ရွှေဓား၊ စာရေးဆရာ

ဝီကီပီးဒီးယား မှ
(ရွှေဓား မှ ပြန်ညွှန်းထားသည်)

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


ရွှေဓား [၁၉၂၃ - ၁၉၆၁][ပြင်ဆင်ရန်]

သထုံ ခရိုင် ပေါင်မြို့ ကျွဲခြံရွာ ဇာတိ ဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် မွေးဖွားပြီး အမည်ရင်းမှာ ဦးထွန်းရီ ဖြစ်သည်။


ငယ်စဉ်ကပင် မိဘ နှစ်ပါး ကွယ်လွန် ခဲ့သည်။ ထို့ကြောင့် ကိုယ်ထူး ကိုယ်ချွန် ဘဝဖြင့် ဆယ်တန်း စာမေးပွဲကို ဝင်ရောက် ဖြေဆို ခဲ့ရသည်။ လယ်ယာ လုပ်ခွင် ဝင်ခဲ့ ရသည်။ နယ်သတင်းထောက် လုပ်ခဲ့ ရသည်။ ဒုတိယ ကမ္ဘာစစ် အတွင်း မော်လမြိုင် ခရိုင် မုဒုံမြို့သို့ ပြောင်းရွှေ့ နေထိုင် ခဲ့သည်။ မုဒုံမြို့ တွင်ပင် ဖက်ဆစ် တော်လှန်ရေး လုပ်ငန်း များကို လျှို့ဝှက် ဆောက်ရွက် ခဲ့သည်။ ထို့ကြောင့် ဟင်္သာကျွန်း၊ ဘီလူးကျွန်း မြို့ဘက်သို့ တိမ်းရှောင် ပုန်းအောင်း နေခဲ့ ရသည်။


ဒုတိယ ကမ္ဘာစစ် ပြီးသော အခါ ရန်ကုန်မြို့သို့ ရောက်ရှိ ခဲ့သည်။ မြန်မာ နိုင်ငံ စာရေးဆရာ အသင်းတွင် စာရေး အဖြစ် ဝင်ရောက် လုပ်ကိုင်ရင်း တဖက် ကလည်း ပန်းချီ ဆွဲသည်။ စာရေးသည်။ ပြဇာတ် ပညာ လေ့လာသည်။ ပြဇာတ် လောကတွင် ကျင်လည်သည်။ ထို့နောက် သတင်းစုံ ဂျာနယ်၊ ပြည်တော်သစ် ဂျာနယ်၊ လင်းယုန် ဂျာနယ်နှင့် လင်းယုန် သတင်းစာ တို့တွင် အယ်ဒီတာ အဖြစ် လုပ်ကိုင် ခဲ့သည်။ ကိုယ်ပိုင် ထုတ်ဝေရေး လုပ်ငန်း "စံပယ် ဖြန့်ချိရေး" ကို ထူထောင် ခဲ့သည်။ ပုဒ်မ ၅ နှင့် ဖမ်းဆီးပြီး ထောင်ထဲတွင် ၂ နှစ်ကျော် နေခဲ့ ရသည်။ မြန်မာ နိုင်ငံ စာရေး ဆရာ အသင်းတွင် (၈) ကြိမ်မြောက် စာဆိုတော်နေ့ အဖြစ် ကပြသည့် မြဝတီ ပြဇာတ်တွင် ပါဝင် ခဲ့သည်။


မြန်မာပြည် စာအုပ်တိုက်၊ ကိုတင်အောင် - မစန်း စာပေ ထုတ်ဝေရေးတိုက် စသည် တို့မှ သစ္စာပန်းလည်း လန်းပါစေ၊ ကွ္ဆန်တော် ချစ်ခဲ့သော ညတည၊ ချစ်သော ချစ်သူ၊ ချစ်ခြင်း သည်သာလျှင်၊ မမချစ်၊ မေတ္တာမိုးသို့ စွေသည့် အခါ၊ အလှကလေး မီမီ အစ ရှိသည့် ပြားခြောက်ဆယ်တန် ဝတ္ထုများကို တလလျှင် တအုပ် မှသည် နှစ်အုပ်ထိ ရေးသား ထုတ်ဝေ ခဲ့သည်။ ထင်ရှားသည့် လုံးချင်း ဝတ္ထု များမှာ ချစ်ဝင်္ကပါ (၁၉၄၈)၊ မြလွှာရုံတေး (၁၉၅၄)၊ ခင်ဥမ္မာ (၁၉၅၆)နှင့် တောင်ပံနီ ကျော်ဦး (၁၉၅၆) တို့ ဖြစ်ကြသည်။ "'ခင်ဥမ္မာ' သည် သွက်လက် ဆွဲဆောင်ခြင်းလည်း ရှိသည်။ ဦးတည်ချက်လည်း မှန်ကန် ကောင်းမွန်သည်။ ရွှေဓား၏ ဝတ္ထု များတွင် အသွက် လက်ဆုံးနှင့် အလှပဆုံး ဝတ္ထု တပုဒ် ပြောနိုင်သည်" ဟူ၍ မလိခက မှတ်ချက် ပေးသည်။


ရွှေဓားသည် ပထမ အိမ်ထောင်နှင့် ကွဲပြီး သည့်နောက် နောက်အိမ်ထောင် ထပ်ပြုသည်။ ၁၉၆၁ ခုနှစ် ဇူလိုင် ၁၇ ရက် တနင်္ဂနွေနေ့ အဝင် ည ၁၂ နာရီ ၃၅ မိနစ် အချိန်၌ ရန်ကုန်မြို့ မြင်းပွဲ အသင်း ဆေးရုံတွင် အဆုတ် ရေဝင် ရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဒုတိယ ဇနီးသည်နှင့် ကလေး နှစ်ယောက် ကျန်ရစ် ခဲ့သည်။


ကွယ်လွန်ပြီးနောက် "ရွှေဓားကား အောင်မြင်သော စာရေး ဆရာ တယောက်ပင် ဖြစ်သည် ...။ ဝတ္ထုပေါင်း များစွာ ရေးခဲ့သူ ဖြစ်သည်။ ဝတ္ထုတိုလည်း ထက်ထက်မြက်မြက် ရေးနိုင်၏။ ဝတ္ထုရှည် များလည်း ရေးခဲ့၏။ နာမည် အမျိုးမျိုး ဖြင့်လည်း ရေးခဲ့၏။ အယ်ဒီတာကောင်း တယောက်လည်း ဖြစ်သည်" ဟု လေးမြင့်က တ သခဲ့သည်။


စာညွှန်း ။ ။[ပြင်ဆင်ရန်]

  1. မလိခ။ မြန်မာဝတ္ထု အညွှန်း (၁)။ စာ ၁၅၉ - ၁၆၈။
  2. သဝဏ်လွှာ၊ ရှုမဝ (ဩဂုတ် ၁၉၆၁)။ စာ ၉၁။
  3. ခင်မောင်ရီ။ သူတို့ နှစ်ယောက်၊ သွေးသောက် (အောက်တိုဘာ ၁၉၆၁)။ စာ ၁၂၈ - ၁၃ဝ။
  4. တင့်ဆန်း။ သူတို့ မရှိတော့ပြီ၊ ငွေတာရီ (မတ် ၁၉၆၃)။ စာ ၅၇ - ၅၉။
  5. အနုပညာရှင်များ ဘဝမှတ်တမ်း၊ ငွေတာရီ (နိုဝင်ဘာ ၁၉၆၆)။ စာ ၂၅၆။
  6. လေးမြင့်။ လွမ်းရသော စာရေး ဆရာများ၊ ငွေတာရီ (အောက်တိုဘာ ၁၉၆၇)။ စာ ၆၆ - ၆၇။]