ရှင်ပဏ္ဍဝ (ငှက်တွင်းဆရာတော်)

ဝီကီပီးဒီးယား မှ

ငှက်တွင်းဆရာတော် ရှင်ပဏ္ဍဝသည် မင်းတုန်းမင်းလက်ထက်၌ မဟာသတိပဌာန်သုတ်တော်လာ (၃၂)ကောဠာသကမ္မဌာန်းကို ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသခဲ့သည်။ စတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်တွင်း) ဂိုဏ်းကို တည်ထောင်ခဲ့သည့် ရဟန်းတစ်ပါးဖြစ်သည်။ ထို့ပြင် မြဝတီမင်းကြီး ဦးစ၏ မြေးတော်စပ်သည်။

မောင်မြသီးကို ၁၆-ရက်၊ ဇွန်လ၊ ၁၈၃၁-ခုနှစ်တွင် အဖ မြဝတီ ဦးမောင်ကလေးနှင့် အမိ ဒေါ်ခင်ငြိမ်းတို့မှ ဖွားမြင်သည်။ သားသမီး သုံးဦးအနက် အငယ်ဆုံးသားဖြစ်သည်။ ငယ်စဉ်က ဆရာတော် ရှင်ကောဏ္ဍညထံ ပညာဆည်းပူးခဲ့ပြီး အသက် (၁၃)နှစ်အရွယ်၌ ရှင်သာမဏေ ဝတ်ခဲ့သည်။ ဘွဲ့မှာ ရှင်ပဏ္ဍဝဖြစ်သည်။ ၂၉-ရက်၊ ဇွန်လ၊ ၁၈၅၂-ခုနှစ်တွင် ရှင်ပဏ္ဍဝ ရဟန်းဘောင်တက်သည်။ ထို့နောက် သင်္ဂဇာဆရာတော်ထံ၌ ပညာဆည်းပူးပြန်သည်။ ရဟန်း ၁၅-ဝါအရတွင် မင်းတုန်းမင်းထံ ကြွရောက်ကာ တရားဟောခဲ့ရသည်။ နောက် တစ်နှစ်တွင် မင်းဝံတောင်သို့ ကြွရောက်ကာ (၁၅)နှစ် သီတင်းသုံးခဲ့၏။ ထို့နောက် သီပေါမင်း ပါတော်မူချိန်တွင် ကွမ်းခြံကုန်းသို့ ကြွရောက်လာကာ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်လျက် သာသနာတော်ပြန့်ပွားအောင် ဆောင်ရွက်ရင်း ၁၃-ရက်၊ အောက်တိုဘာလ၊ ၁၉၁၁-ခုနှစ်တွင် ပျံလွန်တော်မူသည်။

ပြုစုခဲ့သော ကျမ်းများ[ပြင်ဆင်ရန်]

ငှက်တွင်းဆရာတော် ရှင်ပဏ္ဍဝသည် ရဟန်း(၅)ဝါအရ၌ ကျမ်းတစ်ကျမ်း စတင်ပြုစုကာ ကျမ်းပြုဆရာတော် ဖြစ်လာခဲ့၏။ ဆရာတော်၏ စာပေလက်ရာ ကျမ်းအချို့မှာ -

  1. မင်္ဂလသုတ္တန္တသာသနာ ဝိသောဓနီ (၁၈၅၇)
  2. သာသန သုဒ္ဓိဒီပကကျမ်း
  3. ပရမတ္တဗျူဟာကျမ်း
  4. သာသနလင်္ကာရ မဂ္ဂပကာသနီကျမ်း
  5. ရာဇောဝါဒကျမ်း
  6. ဓမ္မပဒနိဿယသစ်ကျမ်း
  7. လောကစိန္တာကျမ်း
  8. ပိဋကသုံးပုံဖလဲကျမ်း
  9. သာသနာဗျူဟာကျမ်း
  10. ဒိဋ္ဌိဘေဒပကာသနီကျမ်း
  11. ဓမ္မစက္ကပဝတ္ထနနိဿယသစ်ကျမ်း စသည်တို့ ဖြစ်သည်။ ကျမ်းစုစုပေါင်း ၂၀-ကျော်ရှိပြီး အချို့မှာ ပုံနှိပ်ခြင်းမပြုနိုင်မီ ပျက်စီးသွားကြသည်လည်း ရှိ၏။

ငှက်တွင်းဆရာတော်၏ စာများထဲတွင်

ဘုရားပျောက်သော် စိတ်မှာရှာ
တရားပျောက်သော် ကိုယ်မှာရှာ
သံဃာပျောက်သော် ဒါန၊ သီလ၊ ဘာဝနာ သုံးခုပေါင်း၍ ရှာ

စသည့် ဆန်းသစ်သော အယူအဆများစွာကို တွေ့ရှိရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး ရေး၊ ကုန်းဘောင်နွယ် စာပေမျိုးဆက်၊ ၂၀၁၀၊ မေလ၊ စာ-၂၃