ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲ
| ||||||||||||||||||||||||||||||||||
ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုဖြစ်သည်။ အဆိုပါတိုက်ပွဲသည် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။[၁][၂]
တိုက်ပွဲကာလအတွင်း ရွှေပြည်အေးမြို့အား ပူးပေါင်းတပ်ဖွဲ့များက အကြိမ်ကြိမ် အပြန်အလှန် ထိန်းချုပ်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့များက မြို့ကို ပထမအကြိမ် စတင်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်တပ်စွဲခဲ့သည့်အတွက် ပူးပေါင်းတပ်ဖွဲ့များမှာ ခေတ္တတပ်ဆုတ်ပေးခဲ့ရသည်။ ထို့နောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့သည့်အတွက် ရွှေပြည်အေးမြို့အား နောက်ဆုံးအကြိမ်အဖြစ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။[၃]
နောက်ခံအကြောင်းအရင်း
[ပြင်ဆင်ရန်]ရွှေပြည်အေးမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အစပ်တွင် တည်ရှိပြီး ဖားကန့်မြို့နယ် နှင့် ထိစပ်နေသည့်အပြင် မိုးညှင်းမြို့နယ် နှင့်လည်း နယ်မြေချင်း ဆက်စပ်နေသော ဒေသတစ်ခု ဖြစ်သည်။ ဤတည်နေရာအရ ရွှေပြည်အေးမြို့သည် စစ်ရေးအရ အချက်အချာကျပြီး တပ်မတော် အတွက် အရေးပါသည့် ထောက်ပံ့ရေးလမ်းကြောင်းများ တည်ရှိရာ မြို့တစ်မြို့လည်း ဖြစ်သည်။ထို့အပြင် ခြေမြန်နှင့် ခြေလျင်တပ်ရင်းများရှိရာ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့အကြားတွင် လည်းတည်ရှိသည်။[၄]
ရွှေပြည်အေးမြို့ကို နအဖစစ်အစိုးရလက်ထက် တွင် ဦးသာအေးက စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်အရ ရပ်ကွက် ၁၁ ခုနှင့် အိမ်ခြေ ၄၈၀ နီးပါးရှိပြီး လူဦးရေ ၂၅၀၀ ကျော် နေထိုင်သည့် မြို့ ဖြစ်သည်။ အဆိုပါမြို့ကို ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေလွှမ်းမိုးမည့်ဒေသမှ ပြောင်းရွှေ့လာသော ပြည်သူများအတွက် ရည်ရွယ်၍ နေရာချထားပေးသည့် မြို့တစ်မြို့အဖြစ် သတ်မှတ်ခဲ့သည်။[၅] ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ရာ၊ အဆိုပါ ဒေသသည်လည်း စစ်ရေးဗျူဟာအရ အရေးပါလာပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက စစ်တပ်၏ တပ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။အဆိုပါတိုက်ပွဲများသည် ဟုမ္မလင်းခရိုင်အတွင်းရှိ နယ်မြေထိန်းချုပ်ရေးအတွက် ဗျူဟာမြောက် အရေးပါသော တိုက်ပွဲများအဖြစ် သတ်မှတ်နိုင်သည်။ထို့ပြင် အဆိုပါဒေသသည် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)လှုပ်ရှားရာဒေသတစ်ခုလည်း ဖြစ်ပြီး၊ ရွှေပြည်အေးမြို့အနီး ချင်းတွင်းမြစ်ဘေးရှိ ရွာများသည် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ ၈၉၁ တပ်ရင်း ထိန်းချုပ်နယ်မြေများထဲ ပါဝင်သည်။[၆]
ရွှေပြည်အေးမြို့သစ်တွင် စစ်တပ်၏ ကင်းစခန်းငါးခုရှိပြီး ထိုထဲ ချင်းတွင်းမြစ်ကမ်းဘေး ကုန်းမြင့်ပေါ်ရှိ ရဲကင်းတစ်ခုလည်း အပါအဝင်ဖြစ်သည်။ထိုမြစ်ကမ်းနဖူးရှိ ကင်းစခန်းတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အပါအဝင် စစ်တပ်နှင့်အတူ ပြည်သူ့စစ် လက်နက်ကိုင် အင်အား ၆၀ ခန့် နေရာယူထားကြသည်။ထို့အပြင် ဟုမ္မလင်းမြို့တွင် အမှတ် ၂၂၂ ခြေလျင်တပ်ရင်း၊ ခမရ ၃၆၉ နှင့် ခမရ ၃၇၀ တို့ရှိပြီး ဖောင်းပြင် တွင်လည်း ခမရ ၃၆၇ နှင့် ခမရ ၃၆၈ တို့ အခြေစိုက်သည်။[၇]
တိုက်ပွဲဖြစ်စဉ်
[ပြင်ဆင်ရန်]ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲသည် တိုက်ပွဲကာလအတွင်း အပြန်အလှန် ထိန်းချုပ်မှုများစွာ ဖြစ်ပွားခဲ့သည့် ဗျူဟာမြောက် စစ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ပထမဆုံးအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ခန္တီးခရိုင် အမှတ် (၁) PDF တပ်ရင်းနှင့် ဟုမ္မလင်းအခြေစိုက် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် HPDF၊ HPDF-124 နှင့် HPDF (မိုးကြိုး) တို့ ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက ရွှေပြည်အေးမြို့သစ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ နေရာယူထားသည့် စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တော်လှန်ရေးအင်အားစုများသည် မြို့ကို (၃) ရက်ကြာ စီးနင်းထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်တပ်၏ ပြန်လည်တိုက်ခိုက်မှု စစ်ရေးအခြေအနေအရ ပြန်လည်ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀၀) နီးပါးက မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်။[၈]
ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ရွှေပြည်အေးမြို့ကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ပြန်သည်။[၉] အဆိုပါအကြိမ်တွင်လည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၌ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်တပ်စွဲခဲ့သည့်အတွက် ပူးပေါင်းတပ်ဖွဲ့များမှာ ခေတ္တတပ်ဆုတ်ပေးခဲ့ရခြင်းဖြစ်သည်။ ဤသို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နောက်ဆုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တန်ပြန်တိုက်စစ်ဆင်ခဲ့ရာမှ ရွှေပြည်အေးမြို့ကို တတိယအကြိမ်မြောက်အဖြစ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။[၁၀][၁၁][၁၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဧရာဝတီ (2023-02-07)။ တိုက်ပွဲကြောင့် ရွှေပြည်အေး မြို့လုံးကျွတ် ထွက်ပြေး (in en-US)။ 2026-05-27 တွင် ပြန်စစ်ပြီး။
- ↑ Myanmar၊ Now (2023-12-01)။ ရွှေပြည်အေးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဘယ်လို တိုက်ခိုက်၊ သိမ်းပိုက်ခဲ့သလဲ (in en-US)။ 23 January 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-27 တွင် ပြန်စစ်ပြီး။
- ↑ ကောလင်း၊ ခမ်းပတ်နဲ့ ရွှေပြည်အေး မြို့တွေထဲက တချို့ကို စစ်ကောင်စီ ပြန်ထိုးစစ်ဆင် (in my) (2023-12-08)။ 2026-05-27 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2023-02-02)။ စစ်ကိုင်းတိုင်းက ရွှေပြည်အေးမြို့ကို PDF နဲ့ မဟာမိတ်အဖွဲ့တွေ သိမ်းပိုက် (in my)။ 2026-05-27 တွင် ပြန်စစ်ပြီး။
- ↑ htetko၊ hlaing (2023-11-29)။ ရွှေပြည်အေးမြို့တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ NUG ကြေညာ (in en-US)။ 2026-05-27 တွင် ပြန်စစ်ပြီး။
- ↑ ဧရာဝတီ (2022-07-07)။ စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ စစ်ရေး ပူးပေါင်းလှုပ်ရှားနေဟုဆို (in en-US)။ 2026-05-27 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Now (2023-02-03)။ ချင်းတွင်းမြစ်အထက်ပိုင်းရှိ ရွှေပြည်အေးမြို့သစ်ကို PDF များ ဆက်သိမ်းထား (in en-US)။ 2026-05-27 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Now (2023-02-05)။ ဟုမ္မလင်း၊ ရွှေပြည်အေးကို သိမ်းပြီး သုံးရက်အကြာတွင် PDF တပ်ပြန်ဆုတ် (in en-US)။ 23 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-27 တွင် ပြန်စစ်ပြီး။
- ↑ Agency၊ Yangon Khit Thit News (2023-11-28)။ ရွှေပြည်အေးမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၈ ဦး ဖမ်းဆီးရမိပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ (in en-US)။ 2026-05-27 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ KNG (2024-01-31)။ ရွှေပြည်အေးမြို့ကိုပြန်ရဖို့ စစ်ကောင်စီ နဲ့ SNA ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေ (in en-GB)။ 2026-05-27 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်းတိုင်း၊ ရွှေပြည်အေးမြို့ကို သိမ်းပိုက်လိုက်ပြီလို့ ကာကွယ်ရေးအဖွဲ့ပြော (in my) (2023-11-30)။ 2026-05-27 တွင် ပြန်စစ်ပြီး။
- ↑ MPM (2024-02-21)။ KIA နှင့် PDF တပ်များကသိမ်းပိုက်ထားသည့် မြို့ ၂ မြို့ကို စစ်ကောင်စီတပ် ပြန်ရယူဖို့ကြိုးပမ်းနေ » Myanmar Peace Monitor (in my-MM)။ 2026-05-27 တွင် ပြန်စစ်ပြီး။