ဆယ်မျူယယ် ဒါ ရှမ်ပလိန်

ဝီကီပီးဒီးယား မှ
(ရှမ်ပလိန်၊ ဆယ်မျူယယ်ဒါ မှ ပြန်ညွှန်းထားသည်)

ဆယ်မျူယယ် ဒါ ရှမ်ပလိန်သည် မြေသစ်ရေသစ် စွန့်စား ရှာဖွေသော ပြင်သစ်အမျိုးသားဦး ဖြစ်လေသည်။ မြောက်အမေရိကတိုက်၊ ကနေဒါနိုင်ငံတွင် ပြင်သစ်တို့ ကြီးစိုးနိုင်ရန် ရှန်ပလိန်သည် အထူး ဆောင်ရွက်ခဲ့သဖြင့် ပြင်သစ်နိုင်ငံသစ် (ကနေဒါ)၏ ဖခင် ဟုလည်း ခေါ်ဆိုထိုက်ပေသည်။


ရှမ်ပလိန်သည် ပြင်သစ်နိုင်ငံ ဗစ္စကေး ပင်လယ်အော်ကမ်းခြေရှိ ဗရူးအတ်ဇမြို့သည် မွေးဖွားခဲ့သည်။ သူ၏ဖခင်နှင့် ဦးလေးတို့သည် သင်္ဘောမာလိန်များ ဖြစ်ကြ၍ ရှမ်ပလိန်အား ရေကြောင်းအတတ်များကို သင်ကြားပေးကြသည်။ ဦးစွာ၌ ရှမ်ပလိန်သည် ပြင်သစ်မြင်းတပ်တွင် အမှုထမ်း ခဲ့သေးသည်။ သို့သော် ၁၅၉၉ ခုနှစ်တွင် အနောက်အိန္ဒိယကျွန်းစု၊ မက္ကဆီကိုနှင့် ပနားမားတို့သို့ သွားသောရေတပ်သင်္ဘောတစ်စင်းကို ဦးစီးခွင့်ရရှိ၍ ရေကြောင်းခရီးထွက်ခဲ့သည်။ ထို ခရီးသည် နှစ်နှစ်ခန့် ကြာမြင့်ခဲ့ရာ ရှမ်ပလိန်သည် မိမိ လှည့်လည် သွားလာခဲ့၍ စူးစမ်းတွေ့ရှိချက်များကို မြေပုံများဖြင့် မှတ်တမ်းတင်ထားသည်။ ပနားမားကျွန်းဆက် ကို ဖြတ်၍ တူးမြောင်းဖောက်ရန် ပထမဆုံး အကြံပေးသူသည် ရှမ်ပလိန် ဖြစ်လေသည်။

ထိုနောက် လေးနှစ်အကြာ ၁၆ဝ၃ ခုနှစ်တွင် ရှမ်ပလိန်သည် ကနေဒါပြည်ဖက်သို့ ခရီးထွက်ခဲ့ပြန်၍ စိန်လောရင့် မြစ်ရိုးတစ်လျှောက် လှည့်လည်စူးစမ်းမှုများ ပြုခဲ့သည်။ ထိုစဉ်က စိန်လူစီ ရေတံခွန်အထိ ရောက်ခဲ့သည်။ ထိုအခါကပင် ရှမ်ပလိန်သည် အယ်လဂွန်ကွင်း အင်ဒီးယန်း လူရိုင်းများနှင့် ရင်းနှီးခင်မင်ခဲ့လေသည်။

ပြင်သစ်ပြည့်ရှင် စတုတ္ထဟင်နရီဘုရင်၏ ခွင့်ပြုချက်အရ ၁၆ဝ၄ ခုနှစ်တွင် ရှမ်ပလိန်သည် ဆီးယားဒါမွန့် အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးနှင့်အတူ သားမွေးလုပ်ငန်း တည်ထောင်ရန် နေရာကောင်း ရှာဖွေရေး အတွက် နယူးအင်္ဂလန်ကမ်းရိုး တစ်လျှောက် စုန်ဆင်းသွားလာခဲ့သည်။ ထိုစဉ်က ကော့ဒအငူ အထိ ရောက်ခဲ့၍ ယခု နိုဗာစကိုးရှားပြည်နယ်ရှိ အန္နာပို လစ်ရွိုင်ယယ်ဟု ခေါ်တွင်နေသော မြို့နေရာတွင် ပို့ရွိုင်ယ် အမည်ဖြင့် လူနေစခန်းတစ်ခု ထူထောင်ခဲ့သေးသည်။ ထိုနောက် လေးနှစ်ကြာ၍ ၁၆ဝ၈ ခုနှစ်တွင် ရှမ်ပလိန်သည် ကနေဒါသို့ သွားရောက်ပြန်ကာ ကွီဗက်ကို သားမွေးလုပ်ငန်းအတွက် အချက်အချာမြို့အဖြစ် တည်ထောင်ပြီးလျှင် မြေသစ် ရေသစ်စူးစမ်း ရှာဖွေရေး၏အခြေခံ စခန်းမြို့အဖြစ်လည်း ထားရှိလေသည်။


၁၆ဝ၉-ခုနှစ်တွင် ရင်းနှီးခင်မင်နေသော အယ်လဂွန်ကွင်း အင်ဒီးယန်းလူမျိုးများနှင့်အတူ အီရိုကွိုင်အင်ဒီးယန်းလူမျိုးများကို တိုက်ခိုက်ရန် လိုက်ပါသွားသည်။ ယင်းသို့ လိုက်ပါသွားစဉ် နောင်အခါ သူ့ကို အစွဲပြု၍ မှည့်ခေါ်ခဲ့သော ရှမ်ပလိန် ရေအိုင်ကြီးကို တွေ့ရှိခဲ့လေသည်။

ရှမ်ပလိန်သည် ထိုစဉ်က အသစ်အဆန်းဖြစ်နေသေးသော သေနတ်လက်နက်ကို အသုံးပြုကာ အယ်လဂွန်တို့ဖက်မှ ကူညီတိုက်ခိုက်ပေးလေရာ အီရိုကွိုင်တို့သည် ထိုသေနတ်ကို ကြောက်လန့်ပြီးလျှင် အရှုံးပေးကြရလေသည်။ ထိုကြောင့် ရှမ်ပလိန်အား အယ်လဂွန်ကွင်းတို့က ပို၍ အားထားချစ်ကြည်သလောက် အီရိုကွိုင်တို့က ရှမ်ပလိန်ကိုသာမက ပြင်သစ်တစ်မျိုးသားလုံး မုန်းတီးသွားကြသည်။ အီရိုကွိုင်တို့သည် ယင်းသည်ကို အကြောင်းပြု၍ နောင်အခါတွင် ဒပ်ချတို့အား၎င်း၊ အင်္ဂလိပ်တို့အား၎င်း အကူအညီ ပေးခဲ့ကြခြင်း ဖြစ်လေသည်။

၁၆၁ဝ ပြည့်နှစ်မှ ၁၆၂၉ ခုနှစ်များအတွင်း ရှမ်ပလိန်သည် ပြင်သစ်နိုင်ငံသို့ နှစ်စဉ်ပြန်၍ ကနေဒါပြည်၏ တိုးတက်မှု အခြေအနေကို အစီရင်ခံကာ ချမ်းသာကြွယ်ဝသော သူကောင်းမျိုးတို့၏ အကူအညီကို ရနိုင်ရန် ကြိုးပမ်းခဲ့လေသည်။ ကွီဗက်မြို့ရှိ သားမွေးလုပ်ငန်း အရောင်းအဝယ်ကောင်းအောင် တစ်ဖက်မှ ဆောင်ရွက်ယင်း တစ်ဖက်မှလည်း မြေသစ် ရေသစ် စူးစမ်းမှုများကိုလည်း ပြုလုပ်ခဲ့သည်။ ၁၆၁၁ ခုနှစ်တွင် ယခု မွန်ထရီးအောဟု ခေါ်တွင်သော မြို့ကို တည်ထောင်၍ ကုန်သွယ်မှု ဌာနတစ်ခုဖြစ်စေကာ မောင့်ရွိုင်ရယ်ဟု ထိုစဉ်က ခေါ်တွင်စေခဲ့သည်။ နောက်တစ်နှစ်တွင် ပြင်သစ်အစိုးရက ရှမ်ပလိန်အား ပြင်သစ်နိုင်ငံသစ်(ကနေဒါ)၏ ဒုတိယဘုရင်ခံအဖြစ် ခန့်ထား၍ ကွီဗက်မြို့တွင် ရုံးထိုင်စေသည်။ ၁၆၂၉ ခုနှစ်တွင် ထိုစဉ်က ကောင်းစွာ တောင့်တင်းလုံခြုံခြင်း မရှိသေးသော ကွီဗက်မြို့ကို အင်္ဂလန်သို့ အကျဉ်းသားအဖြစ် ခေါ်ဆောင်သွားကြသည်။ လေးနှစ်ကြာ၍ ကနေဒါကို ပြင်သစ်တို့အား ပြန်လည်ပေးအပ်သောအခါ ရှမ်ပလိန်ကိုပင် ယခင်က ရာထူးအတိုင်း ပြန်လည်ခန့်အပ်သည်။ ရှမ်းပလိန်သည် အများ၏ ချစ်ကြည်ရိုသေမှုကို ခံယူကာ ဒုတိယဘုရင်ခံအဖြစ် ဆက် လက်ဆောင်ရွက်ခဲ့စဉ် ၁၆၃၅ ခုနှစ် နာတာလူးပွဲတော်နေ့တွင် ကွီဗက်မြို့၌ ကွယ်လွန်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)