ရှင်ဝရ
ရှင်ရဝ (၁၁၀၂ − ၁၁၈၄) သည် အမရပူရမြို့တည် မင်းတရားကြီး၏ သားတော် အိမ်ရှေ့မင်း ကိုးကွယ်ခဲ့သည့် ဆရာတော် ဖြစ်သည်။ [၁]
ဘဝ
[ပြင်ဆင်ရန်]ရှင်ရဝကို ၁၁၀၂ ခုနှစ်တွင် အင်းရင်း မုံတောရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးပျော်ဖြစ်သည်။
အသက် ၁၃ နှစ်အရွယ်တွင် သာမဏေဝတ်ခဲ့သည်။ သာမဏေဝတ်၍ ၈ ဝါအရ အသက် ၂၁ နှစ်အရွယ်တွင် ရဟန်းပြုခဲ့သည်။ ဘွဲ့တော်သည် ရှင်ဝရ[မှတ်စု ၁] ဖြစ်သည်။ အမရပူရမြို့ကို တည်ထောင်သည့် မင်းတရားကြီး၏ သားတော် အိမ်ရှေ့မင်းသားက ကိုးကွယ်ခဲ့သည်။ အင်းဝမြို့ အရှေ့တောင်ထောင့် မိုးထိတိုက်မဟာမင်္ဂလာရွှေကျောင်းတော်ကို အလှူခံယူခဲ့သည်။
ဆရာတော်သည် မိုးထိဆရာတော် ပဉ္ဇင်းတက်သည့်အခါတွင် ကမ္မဝါဆရာတော်အဖြစ် ချီးမြှောက်ခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် ပုံတော်ပြက္ခဒိန်နှင့် မူလပြက္ခဒိန် လက်ခံရေးကိစ္စတွင် သုဓမ္မာသဘင်၌ မူလပြက္ခဒိန်ကို ကြိုက်သည်ဟု မင်းမျက်နှာကို မငဲ့ဘဲ မိန့်တော်မူခဲ့သည်။ ထိုကိစ္စတွင် မင်းတရားကြီး၏ အမိန့်ဖြင့် လက်ဝဲသင်္ခဗိုလ်က မေးမြန်းခဲ့ခြင်းကို ဆရာတော်က ဖြေကြားခြင်း ဖြစ်သည်။
ဆရာတော်သည် သာသနာပြုဆရာတော် တစ်ကျိပ်နှစ်ပါးတွင် ပါဝင်သည်။ [၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် သက်တော် ၈၀၊ ဝါတော် ၆၂ အရ ၁၁၈၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ [၁]
ထူးခြားမှုများ
[ပြင်ဆင်ရန်]ဆရာတော်သည် အတိတ်ဘဝ သုံးဘဝကို ပြန်ပြောင်းပြောပြနိုင်သည်ဟု ဆို၏။ [၁]
ပြုစုခဲ့သည့် ကျမ်းများ
[ပြင်ဆင်ရန်]၁။ ဝီသတိနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊
၂။ တိံသနိပါတ်ဇာတ်အဋ္ဌကထာနိသျ။ [၁]
မှတ်စု
[ပြင်ဆင်ရန်]- ↑ မင်းလှသီဟသူ၏ မှတ်စုတွင် ဝံသာဘိသီရိသဒ္ဓမ္မာလင်္ကာရဓဇမဟာ ဓမ္မရာဇာဓိရာဇဂုရုဘွဲိ့ကု ရရှိသည်ဟု ဆိုသော်လည်း ထိုဘွဲ့မှာ မုံတောဆရာတော်၏ ဘွဲ့မဟုတ်ဘဲ မုန်တိုင်ပင်ဆရာတော်၏ ဘွဲ့ ဖြစ်နေသည်။ မုံတောဆရာတော်သည် ၁၁၈၃ ခုနှစ်တွင် မင်းတရားကြီး အတွင်းဝန် မေးလျှောက်ရာ၌ သက်တော် ၈၀၊ ဝါတော် ၆၀ ရှိကြောင်း မိန့်တော်မူသည်။ အသက် ၂၀ ၌ ရဟန်းပြုကြောင်း ထင်ရှားသည်။ မုံတိုင်ပင်ဆရာတော်သည် ကိုယ်တိုင်ရေး သုံးပုံ့တံချူကျမ်းတွင် အသက် ၂၄ နှစ်ရှိမှ ရဟန်းအဖြစ်ရောက်သည်ဟု ဖော်ပြထားသဖြင့် အတ္ထုပ္ပတ္တိချင်း ကွဲလွဲပေသည်။ ပိဋကတ်တော်သမိုင်းတွင် ဝံသာလင်္ကာရသီရိဓမ္မရာဇဂုရုဟု ရှိသည်။ သာသနာဝံသဒီပနီ၌ ဇနိန္ဒာဘိ ပဝရမဟာရာဇဂုရုဟု ရှိသည်။ ဘိုးတော်ဘုရားလက်ထက် မုံတောဆရာတော် ရှင်ဝိရိယာရမ္ဘဟူ၍ ရှိသေး၏။ ဝိသာဘိသီရိသဒ္ဓမ္မာလင်္ကာရဓဇမဟာဓမ္မရာဇာဓိ ရာဇဂုရုတံဆိပ်ပင် ရသည်။