ရှင်ပညာသီရိ

ဝီကီပီးဒီးယား မှ

ရှင်ပညာသီရိ (၁၁၉၂ − ၁၂၇၀) သည် "ဝဇီရာရာမဆရာတော်" ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၉၂ နှစ်၊ တော်သလင်းလဆန်း ၂ ရက်နေ့တွင် တပယင်းမြို့၊ ချမ်းသာရွာ သွေးသောက်စုအပါအဝင် ကုန်းသာရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်အခါက ကုန်းသာရွာရှိ ဝါဆိုကျောင်းတိုက် ရှင်ကလျာဏဓဇထံတွင် ပညာများ သင်ကြားခဲ့သည်။ ဆရာတော်သည် အရွယ်ရောက်သည့်အခါ “ရှင်ပညသီရိ” ဟူသည့် ဘွဲ့ဖြင့် သာမဏေပြုခဲ့သည်။ ထို့နောက်တွင် မဟာရုံကျောင်း ရှင်ဝိမလဗုဒ္ဓိထံတွင် ပညာဆက်လက်သင်ကြားခဲ့သည်။

၁၂၀၉ ခုနှစ်တွင် အမရပူရမြို့ မြောက်ဘက်ရှိ ပုဇွန်ချောင်အရပ်၌ ရှင်အဂ္ဂဓမ္မမထေရ်ထံတွင် ပညာများကို ဆက်လက်ဆည်းပူးခဲ့ပြီး ရဟန်းဘောင်သို့ တက်ရောက်ကာ ရှိမ်းမကားရွာတောင်ဘက် သရက်ချောင်တောရတွင် သီတင်းသုံးခဲ့သည်။ ထို့နောက်တွင် ဆရာတော်သည် စဉ့်ကူးမြို့နယ်၊ ခက်သင်ရွာ သိလုံးဆရာတော် ရှင်စန္ဒိမာလင်္ကာရထံတွင် ပညာများ ဆက်လက်ကာ ဆည်းပူးခဲ့သည်။

ထို့နောက်တွင် ဆရာတော်သည် ဇာတိဖြစ်သည့် တပယင်းရွာ၊ ပလိပ်ရွာ၊ ကျောက်အိုးတောရရွာ၊ စစ်ကိုင်းမြို့ရှိ လောကမှန်ကင်းကျောင်း၊ အင်းဝမြို့ရှိ နမောကျောင်းတို့တွင် သီတင်းသုံးတော်မူခဲ့သည်။ ဆရာဖြစ်သည့် ရှင်အဂ္ဂဓမ္မထေရ် (သင်္ဂဇာဆရာတော်) အား မင်းတုန်းမင်းကြီးက အဂ္ဂဓမ္မာလင်္ကာရကဝိဓဇမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော် ကပ်လှူ၍ ရတနာပုံနေပြည်တော်သို့ ပင့်ဆောင်သည့်အခါ အတူလိုက်ပါသွားခဲ့သည်။ ထို့နောက်တွင် သုသီရိမဟာရတနာဒေဝီဘွဲ့ခံ စလေနှင့် တလုပ်မြို့စား စိန်တုန်းမိဖုရားက ၁၂၂၈ ခုနှစ်တွင် မြို့တော်အရှေ့မြောက်ယွန်းရှိ ဝဇီရာမတိုက်၌ မင်္ဂလာရတနာဘုံစံကျောင်းတော်ကြီးကို ပြင်ဆင်ဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။

မင်းတုန်းမင်းကြီးသည် ဆရာတော်အား ပညာသီရိသဒ္ဓမ္မကဝိဓဇမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကို ကပ်လှူခဲ့သည်။ ထိုကျောင်းတိုက်တွင်ပင် ဆရာတော်သည် ၁၅ ဝါပတ်လုံး သီတင်းသုံးခဲ့ပြီးနောက် မင်းကွန်းနံ့သာချောင်တွင် တရာအားထုတ်ခဲ့သည်။ ၁၂၄၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ ကြွတော်မူခဲ့ပြီး ထို့နောက်တွင် သင်္ဂဇာဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရာ မော်လမြိုင်သို့ ကြွတော်မူကာ သီတင်းသုံးခဲ့သည်။

ဆရာတော်သည် မော်လမြိုင်မြို့တွင် ရတနာဘုံမြင့်ကျောင်းတော်ကို အလှူခံကာ ပထမပြန်စာမေးပွဲများိကု စတင်ကာ ကျင်းပခဲ့သည်။ ထို့နောက်တွင် သီဟိုဠ်သို့ ကြွတော်မူခဲ့သည်။ ထို့နောက် ၁၂၅၃ ခုနှစ်တွင် မော်လမြိုင်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၁၂၆၀ ခုနှစ်တွင်တစ်ကြိမ်၊ ၁၂၆၂ ခုနှစ်တွင်တစ်ကြိမ် သီဟိုဠ်သို့ အကြိမ်ကြိမ် ကြွတော်မူခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၇၀ ပြည့်နှစ်၊ တပို့တွဲလဆုတ် ၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

၁။ ဓမ္မဒီပနီ၊

၂။ ဒွတ္တိံသကာယဒီပက။

၃။ ဝေဿန္တရဇာတကာလင်္ကာရကျမ်း၊

၄။ သိဿကောဓါဒကျမ်း၊

၅။ မဟာနာမက္ကာရဗုဒ္ဓဝန္ဒနာကျမ်း၊

၆။ လက္ခဏရသပစ္စုပဋ္ဌာန်ပဒဋ္ဌာန်ဝိနိစ္ဆယဂါထာနိသျ၊

၇။ သုတ်ဝိနည်းအဘိဓမ္မာမာတိကာနိဒါန်း အမေးအဖြေကထာ၊

၈။ အနတ္တလက္ခဏသုတ်ပါဠိတော်နိသျ၊

၉။ ဝိဝဋ္ဋနိဿိတဒါနဝိနိစ္ဆယ၊

၁၀။ ဝိသုံဂါမသီမဝိနိစ္ဆယ၊

၁၁။ ဒသလီလဝိနိစ္ဆယ၊

၁၂။ မာဂမီသန္ဒေသကထာ၊

၁၃။ ဗုဒ္ဓဝန္ဒနာဂါထာပါဌ်နိသျ၊

၁၄။ ဒုဿီလဒါနာဒိဝိနိစ္ဆယ၊

၁၅။ အာဋာနာဋယသုတ်နိသျသစ်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၁၁၊ ၁၁၂၊ ၁၁၃။