ရှန်းကျန်း အထူးစီးပွားရေးဇုန်

ဝီကီပီးဒီးယား မှ

ရှန်ကျန်း၏ အဓိပ္ပာယ်မှာ Deep Drains ဖြစ်သည်။ နက်သော ရေမြောင်းများဟု အဓိပ္ပာယ်ရသည်။ ရှန်ကျန်းသည် ဟောင်ကောင်ကျွန်း၏ မြောက်ဘက်၌ ကပ်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး တံခါးဖွင့်ဝါဒကြောင့် တံငါရွာငယ်လေးရှန်ကျန်းသည် ကမ္ဘာပေါ်တွင် အောင်မြင်မှု အရှိဆုံး အထူးစီးပွားရေးဇုန်တစ်ခုအဖြစ် ထင်ရှားလာသည်။

စင်စစ် ရှန်ကျန်းသည် တရုတ်ပြည်၏ ပထမဆုံးသော အထူးစီးပွားရေးဇုန်လည်း ဖြစ်သည်။ ယခုအခါ ရှန်ကျန်းတွင် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ (တစ်ဘီလီယံလျှင် သန်း ၁၀၀၀) ကျော် ရှိနေပြီဖြစ်၏။ နိုင်ငံတကာ သတင်းများက ကမ္ဘာပေါ်တွင် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု အမြန်ဆုံးသော မြို့များတွင် ရှန်ကျန်းမြို့လည်း ပါဝင်သည်ဟု ရေးသားလာကြသည်။

ရှန်ကျန်းသည် အဆင့်မြင့် နည်းပညာကုမ္ပဏီများစွာ၏ ဗဟိုရုံးများ ရုံးစိုက်ရာ မြို့ဖြစ်သည်။ ထို့အပြင် ဟောင်ကောင်နှင့် ရှန်ဟိုင်းပြီးလျှင် ရှန်ကျန်းသည် ကွန်တိန်နာ တင်ပို့မှု၌ တတိယနေရာယူထားသောမြို့လည်း ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရှန်ကျန်းသည် စီးပွားရေးအချက်အချာကျသော ဟောင်ကောင်နှင့် နီးသည်။ ထိုစဉ်က တရုတ်နိုင်ငံ၏ ခေါင်းဆောင် တိန့်ရှောင်ဖိန်က ရှန်ကျန်းအား အထူးစီးပွားရေးဇုန် အဖြစ် သတ်မှတ်ပြီး အကောင်အထည်ဖော်ရန် လမ်းညွှန်ခဲ့သည်။ အထူးစီးပွားရေးဇုန် (SEZ) ဟု စတင်ခဲ့စဉ်က တရုတ်နိုင်ငံ၏ စရိုက်လက္ခဏာများရှိသော ဆိုရှယ်လစ်၏ ဦးဆောင်မှုဖြင့် ဈေးကွက် အရင်းရှင်စနစ်ကို ကျင့်သုံးဆောင်ရွက်မည့် စမ်းသပ်ဒေသအဖြစ် တီထွင်ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်နှင့် ရှန်ကျန်းသည် နီးသည်။ ယဉ်ကျေးမှု (Culture) ချင်းလည်း တူသည်။ ထို့ကြောင့် ဟောင်ကောင်သို့ ရောက်သွားမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment, FDI) များကို ရှန်ကျန်းသို့ လာရောက် ရင်းနှီးမြှုပ်နှံကြစေရန် ဆွဲဆောင်လိုသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရှန်ကျန်းနှင့် ပတ်သက်သည့် တီထွင်စမ်းသပ်ခဲ့သည့် အထူးစီးပွားရေးဇုန်ဆိုင်ရာ သဘောတရားမှာ အောင်မြင်ခဲ့ရာ နောင်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးတံခါးများကို တစ်ပေါက်ပြီးတစ်ပေါက် ဆက်တိုက်ဖွင့်ပေးရုံမျှသာမက တရုတ်နိုင်ငံ တစ်နိုင်ငံလုံး၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် ပြုလုပ်ရေးအတွက်ပါ များစွာ အထောက်အကူ ပြုနိုင်ခဲ့သည်။

ရှန်ကျန်းအထူးစီးပွားရေးဇုန်၏ အောင်မြင်မှုကြောင့် ရှန်ကျန်းသည် တရုတ်နိုင်ငံ ပုလဲမြစ်ဝှမ်းဒေသတွင် အကြီးမားဆုံးသော မြို့တော်ကြီးတစ်ခု ဖြစ်လာရုံသာမက တရုတ်နိုင်ငံ၏ စီးပွားရေးမြို့တော် တစ်ခု၊ ကမ္ဘာ့အကြီးဆုံး စက်မှုကုန်ထုတ် အခြေစိုက်ဒေသတစ်ခုလည်း ဖြစ်လာသည်။ ရှန်ကျန်းသည် ယခင်က ကွမ်တုန် (Guangdong) ပြည်နယ်၏ မြို့တစ်မြို့ သာဖြစ်ခဲ့သည်။ သို့သော် ရှန်ကျန်း အထူးစီးပွားရေးဇုန်၏ အောင်မြင်မှုကြောင့် ၁၉၈၈ ခုနှစ် နိုဝင်ဘာလတွင် ပြည်နယ်အဆင့်ဖြင့် စီးပွားရေးအုပ်ချူပ်ခွင့်ရသော မြို့တစ်မြို့ အဖြစ် ရှန်ကျန်းကို အဆင့်တိုးမြင့် သတ်မှတ်ပေးခဲ့သည်။

တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုန် ငါးခုတွင် ရှန်ကျန်းသည် ပထမဦးဆုံး အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခံရသော ဒေသလည်း ဖြစ်သည်။ ထို့အပြင် ရှန်ကျန်းသည် တရုတ်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု၏ ပြယုဂ်လည်းဖြစ်သည်။

ပထဝီ[ပြင်ဆင်ရန်]

ရှန်ကျန်းတွင် လမ်းကျယ်ကြီးများ၊ မိုးမျှော်တိုက်များ၊ သန့်ရှင်းသပ်ရပ်သော ရုံးများ၊ စက်ရုံများကို တွေ့နိုင်သည်။ စင်စစ် ရှန်ကျန်းသည် တောင်ကုန်းပေါများရာ တံငါရွာတစ်ခုဘဝမှ အစပြုခဲ့သည်။

ရှန်ကျန်း၏ စည်ပင်သာယာနယ်နမိတ် ဧရိယာမှာ ၇၉၀ စတုရန်းမိုင်ရှိသည်။ ၂၀၀၇ ခုနှစ် သန်းကောင်စာရင်း အရ ရှန်ကျန်း၏လူဦးရေမှာ ၈ သန်း ၆ သိန်းကျော်ရှိသည်။ ထိုလူဦးရေ အနက် နှစ်သန်းကျော်မှာ အမြဲတမ်း နေထိုင်သူများဖြစ်ရာ ရွှေ့ပြောင်းလူဦးရေ ၆ သန်းမျှ ရှိသည့် စက်မှုစီးပွားရေး မြို့တစ်မြို့၏ အပြောင်းအလဲ မြန်ဆန်မှုကို ခန့်မှန်းကြည့်နိုင်သည်။

ရှန်ကျန်းမြို့တွင် တောင်ပေါ်ဒေသ သုံးခု ခန့်ရှိသည်။ ထိုဒေသများမှ တက်ကြည့်လျှင် တစ်မြို့လုံးကို အပေါ်စီးမှ လှပစွာ ခံစားကြည့်ရှုနိုင်သည်။ သို့သော် ရှန်ကျန်း၌ ရှိသမျှ တောင်များကို တစ်တောင်ပြီး တစ်တောင် ဖြိုချကာ လူနေတိုက် အိမ်ခြေသစ်များ လျင်မြန်စွာ တည်ဆောက်နေရာ တောင်ပေါ်နေရာများလည်း မကြာမီ ပျောက်ကွယ်သွားနိုင်ခြေ ရှိသည်။

၂၀၁၀ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် ရှန်ကျန်း အထူးစီးပွားရေးဇုန်၏ ဧရိယာသည် မူလ အထူးစီးပွားရေးဇုန်ဧရိယာထက် ၅ ဆ ပိုကျယ် လာခဲ့သည်။ ရှန်ကျန်းရှိ ယန်တီယန် (Yantion) သည် ကွန်တိန်နာများ တင်ပို့ရာ ရေနက်ဆိပ်ကမ်း မြို့တစ်မြို့ ဖြစ်ပြီး ကမ္ဘာ့ စတုတ္ထအကြီးဆုံး ကွန်တိန်နာ ဆိပ်ကမ်းလည်း ဖြစ်သည်။ ထိုမြို့က Logistics Support လုပ်ငန်းအတွက် ထင်ရှားသည်။

လူဦးရေ အခြေအနေ[ပြင်ဆင်ရန်]

ရှန်ကျန်းကို အထူးစီးပွားရေးဇုန်ဟု သတ်မှတ်ပြီးကတည်းက ရှန်ကျန်း၏ လူဦးရေမှာ အဆမတန် တိုးပွားလာခဲ့သည်။ ၂၀၀၈ ခုနှစ် စာရင်းများအရ ရှန်ကျန်း၌ လူဦးရေ ၁၄ သန်းခန့် ရှိသည်ဟု သိရသည်။ သို့သော် ရှန်ကျန်းဒေသခံများက သူတို့ ဒေသရှိ လူဦးရေမှာ ၁၄ သန်းမက ရှိနိုင်သည်ဟု ဆို၏။

လူဦးရေ တစ်ဟုတ်ထိုး တိုးတက်မှုနှင့် အညီ ပြဿနာတစ်ခုပါ တစ်ပါတည်း ပူးတွဲပါလာသည်။ ထိုပြဿနာမှာ ResidencyPermit ဟု အင်္ဂလိပ်လို ခေါ်ပြီး တရုတ်လို Hukou ဟု ခေါ်သည့် နေထိုင်ခွင့် ပါမစ်ကိစ္စဖြစ်သည်။ ရှန်ကျန်းတွင် နေထိုင်ခွင့် ပါမစ်မရှိဘဲ နေထိုင်သူ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။

ရှန်ကျန်းက အထူးစီးပွားရေးဇုန်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံ ဒေသအနှံ့က လူများ ရှန်ကျန်းသို့ လာရောက် အလုပ်လုပ်ကြသည်။ ထိုအခါ ဒေသခံတို့အတွက် အရည်အချင်းမရှိလျှင် ပြိုင်၍ မရနိုင်တော့။

ကောက်ယူထားသော စစ်တမ်းများအရ ရှန်ကျန်းမြို့သားများသည် အသက် ၃၀ အောက် ဖြစ်၏။ ရှန်ကျန်းမြို့သားများ၏ ၈.၄၉ ရာခိုင်နှုန်းမှာ အသက် ၁ နှစ်မှ ၁၄ နှစ်အတွင်းရှိကြသည်။ အသက် ၁၅ နှစ်မှ ၅၉ နှစ်အတွင်း လူဦးရေမှာ ၈၈.၄၁ ရာခိုင်နှုန်းရှိသည်။ လူဦရေ၏ ၂၀ ရာခိုင်နှုန်းမှာ အသက် ၂၀ မှ ၂၄ နှစ်အတွင်း ရှိကာ လူဦးရေ၏ ၁.၂၂ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ် အထက်၌ ရှိကြသည်။

ရှန်ကျန်း၌ အလုပ်လုပ်နေသူများကို ကြည့်လျှင် အစွန်းတရားနှစ်ခုကို တွေ့ရသည်။ တစ်ဖက်၌ အဆင့်မြင့် ပညာတတ် လုပ်သား များစွာရှိပြီး အခြားတစ်ဖက်၌ ပညာရည်ချို့တဲ့သော ရွှေ့ပြောင်းလုပ်သားများစွာကို တွေ့ရ၏။ ၂၀၀၇ ခုနှစ် ဇွန်လ စာရင်းများ အရ တရုတ်နိုင်ငံ၏ ဒေါက်တာ၊ ပါရဂူ Ph.D ဘွဲ့ရများ၏ ၂၀ ရာခိုင်နှုန်းသည် ရှန်ကျန်း၌ အလုပ်လုပ်နေကြသည်။

၂၀၀၉ ခုနှစ်တွင် ရှန်ကျန်းအထူးစီးပွားရေးဇုန်၏ စုစုပေါင်း ထုတ်လုပ်မှု တန်ဖိုးမှာ ယွမ်ငွေဘီလီယံပေါင်း ၈၂၀.၁ ဘီလီယံ ရှိခဲ့သည်။ ထိုကာလ ရှန်ကျန်းနေ ပြည်သူတစ်ဦး၏ တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၁၃၅၈၁ ဒေါ်လာ ဖြစ်သည်။

ရှန်ကျန်း အထူးစီးပွားရေးဇုန် ဒေသ၏ ကဏ္ဍအလိုက် ထုတ်လုပ်မှု အချိုးအစားကို လယ်ယာ၊ စက်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍအဖြစ် ခွဲ၍ ကြည့်ပါက ၀.၁ : ၄၆.၇ : ၅၃.၂ ရှိသည်။ ထို့ကြောင့် ရှန်ကျန်း၌ လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှုမှာ တစ်ရာခိုင်နှုန်းပင် မရှိဘဲ ဝန်ဆောင်မှုမှာ အများဆုံးဖြစ်နေသည်။

၁၉၉၀ ခုနှစ်များအတွင်းက ရှန်ကျန်း၌ တစ်ရက်လျှင် မိုးမျှော်တိုက်ကြီးတစ်လုံး ပေါ်ထွန်းလာပြီး သုံးရက်လျှင် လမ်းမကျယ်ကြီး တစ်လမ်းဆောက်လုပ် ပြီးစီးသည်ဟု ဆိုစမှတ်ပြုခဲ့ကြသည်။ ရှန်ကျန်းမြို့၌ မီတာ ၂၀၀ အထက်မြင့် မိုးထိတိုက်ပေါင်း ၁၃ ခု ရှိသည်။

တရုတ်နိုင်ငံ၏ အဆင့်မြင့် နည်းပညာ ကုမ္ပဏီများအနက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် BYD, Dingoo, G’ Five, Hasee, Huawei, JXD, Konka, Netac, Skyworth , Tencent နှင့် ZTE အစရှိသည့် ကုမ္ပဏီအားလုံးသည် ရှန်ကျန်းဒေသ၌ ရုံးချူပ်များ ထားရှိ ဆောင်ရွက်နေကြသည်။

ရှန်ကျန်းဒေသသည် စီးပွားရေးအရ ထုတ်လုပ်မှုတန်ဖိုးမှာ တရုတ်နိုင်ငံတွင်း၌ စတုတ္ထနေရာ၌ ရှိသည်။ ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးဒေသများက မြို့အလိုက် ထုတ်လုပ်မှု၌ ပထမ၊ ဒုတိယနှင့် တတိယ နေရာများကို ရယူထားကြသည်။ သို့သော် ၂၀၀၉ ခုနှစ်တွင် ရှန်ကျန်းမြို့သားတစ်ဦး၏ တစ်နှစ် ပျမ်းမျှဝင်ငွေမှာ ယွမ်ငွေ ၉၂၇၇၁ (အမေရိကန်ဒေါ်လာ ၁၃၅၈၁) ဖြစ်ရာ တရုတ်နိုင်ငံမြို့ကြီးများ အနက် အချမ်းသာဆုံး ဝင်ငွေရသော မြို့တစ်မြို့ ဖြစ်သည်။[၁]

၁-၇-၂၀၁၀ တွင် ရှန်ကျန်းအထူးစီးပွားရေးဇုန်၏ ဧရိယာ နယ်နမိတ်ကို ၁၅၃ စတုရန်းမိုင်မှ ၇၅၄ စတုရန်းမိုင်သို့ ပြင်ဆင် သတ်မှတ်ခဲ့သလို ရှန်ကျန်းဒေသတွင်းသို့ ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်များကိုလည်း လျှော့ပေါ့ပေးခဲ့သည်။

စတော့အိတ်ချိန်း[ပြင်ဆင်ရန်]

ရှန်ကျန်း၌ စတော့ရှယ်ယာ အရောင်းအဝယ်လုပ်သော စတော့အိတ်ချိန်း (Shenzen Stock Exchange, Szse) ရှိသည်။ Szse တွင် စာရင်းဝင် ကုမ္ပဏီပေါင်း ၅၄၀၊ မှတ်ပုံတင် ရင်းနှီးမြှုပ်နှံသူပေါင်း ၃၅ သန်းနှင့် စတော့အိတ်ချိန်း အဖွဲ့ဝင်ပေါင်း ၁၇၇ ဦးရှိသည်။

Szse ကို ၁၉၉၀ ခုနှစ်မှ စတင် ထူထောင်ခဲ့ရာ ဈေးကွက် အရင်းအနှီးလည်ပတ်မှုမှာ အမေရိကန်ဒေါ်လာ ၁၂၂ ဘီလီယံရှိပြီး နေ့စဉ် အကြိမ်ပေါင်း ၆ သိန်းမျှ စတော့ရှယ်ရာ အရောင်းအဝယ် ဖြစ်နေရာ အရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ဒေါ်လာသန်း ၈၀၀ ကျော်ရှိသည်။

ရှန်ကျန်းနှင့် ဟောင်ကောင်တို့သည် စီးပွားရေးအရ အထူးတလည် ဆက်စပ် နေကြသည်။ ထိုမြို့နှစ်ခုကြား နယ်စပ် ဖြတ်ကျော်သည့် ဂိတ်ခြောက်ခုရှိသည်။ ၂၀၀၆ ခုနှစ်က ရှန်ကျန်းနှင့် ဟောင်ကောင်ကြား နေ့စဉ် ကားပေါင်း ၂၀ မှ ၅၀၀ မျှ အပြန်ပြန်အလှန်လှန် ဝင်ထွက် ကူးလူး သွားလာနေကြသည်။ ထိုကားများအနက် ၆၅ ရာခိုင်နှုန်းသော ကားများမှာ ကုန်တင်ကားကြီးများ ဖြစ်ကြသည်။

ရှန်ကျန်းနှင့် ဟောင်ကောင် နှစ်မြို့ကြား ကုန်သွယ်မှုမှာ ၂၀၀၆ ခုနှစ် စာရင်းများအရ အမေရိကန် ဒေါ်လာ ၃၃၃ ဘီလီယံဖိုးရှိသော သွင်းကုန်များကို ရှန်ကျန်းက ဟောင်ကောင်မှ တင်သွင်းယူခဲ့ပြီး ၂၉၈ ဘီလီယံဖိုးရှိသော သွင်းကုန်များကို ရှန်ကျန်းက ဟောင်ကောင်မှ တင်သွင်းယူခဲ့ပြီး ၂၉၈ ဘီလီယံဖိုး ဟောင်ကောင်သို့ ပြန်လည်တင်ပို့ ခဲ့ကြောင်းသိရသည်။

ရှန်ကျန်းနှင့် ဟောင်ကောင် နှစ်မြို့ကြား ခရီးသည် ဖြတ်သန်းသွားလာမှုမှာ နေ့စဉ် ခရီးသည်ဖြတ်သန်း သွားလာမှုနှင့် နေ့စဉ် ခရီးသည် ဦးရေ နှစ်သိန်းမျှ ရှိရာ အများစု ၆၃ ရာခိုင်နှုန်းမှာ ရထားလမ်းကို အသုံးပြုကြသည်။ ဟောင်ကောင်မှ ရှန်ကျန်းသို့ လာရောက် လည်ပတ်ကြသူများ အများစု၏ ရည်ရွယ်ချက်မှာ ဈေးဝယ် (Shopping) ဖို့ဖြစ်သည်။ ရှန်ကျန်းက ဟောင်ကောင်ထက်များစွာ ဈေးချိုသည်။

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

ရှန်ကျန်းမြို့သို့ လေလမ်း၊ ရေလမ်း၊ ရထားလမ်း၊ ကားလမ်းတို့ဖြင့် ရောက်ရှိနိုင်သည်။ ရှန်ကျန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြည်တွင်း၊ ပြည်ပသို့ သွားရောက်နိုင်သည်။ သို့သော် ရှန်ကျန်းဘူတာရုံကြီးမှ တစ်ဆင့် ကွမ်ကျိုးမြို့ကိုလည်း သွားနိုင်သလို တရုတ်နိုင်ငံ အရပ်ရပ်သို့ ခရီးရှည် ရထားစီးသွား၍လည်း ရနိုင်သည်။

ဟောင်ကောင်မှ ရှန်ကျန်းသို့ ရထားဖြင့်လာလျှင် ၄၃ မှ ၄၅ မိနစ် ကြားသာ ကြာသည်။ ရထားထွက်ချိန်ကလည်း ၆ မိနစ် သို့မဟုတ် ၈ မိနစ်လျှင် ရထားတစ်စင်း ကျထွက်ပေးသည်။ ရှန်ကျန်းဒေသအတွင်း သွားရောက်လိုပါက တက္ကစီကားကို အသုံးပြု၍လည်း သွားနိုင်သည်။ ထူးခြားသည့် အချက်မှာ တက္ကစီကား နံပါတ်ပြား အရောင် သုံးမျိုးကွဲနေခြင်းပင် ဖြစ်သည်။

အနီရောင် နံပါတ်ပြားရှိ တက္ကစီများသည် ရှန်ကျန်းဒေသအတွင်း မည်သည့်နေရာသို့ မဆိုသွားနိုင်သည်။ အစိမ်းရောင် နံပါတ်ပါ တက္ကစီများသည် SEZ အပြင် ဒေသအတွင်း၌သာ မောင်းနှင်ခွင့် ရှိပြီး အဝါရောင် နံပါတ်ပြားပါ တက္ကစီများသည် ရှန်ကျန်း SEZ အတွင်းသာ မောင်းနှင်ခွင့် ရှိသည်။

ရှန်ကျန်၏ တိုးတက်မှုက မယုံနိုင်စရာပင် ဖြစ်သည်။ သို့သော် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု၏ အခြားဘက် တစ်မျက်နှာ၌ ပေးဆပ်ရသော စရိတ်စကများ ရှိလာသည်။ ထိုစရိတ်စကများအနက် ရှန်ကျန်း၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာခြင်းက အဓိကဖြစ်သည်။ ဤအချက်ကို မပြုပြင်နိုင်ခဲ့လျှင် ရှန်ကျန်း၏ ရှေ့ရေး ရင်လေးစရာဟု ဆိုကြသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. China expands Shenzhen special economic zone Xinhua News Agency 2 June 2010