ရှင်မဏိဇောတ (၁၁၇၃ - ၁၂၃၃)

ဝီကီပီးဒီးယား မှ

ရှင်မဏိဇောတ [မှတ်စု ၁] (၁၁၇၃ - ၁၂၃၃) သည် ဘကြီးတော်ဘုရားလက်ထက်တွင် ထင်ရှားခဲ့သည့် ကျမ်းဂန်တတ် ကျမ်းပြုဆရာတော် ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၇၃ ခုနှစ်၊ တန်ခူးလတွင် ရှမ်းမကားရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်မုန်း ဖြစ်သည်။ မိဘနှစ်ပါးမှာ သူကြီး ဦးလူလှ - ဒေါ်မဲညိုတို့ ဖြစ်သည်။ အသက် ၇ နှစ်အရွယ်တွင် သာမဏေပြုခဲ့သည်။ သာမဏေဘဝ၌ပင် စာပေတတ်မြောက်ခဲ့ပြီး ကျောင်းသားများနှင့် သာမဏေငယ်များကို စာပေများ သင်ကြားပေးခဲ့ရသည်။ [၁]

၁၁၉၁ ခုနှစ်တွင် ဘကြီးတော်ဘုရား၏ ပဉ္စင်းခံပွဲ၌ “ရှင်မဏိဇောတ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ သို့ရာတွင် “ဦးမဏိ” ဟူ၍သာ ထင်ရှားခဲ့သည်။ ဆရာတော်သည် ပထမကျော်စာပြန်ပွဲကို အောင်မြင်ခဲ့သဖြင့် မင်းတရားကြီး၏ အလေးအမြတ်ပြုခြင်းကို ခံခဲ့ရသည်။

ဆရာတော်သည် သာယာဝတီမင်းနှင့် ပုဂံမင်းလက်ထက်အထိ စာပေများ ပြုစုပြီး ကျောက်မြောင်းမြို့အနီး ရွှေပေါ်ကျွန်းဘုရားအရံ၌ သမထတရား အားထုတ်ခဲ့သည်။

ဆရာတော်သည် အင်းဝမဟာအောင်မြေဘုံစံအုတ်ကျာင်းတွင် သီတင်းသုံးဖူးသည်။ ဟင်္သာတမြို့သို့ ကြွတော်မူသည့်အခါ သီရိမဟာဇေယျဗလဘွဲ့ခံမြို့သူကြီး ဦးသာမြတ်ထွန်း၊ ရန်ကုန်ဝန်ကြီး ဦးကျော်ရွေး၏ တူမ မြို့သူကြီးကတော် ဒေါ်ရွှေရုပ်တို့၏ ကောင်းမှု ဝက်လှကျောင်းတိုက်၌ သီတင်းသုံးဖူးသည်။

ဆရာတော်သည် “မဏိဇောတလင်္ကာရ” ဘွဲ့ရသည်ဟူ၍လည်း ထင်ရှားသည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၃၃ ခုနှစ်တွင် အညာသီဟတောဘုရားအနီး၌ ပျံလွန်တော်မူခဲ့သည်။ [၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ ပေါရာဏကထာဒီပက။ (၁၁၉၇)

၂။ ပေါရာဏမူလ အဘိဓာန်။ (၁၂၀၅)

၃။ ဓမ္မမာလာတရားစာ။ (ပေမူ ၉ တွဲ၊ စာအုပ် ၃ အုပ်၊ စာမျက်နှာ - ၄၇၆) (၁၁၉၉ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်နေ့ပြီး)

၄။ ဘိက္ခုကင်္ခါဝိတရဏီအဋ္ဌကထာနိသျ။ [၁]

မှတ်စု[ပြင်ဆင်ရန်]

  1. ဆရာတော်သည် ရှမ်းအမျိုးအနွယ်ဟုလည်း ဆိုသည်။ ဟင်္သာတမြို့၊ သပြေပင်ဆရာတော်ရေး ဟင်္သာတသမိုင်းတွင် ဖော်ပြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၉၄၊ ၉၅။