ရှင်ဝံသ
မုံတိုင်ပင်ဆရာတော်[မှတ်စု ၁] ရှင်ဝံသ (၁၁၄၀ - ၁၁၉+) သည် ဝိနည်းကျွမ်းကျင်၍ ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၁၄၀ ပြည့်နှစ်တွင် တပယင်းမြောက် ကျေးလက် မုံတိုင်ပင်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်အခါက သာမဏေဝတ်ခဲ့သည်။ အသက် ၂၄ နှစ်အရွယ်တွင် ရဟန်းပြုခဲ့သည်။
ဆရာတော်သည် ဝိနည်းဒေသနာတော်ကို ကျွမ်းကျင်တော်မူသည့်အတွက် မုံရွေးဆရာတော်၊ မောင်းထောင်ဆရာတော်တို့ကပင် ချီးကျူးသည်။ ဆရာတော်သည် တပယင်းမြောက်ဘက် ဂိုဏ်းအုပ်ဆရာတော် ဖြစ်သည်။
ဆရာတော်သည် ဘုရင်၏ “ဝံသာဘိလင်္ကာရမဟာဓမ္မရာဇဂုရု” တံဆိပ်တော်၊ “ဝံသာဘိလင်္ကာရဓဇမဟာဓမ္မရာဇဂုရု” တံဆိပ်တော်များ ရခဲ့သည်။[၁]
ပြုစုခဲ့သည့်ကျမ်းများ
[ပြင်ဆင်ရန်]၁၁၉၁ ခုနှစ်တွင် သုံးပုံတံချူကျမ်း၊ ၁၁၉၃ ခုနှစ်တွင် သုံးပုံအိပ်ထောင့်ကျမ်းများ ပြုစုခဲ့သည်။ အောက်ပါတို့သည် ဆရာတော် ပြုစုခဲ့သည့်ကျမ်းများ ဖြစ်သည်။
၁။ သုံးပုံတံချူကျမ်းလင်္ကာ (၁၁၉၁)၊
၂။ သုံးပုံအိတ်ထောင့်ကျမ်းသံပေါက် (၁၁၉၃)၊
၃။ စကားပြောကျမ်း၊
၄။ သဒ္ဒါအတက်၊
၅။ ငါးရာ့ငါးဆယ်စကားပြေဝတ္ထု၊
၆။ သဒ္ဒါကြီးနိသျ၊
၇။ ဝိနည်းအဆုံးအဖြတ်စာစောင်များ၊
၈။ အဘိဓမ္မမေဒ ဒီပနီ၊
၉။ ပဏ္ဏာသနိပါတ် - ဇာတ်ဝတ္ထု။[၁]
မှတ်စု
[ပြင်ဆင်ရန်]- ↑ သုံးပုံတံချူကျမ်း တည်းဖြတ်သူအမှာ၌ကား ၁၁၀၂ ခုနှစ်မွေးဖွား အမရပူရမြို့တည်မင်းတရားကြီးလက်ထက် အိမ်ရှေ့မင်းက ကိုးကွယ်ကြောင်း၊ ၁၁၈၆ ခုနှစ် မုံတိုင်ပင်ရွာသို့ ပြန်ကြွကြောင်းများကို ဖော်ပြသည်။ သို့ရာတွင် မင်းလှသီဟသူ၏ မှတ်စုအရ ဘွဲ့အမည်တူရုံမျှအပ မုံတောဆရာတော်မှတပါး ပုဂ္ဂိုလ်ဖြစ်ကြောင်း ထင်ရှားဖော်ပြထားသည်။ မုံတောဆရာတော်နှင့် မုံတိုင်ပင်ဆရာတော်ကို ပိဋကတ်သမိုင်းတွင် ခွဲခြား၍ ပြဆိုထားသည်။ ဘွဲ့အမည်မှာ မုံတိုင်ပင်ဆရာတော်၏ ဘွဲ့ကို မှားယွင်းထည့်မိဟန်တူပေသည်။