ရွှေမင်း
ရွှေမင်း (ခ) ဆီဖာလာလူး | |
|---|---|
| လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၁၇ ဒီဇင်ဘာ ၂၀၁၃ – ၁၃ ဇန်နဝါရီ ၂၀၂၃ [၁] | |
| ယခင်လူ | ပါတီတည်ထောင်သူ |
| ဆက်ခံသူ | လီပေါ်ရဲ့ [၂] |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဩဂုတ် ၂၄၊ ၁၉၆၈ အောင်မြေ(၁)ကျေးရွာ၊ ဝိုင်းမော်မြို့နယ် |
| ကွယ်လွန် | မတ် ၇၊ ၂၀၂၄ (အသက် ၅၅) ခါးရှီရွာ အနီး၊ ဝိုင်းမော်မြို့နယ် |
| ကွယ်လွန်ရသည့် အကြောင်းရင်း | တိုက်ပွဲတွင် ကျဆုံးခြင်း |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNUDP) |
| ကြင်ဖော် | သောင်းဝူမီး |
| မိဘ | ဟော်လောဂျီး၊ ငွါးမီး |
| ပညာရေး | (၁၀)တန်း (အောင်) |
| အလုပ်အကိုင် | နိုင်ငံရေးသမား |
| ဆုတံဆိပ်များ | ငြိမ်းချမ်းရေးဖော်ဆောင်သူများ ဆုတံဆိပ်/သီရိပျံချီ |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | ကချင်အထူးဒေသ (၁) (NDAK) |
| တပ်/တပ်ဖွဲ့ခွဲ | ကချင်ဒီမိုကရေစီသစ် တပ်မတော် |
| အမှုထမ်းကာလ | ၁၉၉၁ – ၂၀၀၅ |
| ရာထူး | ဗိုလ်မှူး |
| တပ် | ကချင်အထူးဒေသ (၁) |
| Commands | စစ်ဦးစီးမှူး (ဒုတိယတန်း) G2 |
ဦးရွှေမင်း (ခ) ဆီဖာလာလူး (၂၄ ဩဂုတ် ၁၉၆၈ – ၇ မတ် ၂၀၂၄) သည် လီဆူတိုင်းရင်းသား နိုင်ငံရေးသမားနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်နှင့် ပူးပေါင်းလှုပ်ရှားခဲ့သည့် လီဆူပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ကာ၊ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သူဖြစ်သည်။[၃][၄]
ကိုယ်ရေးအကျဉ်း
[ပြင်ဆင်ရန်]ဦးရွှေမင်းကို ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာ၌ အဖ ဦးဟော်လောဂျီးနှင့် အမိ ဒေါ်ငွါးမီးတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း (၈) ဦးတွင် သတ္တမမြောက် ဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် (၁၀) တန်းအောင်မြင်ခဲ့သည်။
စစ်မှုထမ်းခြင်းနှင့် နိုင်ငံရေးလုပ်ငန်းစဉ်
[ပြင်ဆင်ရန်]၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ နိုင်ငံတော်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တပ်မှူး စခုန်တိန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ (၁) NDAK တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဦးစီးမှူး (ဒုတိယတန်း) G2 ဗိုလ်မှူးအဆင့်အထိ တာဝန်ယူခဲ့သည်။ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလတွင် ၎င်း၏အဖွဲ့နှင့်အတူ နိုင်ငံတော်သို့ လက်နက်နှင့်အတူ ငြိမ်းချမ်းရေးလဲလှယ်၍ ဝင်ရောက်ခဲ့သည်။[၅]
၂၀၁၃ ခုနှစ်တွင် လီဆူလူမှုကူညီရေးအသင်းကို ကိုယ်ပိုင်ငွေကြေးမတည်၍ ဦးစီးတည်ထောင်ခဲ့ပြီး လီဆူလူမျိုးများ၏ လူမှုရေးကိစ္စရပ်များကို ဦးတည်လှုပ်ရှားခဲ့သည်။ ထိုနှစ်မှာပင် လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ (LNUDP) ကို တည်ထောင်ခဲ့သည်။[၆]
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးကောက်တင်မြှောက်ခြင်း မခံခဲ့ရပေ။ နောက်ပိုင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။သို့သော် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲရလဒ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပယ်ဖျက်ခဲ့သည်။[၇] [၈]
၂၀၂၁ နောက်ပိုင်း လှုပ်ရှားမှုနှင့် ဘဝနိဂုံး
[ပြင်ဆင်ရန်]ဦးရွှေမင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထံမှ သီရိပျံချီဘွဲ့ကို ချီးမြှင့်ခံရသူဖြစ်သည်။သူသည် ၂၀၁၆ ခုနှစ် ကတည်းက လီဆူပြည်သူ့စစ် အဖွဲ့ကို တည်ထောင်ထားခဲ့သူလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုဝင်ဘာလ ၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ လီဆူပြည်သူ့စစ်အဖွဲ့ကို ဆက်လက် ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်များနှင့် ပူးပေါင်း၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အား တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည်။ ဦးရွှေမင်းသည် အရင်ကတည်းက KIO ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် လီဆူလူမျိုးများအား တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ စနစ်ဖြင့် လူသစ်စုဆောင်းမှုများကို လုပ်ဆောင်ခဲ့သည်။[၉][၁၀][၁၁]
ထို့အပြင် ၂၀၂၂ ခုနှစ်အတွင်း၌လည်း ဦးရွှေမင်းသည် တနိုင်းမြို့နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသတွင် လီဆူပြည်သူ့စစ်အဖွဲ့ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ပိုင်းတွင် တနိုင်းမြို့နယ်၊ မကောအုပ်စု၊ ဓာတ်ဆီ Camp ကျောင်းကုန်းကျေးရွာ ကားလမ်းမပေါ်၌ ဂိတ်စခန်းဆောက်လုပ်ကာ သွားလာနေသော ပြည်သူများနှင့် ကုန်တင်ကားများကို စစ်ဆေးခြင်း၊ နာမည်စာရင်းကောက်ယူခြင်းများ ပြုလုပ်ခဲ့သည်။[၁၂]တနိုင်းဒေသရှိ အခြားပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးယောဘ (ခီဖာဝူ) နှင့် နေရာလုစိန်မှုများရှိခဲ့ကြသည်။သူသည် ထိုနှစ်ထဲမှာပင် တနိုင်းမြို့နယ် လမုန်ကျေးရွာ (Lamung)ဘက်တွင် ရပ်တည်နိုင်ရေး စိန်ခေါ်မှုများ ကြားမှ ကြိုးပမ်းခဲ့သူလည်းဖြစ်သည်။[၁၃]
၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာအနီး၌ KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဦးရွှေမင်း၏ ပြည်သူ့စစ်စခန်းအား တိုက်ခိုက်စဉ် တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်။ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အဆိုပါတိုက်ပွဲအတွင်း ဦးရွှေမင်း သေဆုံးကြောင်း အတည်ပြုပြောကြားခဲ့သည်။[၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ htetko၊ hlaing (2024-03-08)။ လီဆူပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်းကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့်ကျဆုံး (in en-US)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) [LISU NATIONAL DEVELOPMENT PARTY (L.N.D.P) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု] (in my)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2024-03-07)။ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ဝိုင်းမော်တိုက်ပွဲမှာ သေဆုံး (in my)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်း စီးလာတဲ့ကားကို KIA တိုက်ခိုက်မှုမှာ ဦးရွှေမင်းသေဆုံး (in my)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ ကချင် မျိုးနွယ်စုကြား ရန်သတ်ပွဲ ဖန်တီးပေးတဲ့ စစ်ကောင်စီတပ် (in my)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ပါတီတည်ထောင် ခွင့်ပြု (in en)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ (in my)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ) (in my) (2015-10-20)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ KNG (2026-02-02)။ ဝိုင်းမော်မှာ အခွန်ကောက်သောင်းကျန်းတဲ့ ပြည်သူ့စစ်ဂိတ်နှစ်ခု KIA သိမ်းပိုက် (in en-GB)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2024-01-15)။ လီဆူ ပြည်သူ့စစ်အဖွဲ့က အဓမ္မ စစ်သား စုဆောင်းနေကြောင်း ဒေသခံတွေပြော (in my)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ MPM (2023-11-29)။ “မင်းအောင်လှိုင်အနေနဲ့ စစ်မှုမထမ်းမနေရဆိုတဲ့ လမ်းစဉ်ကို သူကကျင့်သုံးချင်တယ်။ ပြည်သူရဲ့တုံ့ပြန်မှု အဆိုးနဲ့အကောင်း ဘယ်လောက်ဖြစ်လာနိုင်လဲဆိုတာကို သုံးသပ်ချင်တဲ့ အတွက်ကြောင့်မို့ ဦးရွှေမင်းကို အသုံးချပြီးမှ ကျနော်တို့လီဆူတွေကို အစမ်းသပ်ခံအနေနဲ့ ဒီကိစ္စ စတင်လိုက်တယ်လို့ မြင်သလို တနည်းအားဖြင့် လီဆူလူမျိုးတစ်မျိုးလုံးကို အထင်သေးပြီးမှ လုပ်လိုက်တဲ့လုပ်ရပ်ဖြစ်တယ်” ဦးအာတီယောဟန်- လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း » Myanmar Peace Monitor (in my-MM)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ KNG (2022-11-25)။ ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက် (in en-GB)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ KNG (2022-11-10)။ တနိုင်း လမုန်ကျေးရွာတွင် ပြည်သူ့စစ်ဖြစ် ရပ်တည်နိုင်ရေး ဦးရွှေမင်းအဖွဲ့များ ကြိုးပမ်းနေ (in en-GB)။ 2026-07-03 တွင် ပြန်စစ်ပြီး။
- ↑ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း စီးလာသည့်ကားကို KIA က ကြားဖြတ်တိုက်ခိုက်ရာ ဦးရွှေမင်း အပါအဝင် သုံးဦးသေဆုံး (in my)။ 2026-07-03 တွင် ပြန်စစ်ပြီး။