ရှင်ဇလွန်စေတီတော်

ဝီကီပီးဒီးယား မှ
ရှင်ဇလွန်စေတီတော်

ရှင်ဇလွန်စေတီတော် သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ရှင်ကိုးရှင်ဘုရားများထဲမှ တစ်ဆူ ဖြစ်၏။ စေတီတော်သည် ရှင်ဓာတ်ဝဲဘုရား အနောက်ဘက်ရှိ မြစ်တစ်ဘက်ခြမ်းတွင် တည်ရှိသည်။[၁]

တည်နေရာနှင့် လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

စေတီတော်သည် ထားဝယ်မြို့မှ (၇) မိုင်ခန့်အကွာ လောင်းလုံမြို့နယ်၊ မြို့ဟောင်းရွာ (ရှေးအခေါ် သာဂရမြို့) တွင် တည်ရှိသည်။ ထားဝယ်မြို့မှ သွားပါက ကမြောကင်းရွာကို ဖြတ်သန်းသွားရသည်။ ကမြောကင်းရွာတွင် ရှင်တောက်ထိန်ဘုရား ကို ဖူးမြော်နိုင်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

ဂေါဝိန္ဒရသေ့[ပြင်ဆင်ရန်]

အချိန်သည် သက္ကရာဇ် (၉၄)၊ အေဒီ (၇၃၂) ခုနှစ်တွင် ဖြစ်သည်။ ဘုမ္မိဒေဝ - နာဂရမြို့ကို တည်ထောင်သည့် ရန်တပိုမင်း (ခေါ်) ဆင်ဖြူရှင် မဟာနရိန္ဒမင်းနှင့် မိဖုရား စုမဒ္ဒီဒေဝီတို့သည် တောကစားထွက်ကြ၏။ ထိုအခါ ရွှေဥဒေါင်းငှက်ကြီးတစ်ကောင်ကို မြင်၏။ မင်းကြီးက ဖမ်းပေးရန်ပြောရာ ယောက်ဖတော်စပ်သူ မုဆိုးမောင်နွားက ဖမ်းပေးရန် တာဝန်ယူခဲ့သည်။ မုဆိုးမောင်နွားလည်း ခြောက်လကြာသည့်တိုင် မဖမ်းနိုင်ဘဲ ရှိ၏။ ထို့နောက် ဒေဝပမ္ပတောင် (ယခု - ရှင်တောင့်ပုံတောင်) တွင် ဂေါဝိန္ဒအမည်ဖြင့် ရသေ့ပြု၏။[၁]

ရှင်ဇံနှင့် ရှင်ဇော မောင်နှမ[ပြင်ဆင်ရန်]

သက္ကရာဇ် (၁၂၄) ခု၊ အေဒီ (၇၆၂) ခန့်တွင် ဂေါဝိန္ဒရသေ့သည် ဆွမ်းခံပြန်လာရာလမ်းတွင် မွေးကင်းစ ကလေးငယ်နှစ်ယောက်ကို တွေ့၏။ ထို့နောက် မွေးစားကာ ယောက်ျားလေးကို ရှင်ဇံ၊ မိန်းကလေးကို ရှင်ဇော ဟု အမည်မှည့်၏။ သက္ကရာဇ် (၁၄၅) ခု၊ တပို့တွဲလဆန်း (၈) ရက်နေ့ နေထန်းဖျားတက်ချိန်တွင် ရှင်အရဟံရဟန္တာမထေရ်သည် ရောက်ရှိလာကာ ဗုဒ္ဓ၏ ဓာတ်‌တော်ကိုတစ်ဆူကို မောင်နှစ်မနှစ်ယောက်ကို ပေး၏။ မောင်နှမနှစ်ယောက်သည် ဓာတ်တော်ကို သူပိုင်ငါပိုင် ငြင်းခုံ၏။ ရသေ့လည်း ထိုအဖြစ်ကို သိလေသော် ရှင်အရဟံနောက်သို့ အမီလိုက်ကာ နောက်ထပ်တစ်ဆူ ချီးမြှင့်ရန် တောင်းပန်၏။ မထေရ်လည်း အဓိဋ္ဌာန်ဖြင့် နောက်ထပ်တစ်ဆူကို ရစေ၏။ ရှင်ဇံသည် မူလဓာတ်တော်ကို ရ၏။ ရှင်ဇောသည် ပွားလိုက်သည့် ဓာတ်တော်ကို ရ၏။[၁]

ရှင်ဇံ ဘုရင်ဖြစ်ခြင်း[ပြင်ဆင်ရန်]

သက္ကရာဇ် (၁၁၃) ခု၊ ခရစ်နှစ် (၇၅၁) တွင် နာဂရပြည့်ရှင် ဆင်ဖြူရှင်မင်း နတ်ရွာစံ၏။ ထို့နောက် သားတော်စပ်သူ သာမန္တမင်းသား နန်းတက်၏။ သာမန္တမင်းသည် စန္ဒာဒေဝီမိဖုရားကြီးနှင့် သားသမီးရတနာ မထွန်းကားပေ ထို့အတွက် ရသေ့ထံခွင့်တောင်းကာ ရှင်ဇောနှင့် ရှင်ဇံ ကို မွေးစား၏။ ကောဇာသက္ကရာဇ် (၁၅၀) ခု၊ ခရစ်နှစ် (၁၈၈) တပို့တွဲလပြည့်ကျော်နေ့တွင် သာမန္တမင်း နတ်ရွာစံသဖြင့် မွေးစားသား ရှင်ဇံသည် သဗ္ဗန်မင်းဟူသော အမည်ဖြင့် ထီးနန်းကို ဆက်ခံ၏။[၁]

စေတီတော် တည်ခြင်း[ပြင်ဆင်ရန်]

သက္ကရာဇ် (၁၅၄) ခု၊ ခရစ်နှစ် (၇၉၂)၊ တပို့တွဲလဆန်း (၅) ရက်နေ့တွင် သီဟိုဠ်နိုင်ငံ (ယခု - သီရိလင်္ကာနိုင်ငံ) မှ သံတမန်များသည် ကောက္ကသန်မင်းကြီးအတွက် မိဖုရားခေါင်တင်မြှောက်ရန်အလို့ငှါ သမီးကညာတောင်းခံရန် သာဂရမြို့သို့ ရောက်လာ၏။ သဗ္ဗန်မင်းသည် အစ်မ၏ ဆန္ဒနှင့်အညီ သီဟိုဠ်သို့ လိုက်ပါရန် ခွင့်ပြု၏။ ရှင်ဇော (နန္ဒာဒေဝီ) သည် မလိုက်ပါမီ ရှင်အရဟံမထေရ်ပေးခဲ့သည့် ဓာတ်ပွားတော်တစ်ဆူ၊ သီဟိုဠ်ဘုရင်၏ ဓမ္မလက်ဆောင်ဖြစ်သော ဗုဒ္ဓ၏ သလွန်တော်၊ အခြားဓာတ်တော်နှစ်ဆူ၊ သတ္တဌာနရုပ်ပွားတော်တို့ကို ဌာပနာကာ စေတီတည်ပေးရန် မောင်တော်နှင့် ဂေါဝိန္ဒရသေ့ကို မှာခဲ့၏။ စေတီတော် တည်ရန်နေရာကို ဘုရားလောင်း ဥဒေါင်းမင်းဘဝက နေထိုင်ကျက်စားခဲ့သည့် သာဂရနေပြည်တော်၏ မြို့ရိုးအတွင်းဘက် အရှေ့ဘက်ခြမ်းရှိ အောင်မြေတောင်ကုန်းနေရာကို ရွေးချယ်ခဲ့သည်။

ရှင်ဇောသည် သက္ကရာဇ် (၁၅၄)၊ ခရစ်နှစ် (၇၉၂)၊ တပေါင်းလပြည့်ကျော် (၃) ရက် စနေနေ့တွင် ရှင်ဇလွန်စေတီတော်ကို အုတ်မြစ်ချကာ သီဟိုသို့ လိုက်ပါသွား၏။ စေတီတော်ကို သဗ္ဗန်မင်း၊ ဂေါဝိန္ဒရသေ့၊ မှူးမတ်များ၊ ပြည်သူများ အတူတကွ ဆက်လက်တည်ခဲ့ရာ သက္ကရာဇ် (၁၅၅)၊ ခရစ်နှစ် (၇၉၃)၊ တပေါင်းလဆန်းတွင် ပြီးစီးခဲ့သည်။ ထီးတော်မင်္ဂလာတင်ပွဲကို ထိုနှစ်၏ တပေါင်းလပြည့်နေ့တွင် ကျင်းပခဲ့သည်။[၁]

အမည်တွင်ပုံ[ပြင်ဆင်ရန်]

ဗုဒ္ဓ၏ သလွန်တော် ဌာပနာသည်ကို အကြောင်းပြုကာ ရှင်သလွန်စေတီတော်ဟု ရှေးယခင်က ခေါ်ဆိုခဲ့သည်။ ထို့နောက် နှစ်များစွာ ကြာမြင့်လာသည့်အခါ ရှင်သလွန် မှတစ်ဆင့် ရှင်ဇလွန် ဟု ပြောင်းလဲကာ ယခုထက်တိုင် ရှင်ဇလွန်စေတီတော် ဟု ခေါ်ဆိုလျက် ရှိ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဇလွန်စေတီတော်ဘုရားကြီး၏ သမိုင်းအကျဉ်းချုပ် - လက်ကမ်းစာစောင်