နေအိမ်အိပ်ခန်းခေါင်းရင်းအထက်တွင် တံဆိပ်မပါ တရုတ်နိုင်ငံလုပ် ၉ မမ

ပစ္စတို ၁ လက်၊ ၎င်းကျည်ကဒ် ၃ ခု၊ ကျည် ၆ တောင့်၊ လက်ကိုင် စကားပြောစက်တစ်လုံး၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင်အသုံးပြုသည့် လိုင်စင်မဲ့ဆိုင်ကယ်

တစ်စီးတို့အား ရှာဖွေတွေ့ရှိသဖြင့် မူးယစ်အထူးအဖွဲ့မှ သိမ်းဆည်းခဲ့ပါသည်။ SSA တပ်မဟာ(၁) မှ တပ်ကြပ်ကြီး အောင်ညွန့်အား စစ်ဆေးမေးမြန်းရာ

လွန်ခဲ့သည့် ၅ နှစ်ခန့်က SSA ငြိမ်းချမ်းရေးတပ်မဟာ(၁) စီးပွားရေးတာဝန်ခံဗိုလ်မှူးအဆင့်ရှိ ချင်းပီးမှ ၉ မမပစ္စတိုအား ထုတ်ပေးထားခြင်းဖြစ်ပြီး

၎င်းသေနတ်အား တရားမဝင် ကိုင်ဆောင်ထားခြင်း ဖြစ်သည့်အပြင် ၂ဝဝ၇ ခုနှစ် မတ်လ ၁၃ ရက်နေ့၌ မိုင်းရှူးမြို့နယ်၊ နောင်အက်ကျေးရွာအုပ်စု၊ နန်းမွန်းရွာ

ဘိန်းချက်စခန်းနေ SSA ငြိမ်းချမ်းရေးတပ်မဟာ(၁) အုပ်ချုပ်ရေးနှင့် စီးပွားရေးတာဝန်ခံ ဗိုလ်မှူး အဆင့်ရှိ ထွန်းလင်း၏ ညွှန်ကြားချက်အရ နမ့်တောင်းကျေးရွာ

အုပ်စုအတွင်းရှိ ကျေးရွာများနေ ဘိန်းစိုက်ပျိုးသည့် ရွာသူရွာသားများထံမှ တစ်အိမ်လျှင် ဘိန်းစိမ်း ၆ ကျပ်သားနှုန်း၊ တစ်ရွာလုံး အတွက် ဘိန်းစိမ်း ၁ ပိဿာ

၈၉ ကျပ်သားခန့်အား မတ်လ ၂၅ ရက်နေ့ ၁၄ဝဝ နာရီချိန်တွင် နမ့်မွန်းရွာဘိန်းချက်စခန်းနေ ဗိုလ်မှူးအဆင့်ရှိ ထွန်းလင်းထံသို့ သွားရောက်အပ်နှံခဲ့ပြီးဖြစ်ကြောင်း

သိရှိရပါသည်။ မူးယစ်ဆေးဝါးများအားသယ်ဆောင်၊ လွှဲပြောင်း၊ လက်ဝယ်ထားရှိသူ အောင်ညွန့် ပုံစံကျေးရွာနေသူနှင့် ကောစလတို့နှစ်ဦးအား လွိုင်ဆောင်ထောက်

ရဲစခန်းမှ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၅/၁၆(ဂ)/၂၁/၂၂ ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်ထားရှိကြောင်း သိရှိရပါသည်။

၃၁။ မဟာမိတ်အဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်မှု။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၃) SSA အဖွဲ့အနေဖြင့် အောက်ပါအတိုင်း မဟာမိတ်

အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများဖြစ်ပါ သည်-

(က) ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၃) SSA အဖွဲ့အနေဖြင့် SSNA ၊ SNLD၊ SSA(S) ရွက်ဆစ်အဖွဲ့များနှင့်ပူးပေါင်း၍

ရှမ်းအမျိုးသားများကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများရှိကြောင်း၊ တစ်ဖက်မှလည်း ရွှေလီချိုင့်ဝှမ်းဒေသကို အမာခံနယ်မြေ အဖြစ် စုစည်း

ထားရှိပြီး၊ ရွှေလီချိုင့်ဝှမ်းဒေသတွင်လည်း SSA(S) အဖွဲ့များမှ တပ်ရင်း(၇ဝ၁) မြောက်ပိုင်းလှုပ်ရှားအဖွဲ့များအား ဝင်ရောက်၍လူသစ်စုဆောင်းခြင်း၊

လွယ်တိုင်းလျှံ သို့ ပို့ဆောင်၍ စစ်သင်တန်းများပို့ချလျက်ရှိခြင်းတို့ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူး ဒေသ(၃)အဖွဲ့အနေဖြင့် SSA(S) အဖွဲ့များနှင့်

စစ်ရေးအရ မဟာမိတ်ဆက်သွယ်မှုများ ရှိနိုင်ကြောင်း ယူဆရပါသည်။

(ခ) ထို့ပြင် ရှမ်းပြည်(မြောက်ပိုင်း) အထူးဒေသ(၃) SSA အဖွဲ့သည် လဲချား၊ မိုင်းကိုင်ဒေသများမှ တရားမဝင်ကျွန်းသစ်များနှင့် WY စိတ်ကြွရူးသွပ်

ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၂)အဖွဲ့များသို့ ဆက်သွယ်ပို့ဆောင်လဲလှယ်ခြင်းများ၊ မူယစ်ဆေးဝါးရောင်းချရရှိ သည့်ငွေအစား

လက်နက်များ ကို တင်သွင်းခြင်းများ စသည့်သတင်းများ ရရှိထားခြင်းတို့ကြောင့် SSA အဖွဲ့သည် အထူးဒေသ(၂) အဖွဲ့နှင့် လက်နက်မှောင်ခိုမှု/ မူးယစ်

ဆေးဝါး ရောင်းဝယ် မှုနှင့် ပတ်သက်သည့် တရားမဝင်စီးပွားရေးအရ မဟာမိတ်ဆက်သွယ်မှုများရှိကြောင်း သိရှိရပါ သည်။

နိဂုံး[ပြင်ဆင်ရန်]

၃၂။ ဦးဆေးထင် ထိန်းသိမ်းခံရပြီးနောက်တွင် ဦးလွယ်မောင်းမှ ဥက္ကဋ္ဌ အဖြစ် ဆက်လက်ခေါင်းဆောင်ခဲ့ သော်လည်း အဓိကအားဖြင့် တပ်မဟာ(၁)တပ်မဟာမှူး

ပန်ဖမှ ဩဇာသက်ရောက်မှု အရှိဆုံးဖြစ်ပါသည်။ ပန်ဖသည် သဘောထားတင်းမာသူဖြစ်ပြီး လဲချား၊ ကျေးသီး၊ မိုင်းကိုင်ဒေသများမှ ကျွန်းသစ်များတရားမဝင်

ခိုးထုတ်ကာ တာပန်မူကူးတို့ဆိပ်များမှတစ်ဆင့် အဖွဲ့သို့ ဆက်သွယ်ပို့ဆောင်ခြင်း၊ သစ်ဖိုးငွေများအစား လက်နက်များပြန်လည်တင်သွင်းခြင်း၊ WY

ဆေးပြားများဖြင့် လဲလှယ်တင်သွင်းခြင်းများပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ပန်ဖ၏ ဝမ်ဟိုင်းဒေသ အင်အားဖြန့်ခွဲမှုအရ ဝမ်ဟိုင်းကျေးရွာတွင် အင်အား ၁ဝဝ

ခန့်သာ ထားရှိသော်လည်း အင်အားအများစုအား ဝမ်ဟိုင်းဝန်းကျင်တွင် ဖြန့်ခွဲထားရှိပြီး ၅၇ မီလီမီတာ ဘဇူကာ၊ ၁၂ဝ မီလီမီတာ စိန်ပြောင်းများနှင့်၊ နောက်ပွင့်

လက်နက်ကြီးများပါ တပ်ဆင်ပေးထားကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၃)၏ စစ်ရေးဆိုင်ရာကိစ္စအားလုံးကို ပန်ဖမှ ကွပ်ကဲအုပ်ချုပ်မှု

ရှိနေပြီး ဥက္ကဋ္ဌ လွယ်မောင်းမှ ရုပ်ပြအုပ်ချုပ်သည့် အနေအထားတွင်ရှိနေကြောင်း တွေ့ရှိရပါသည်။

၃၃။ လက်ရှိ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ စဝ်ကိုင်ဖသည် SDU ၊ SNLD အဖွဲ့များ၏ လုပ်ဆောင်မှုများကို ထောက်ခံပြီး ရှမ်းလူမျိုးနှင့် အစွန်းရောက်စိတ်ဓာတ်များကို

ရှေ့တန်းတင်ကာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ် လိုခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။ ၎င်းသည် ရွှေလီချိုင့်ဝှမ်းဒေသရှိ တရုတ်နိုင်ငံဘက်မှ ရှမ်းရွာ ၁၉

ရွာ၊ မြန်မာနိုင်ငံဘက်မှ ရှမ်းရွာ ၁၆ ရွာ၊ စုစုပေါင်း ၃၅ ရွာအား အခြေခံ၍ မြို့နယ် ၄ ခုနှင့် တိုက်နယ် ၈ ခုပါဝင်သည့် ကော်မတီဝင် ၁၁ ဦးဖြင့် ရွှေလီချိုင့်ဝှမ်း

ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံအခြေစိုက် SDU နှင့် Shan National Organization Committee-SNOC တို့ဖြင့် ဆက်သွယ်ကာ

နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ ၎င်းအပြင် ပန်ဖ၏ တပ်မဟာ(၁)နယ်မြေအတွင်း ၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လထိ အင်အား

၂ဝဝ ဖြင့် တပ်သားသစ်သင်တန်းဖွင့်လှစ်ခဲ့ပါသည်။

၃၄။ တပ်မဟာ(၁)နယ်မြေအတွင်း အမ်(၂၂) လက်နက်ငယ်များအစား ဖိုင်ဘာခေါက်ဒင်ဖြင့် လက်နက်ငယ်ပုံစံသစ်များကို ပြောင်းလဲကိုင်ဆောင်နေကြောင်း

သိရှိရပါသည်။ ၎င်းအပြင် တပ်မဟာ(၁) နယ်မြေ အတွင်း လိုင်စင်မဲ့ယာဉ်ငယ် ၁ဝဝ စီးခန့်နှင့် တီ-၆ဝဝ အမျိုး အစားယာဉ် ၄ဝ စီးခန့်ရှိကြောင်း သိရှိရပါသည်။

ပန်ဖသည် အမျိုးသားညီလာခံပြီးစီး၍ လက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်လွှတ်ရန်ရှိလာပါက သဘောထား တင်းမာသူတစ်ဦးဖြစ်လာနိုင်ပြီး အဆင်ပြေလျင်

ပြေသလိုနေမည်၊ အဆင်မပြေလျင်တောပြန်ခိုမည်၊ ဘယ်တော့မှ လက်နက်ချမည်မဟုတ် ဟူသည့် သဘောထားကို လက်ကိုင်ထားသူဖြစ်ပါသည်။

၃၅။ တပ်မဟာ(၁)၊ တပ်မဟာ(၇)တို့သည် ကွန်ဟိန်းမြို့နယ်၊ ဟိုပန်၊ဝမ်မိုင်၊ ဝမ်မတ်၊ ဟောင်လိတ်တစ်ဝိုက် ဘိန်းခင်း ၄၅ ဧကခန့်ကို တပ်မတော်နှင့် ပူးတွဲဖျက်ဆီး

ခဲ့သော်လည်း အခြားသတင်းများအရ နောင်ခမ်းကျေးရွာအနီး နမ့်ပန်ချောင်းတစ်လျှောက်တွင် စိတ်ကြွမူးယစ်ဆေးဝါးချက်လုပ်ရန်စီစဉ်နေကြောင်း သိရှိရသဖြင့်

မူးယစ်ဆေးဝါး လုပ်ငန်းတွင် ပါဝင်ပတ်သက်မှုများရှိကြောင်း သိရှိရပါသည်။ လူမျိုးရေးစိတ်ဓာတ် ပြင်းထန်သူ ခေါင်းဆောင်အချို့ ၏ ချုပ်ကိုင်မှုကြောင့်

နိုင်ငံတော်အစိုးရ၏ စေတနာမှန်ကို နားလည်သဘောပေါက်မှု အပြည့်အဝမရှိသေးသဖြင့် အစွန်းရောက်စိတ်ဓာတ်ရှေ့တန်းတင်ကာ ပြည်ပပယောဂနှင့်

SSA(S) အဖွဲ့များ၏ သွေးထိုးသပ်လျှိုမှုအပေါ် ဟန့်တားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအပေါ် ယုံယုံကြည်ကြည်လက်တွဲလာစေရန် ရင်းနှီးပွင့်လင်းစွာ

စည်းရုံးပြီး ဒေသဖွံ့ဖြိုးရေးအပေါ် ပံ့ပိုးကူညီပေးခြင်းများ လုပ်ဆောင်သင့်ပါသည်။ ထို့ပြင် ပြည်ပ ပယောဂ၏ သပ်လျှိုသွေးခွဲမှု များကြောင့် နိုင်ငံတော်အစိုးရနှင့်

တပ်မတော်အပေါ် မမှန်ကန်သောနည်းလမ်းဖြင့် ဦးတည်လှုပ်ရှားလာနိုင်သဖြင့် အထူးဂရုပြုစောင့်ကြည့်ရမည့်အဖွဲ့ဖြစ်ပါသည်။

ရည်ညွှန်းကိုးကားစာအုပ်စာစောင်များ[ပြင်ဆင်ရန်]

၁။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၁)၊ (လွတ်လပ်ရေးမရမီကာလများ)။

၂။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၂)၊ (၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်မတိုင်မီကာလများ)။

၃။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၃)၊ (၁၉၄၈ ခုနှစ်မှ ၁၉၆၈ ခုနှစ်မတိုင်မီကာလများ)။

၄။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၄)၊ (၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိကာလများ)။

၅။ ပြည်တွင်းသောင်းကျန်းသူသမိုင်း၊ အပိုင်း(၅)၊ (၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိကာလများ)။